ဒေဝီ
အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတဦး အလှအပရေးရာဆေးခန်းတစ်ခုမှာ Liposuction လို့ ခေါ်တဲ့ ခန္ဓာကိုယ်အဆီစုပ်ထုတ်တဲ့ ခွဲစိတ်မှုပြုလုပ်ရင်း သေဆုံးခဲ့ပြီး အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီအမျိုးသမီးဟာ အလှအပ ဆေးခန်းတစ်ခုမှာ ခန္ဓာကိုယ်အဆီစုပ်ထုတ်တဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ သွားခဲ့ရာကပျောက်ဆုံးနေခဲ့ပြီး တပတ်အကြာမှာ အလောင်းကို ဒဂုံဆိပ်ကမ်းမြို့နယ်တနေရာမှာ ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးလေးဟာ ခန္ဓာကိုယ်အဆီစုပ်ထုတ်ရင်း သေဆုံးသွားရတာလို့ ယူဆရတဲ့အတွက် ဒီဖြစ်ရပ်ဟာ ကိုယ်ခန္ဓာလှပဖို့ ခွဲစိတ်ပြုပြင်လိုသူတွေအတွက် သတိပေးခေါင်းလောင်းသံလည်း ဖြစ်လာပါတယ်။

ခန္ဓာကိုယ်အဆီစုပ်ထုတ်ခြင်းအပြင် မျက်ရစ်ခွဲစိတ်တာ၊ နှာခေါင်း၊ နှုတ်ခမ်းအစိတ်အပိုင်းခွဲစိတ်ပြုပြင်တာ၊ ရင်နဲ့ တင်သား ဆီလီကွန်ထည့်တာ စသဖြင့် အလှအပအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်တာတွေဟာ အမျိုးသမီးတွေ ကြားမှာ ခေတ်စားလာတာကြာပါပြီ။
အထူးသဖြင့် ပိန်ပိန်သွယ်သွယ်၊ ချပ်ချပ်ရပ်ရပ် ဖြစ်စေဖို့ အစားရှောင်စရာမလို၊ လေ့ကျင့်ခန်း ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်က အဆီစုနေတဲ့နေရာတွေကို စုပ်ထုတ်ရုံနဲ့ အဆီကျပြီး သွယ်လျလာတယ်ဆိုတာကြောင့် အမျိုးသမီးကြီးငယ် မရွေး ဒီလိုခွဲစိတ်ပြုပြင်မှုကို စိတ်ဝင်စားလာကြတာလည်းဖြစ်ပါတယ်။
အလှအပဆေးခန်းတွေကလည်း မော်ဒယ်၊ မင်းသမီးတွေ ကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာကြသလို အလှအပ ကြိုက်တဲ့သူတွေက စိတ်ဝင်တစား လိုက်ပါလုပ်ဆောင်ကြပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ ဘယ်သူမှ ဂရုမပြုမိကြ ဘူးလို့ ကျန်းမာရေးနယ်ပယ်က တာဝန်ရှိသူတွေက ဆိုပါတယ်။
“ Liposuction (အဆီစုပ်ထုတ်ခြင်း) ဆိုတာအရမ်းဝပြီး တော်ရုံဝိတ်ကျဖို့ ခက်တဲ့သူတွေပဲ လုပ်ဖို့သင့်တာ၊ ဒီမှာ အများစုက အဆီထုတ်တယ်ဆိုတာကို ပေါ့ပေါ့လေးပဲတွေးပြီး လိုက်လုပ်ကြတာ၊ တချို့ဆေးခန်းတွေမှာတောင် အန္တရာယ်များလို့ မလုပ် ပေးကြဘူး”လို့ အရေပြားအထူးကုဆရာဝန်တဦးကပြောပါတယ်။
ခန္ဓာကိုယ်အဆီထုတ်မှုက အန္တရာယ်များပြီး နိုင်ငံကြီးအချို့မှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေကိုယ်တိုင် လုပ်ဆောင်ရာမှာတောင် အခန့်မသင့်ရင် အသက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။

Liposuction (အဆီစုပ်ထုတ်ခြင်း) က ဝမ်းဗိုက်၊ ပေါင်၊ လက်မောင်းစတဲ့ ခန္ဓာကိုယ်အရေပြားအောက်က အဆီတွေကို ဖယ်ထုတ်ပြီး ခန္ဓာကိုယ်သွယ်လျဖို့ လုပ်ဆောင်တဲ့ ပလတ်စတစ်ဆာဂျရီတခုဖြစ်ပါတယ်။ ဒီနည်းလမ်းက အခြားပလတ်စတစ် ဆာဂျရီ နည်းလမ်းတွေလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ အရေပြားအထူးကုက ဆက်ပြောပါတယ်။
အဓိကအားဖြင့် ခွဲစိတ်မှုအသေးစားလို မေ့ဆေး၊ ခါးရိုးထုံဆေးတွေ အသုံးပြုရတဲ့အတွက်ကြောင့် ဆေးဝါးဓာတ်မတည့် တာမျိုး တွေ့ကြုံနိုင်သလို၊ သွေးထွက်လွန်တာ၊ သွေးကြောတွင်းမှာ သွေးခဲပိတ်ဆို့တာ၊ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်မိတာ၊ သွေးခဲ၊ အဆီခဲတွေ အဆုတ်မှာပိတ်ဆို့ပြီး သေဆုံးတဲ့အထိဖြစ်တာတွေ ကြုံရနိုင်တဲ့အတွက် သတိပြုသင့်တယ်လို့ ဆိုပါ တယ်။
“အခုသေဆုံးသွားတဲ့တယောက်ဆိုလည်း မေ့ဆေးကြောင့်လား၊ ဆာဂျရီလုပ်နေတုန်း သွေးခဲပြီးအဆုတ်မှာ ပိတ်ဆို့လို့လား တခုခုကြောင့်ပဲ၊ အသေးစိတ်ကတော့ အလောင်းစစ်ဆေးမှ သိနိုင်မယ်”လို့ သူကပြောပါတယ်၊
တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့ အခုလို နိုင်ငံရေးအခြေအနေတွေအောက်မှာ အလှအပပြုပြင်ရေးဆေးခန်းတွေ အများအပြား ပေါ်ပေါက်လာပေမယ့် ဒါတွေကို စိစစ်ကြီးကြပ်တွေ ပြုလုပ်ဖို့ ပျက်ကွက်နေတယ်လို့ ကျန်းမာရေးနယ်ပယ်က ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အခုလို အလှအပအတွက် ခွဲစိပ်ရင်း လူသေဆုံးမှု၊ အလောင်းဖျောက်ဖျက်မှုဖြစ်ပေါ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်သွားပေမယ့် အဆိုပါအလှအပဆေးခန်းရဲ့ပိုင်ရှင်မှာ ထွက်ပြေးနေဆဲဖြစ်ပြီး တရားဥပဒေအရ ဆက်လက်လုပ် ဆောင်ထားမှု နောက်ဆက်တွဲအခြေအနေတွေကိုလည်း မသိရှိကြဘူးလို့ ဆိုပါတယ်။
အဆီထုတ်တာကစလို့ ပလတ်စတစ်ဆာဂျရီ နည်းလမ်းတွေအားလုံးက အန္တရာယ်ရှိတဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် ပြုလုပ်လိုတဲ့ သူကို အကျိုးရလဒ်နဲ့ အကျိုးဆက်တွေအပေါ် သေချာနားလည်သဘောပေါက်အောင် အရင်ရှင်းပြသင့်တယ်လို့ ပြည်သူ့ ကျန်းမာရေး ဆရာဝန်တဦးကလည်းပြောပါတယ်။
သူကလက်ရှိမှာ အလှအပရေးရာဆေးခန်းတွေကို သေချာမစီစစ်ဘဲ ဖွင့်ခွင့်ပေးတာ၊ ဦးဆောင်လုပ်ကိုင်သူ အချို့ကလည်း ကျွမ်းကျင်မှုထက် ပြည်ပမှာ ရေတိုသင်တန်းတွေတက်ပြီး ကြော်ငြာအားကောင်းကောင်းနဲ့ ဖွင့်လှစ်နေတာ၊ ပညာရှင် အမည်ခံ ပြီး ဖွင့်လှစ်နေတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“တချို့တွေဆို ကိုရီးယားမှာ၊ ထိုင်းမှာ သင်တန်းသွားယူလာတယ်။ သုံးလ၊ တလ၊ နှစ်လ အဲဒီလိုမျိုးပေါ့၊ ပြီးရင် ဆေးခန်းတွေကို အကြီးကြီးတွေဖွင့်၊ ကြော်ငြာအားကောင်းကောင်းနဲ့ လုပ်တာပေါ့၊ အဲဒီမှာ ကျနော်တို့က ဘယ်ဟာကို လက်ခံမှာလဲ၊ ဘယ် လိုဆိုရင် စိတ်ချရမလဲ၊ ဘယ်လိုလူမျိုးက လုပ်သင့်သလဲဆိုတဲ့ စံနှုန်းပေါ်လစီတရပ်က မရှိနေဘူး”လို့ သူကဆိုပါတယ်။

ထို့အပြင် အလှအပရေးရာပြုပြင်တဲ့ ဆေးခန်းတွေမှာ ဘယ်လိုစံနှုန်းနဲ့ လုပ်ဆောင်နေသလဲ၊ ဘယ်လိုအရည်အချင်း သတ်မှတ် ချက်တွေနဲ့ လုပ်ဆောင်ဖို့ ခွင့်ပြုနေသလဲ၊ သတ်မှတ်စံနှုန်းအတိုင်း လုပ်ဆောင်မှုရှိမရှိ ဘယ်သူတွေက ကြီးကြပ်စစ်ဆေးနေလဲ ဆိုတာတွေက မေးခွန်းတွေဖြစ်နေပါတယ်။
“အဓိက ပြဿနာက တကယ် တတ်သိနားလည်တဲ့သူ နည်းကြတယ်။ အဲဒီတော့ အပေါ်ယံကြည့်ရင် ဒါလေးဘာခက်တာမို့လို့ လဲဆိုပြီး ကောင်းကောင်းသင်ယူမထားပဲ ဝင်လုပ်နေတာတွေရှိတယ်။ တခြားသူတွေ လုပ်တာကြည့်လိုက်တယ်၊ စက်ကလေး မှာလိုက်တယ်။ ရှိတဲ့စက်နဲ့လုပ်တော့ ဘေးထွက်ဆိုးကျိုးတွေများတယ်” လို့ အဲဒီပြည်သူ့ကျန်းမာရေးဆရာဝန်က ဆက်ပြောပါတယ်။
ဒီလို ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်တဲ့ နည်းလမ်းတွေမှာ တချို့ကတကြိမ်တခါတည်းနဲ့မပြီးဘဲ အချိန်ကာလတခုအကြာမှာ ထပ်မံ လုပ်ဆောင်ရတာမျိုးရှိပြီး အဆီစုပ်ထုတ်တဲ့နည်းလမ်းကလည်း ပြုလုပ်ပြီးနောက်ပိုင်းမှာ အစားအသောက်နဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ထိန်းသိမ်းမှ ချပ်ရပ်တဲ့ခန္ဓာကိုယ်ကို ရရှိစေတာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အဆီတွေပြန်စုပြီး လျော့တွဲတွဲ ခန္ဓာကိုယ်ပြန်ဖြစ်မှာ ဖြစ်လို့ ဒါတွေကိုလည်း အထူးသတိပြုဖို့ လိုပါမယ်လို့ ဆိုပါတယ်။
“ပလတ်စတစ်ဆာဂျရီနည်းနဲ့ လုပ်လို့ ရေရှည်ခံတယ်ဆိုတာရှားပါတယ်။ အချိန်ကာလတခုကြာလာရင် ထပ်ခါထပ်ခါ ပြန်လုပ် နေရတာ၊ ပြင်ရင်းပြင်ရင်းနဲ့ တဖြည်းဖြည်းနဲ့ ကိုယ်မူလပထမရှိချင်တဲ့ ရုပ်ကတမျိုး၊ ပြင်ရင်းနဲ့ ရုပ်သွင်ပြင်လက္ခဏာပုံပျက် သွားတာမျိုး၊ ဒီလိုမျိုးတွေလည်းအများကြီးရှိတယ်”လို့ သူက ပြောပါတယ်။
ရုပ်ရည်သွင်ပြင်လှပမှုနဲ့ ပတ်သက်လို့ အမျိုးမျိုးသော ခွဲစိတ်မှုပြုပြင်မှု နည်းလမ်းတွေထက် အများစုက ပိန်သွယ်ဖို့ ဝိတ်ကျဖို့ ဦးစားပေးလုပ်ဆောင်ကြပြီး တံဆိပ်မျိုးစုံ အဆီကျဆေးတွေ သုံးစွဲကြတာကစလို့ အဆီစုပ်ထုတ်တဲ့နည်းလမ်းတွေကို လုပ် လာကြတာ များပေမယ့် နောက်ဆက်တွဲ ကြုံရမယ့်ဆိုးကျိုးကိုတော့ ဘယ်သူမှ အရေးတယူ ပြောဆိုတာမျိုးမရှိဘူးလို့ အသက် ၃၀ အရွယ် မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မွန်မွန်က ဆိုပါတယ်။
“လှချင်တယ်ဆိုတာတော့ အပြစ်မဟုတ်ပါဘူး။ လှပဖို့အတွက် နည်းမှန်လမ်းမှန်ဖြစ်ဖို့ လိုတာပါလို့ “မွန်မွန်ကပြောပါတယ်။
စိတ်ချရတဲ့ အလှအပဆေးခန်းတွေထက် စျေးသက်သာပြီး လူမှုကွန်ယက်မှာ ကြော်ငြာအားကောင်းတဲ့ အလှအပ ပြုပြင်ရေး ဆေးခန်းတွေ အများကြီးပေါ်ပေါက်လာပြီး ဒါတွေကတရားဝင်ရဲ့လားဆိုတာ စစ်ဆေးအရေးယူမှုတွေလည်း မရှိတဲ့အခါ ပြုလုပ်သူတွေက အသက်အန္တရာယ် ထိခိုက်တာတွေ ကြုံလာရတယ်လို့ သူကဆိုပါတယ်။
“မင်းသမီးတွေ၊ အောင်မြင်ကျော်ကြားသူတွေကတော့ ဈေးကြီးပြီး စိတ်ချရတဲ့နေရာတွေကို ရှာရွေးပြီး လုပ်ကြတော့ ကိစ္စမရှိပေမယ့် သာမန်လူတွေက ကိုယ့်ရှိတာလေးနဲ့ လုပ်ရတာဆိုတော့ အများကြီး လိုက်မကြည့်ဖြစ်တော့ဘူး။ ဈေးသက်သာတာကိုပဲ ကြည့်ကြတော့ အန္တရာယ်နဲ့ ကြုံတွေ့ရရော”လို့ သူကဆက်ပြောပါတယ်။
အဲဒီအတွက် တာဝန်ယူမှုမရှိတဲ့ အလှအပပြုပြင်ရေးတွေ၊ အမည်ခံအလှအပဆေးခန်းတွေကို စစ်ဆေးအရေးယူဖို့ လိုသလို ဒီဆေးခန်းတွေကို ကြော်ငြာပေးတဲ့သူတွေ၊ ဒီနည်းလမ်းတွေ လုပ်ဆောင်ဖို့ နည်းပေးလမ်းပြလုပ်သူတွေလည်း အကျိုးအပြစ် အတွက် တာဝန်ယူသင့်တယ်လို့ သူကဆိုပါတယ်။
ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ မျိုးရိုးဗီဇနဲ့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် တယောက်နဲ့တယောက် ခန္ဓာကိုယ်ပိန် ခြင်း၊ ဝခြင်း ကွာခြားသလို အသက်အရွယ်နဲ့ အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေကြောင့်လည်း ပုံမှန်အလေးချိန်ကို ကျော်လွန်ကာ အဆီစု အဝလွန်တာမျိုးတွေရှိပါတယ်။

အမျိုးသမီးတဦးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိန်ရင်ဖြစ်ဖြစ် ဝရင်ဖြစ်ဖြစ် နီးစပ်တဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ ဆွေမျိုး မိတ်ဆွေအသိုင်းအဝိုင်းတွေကအစ ဝေဖန်ကဲ့ရဲ့တာတွေ ကြုံလာရတဲ့အခါ အဲဒီအမျိုးသမီးမှာ ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စိတ်မလုံခြုံမှုတွေကို ခံစားလာရတော့တယ်လို့ ဆရာဝန်တစ်ဦးလည်းဖြစ် အမျိုးသမီး ခွန်အားပေးစာပေတွေ ရေးသားနေသူ လည်းဖြစ်တဲ့ ဆရာမမာဦးကပြောပါတယ်။
အလှတရားကို ဘောင်ခတ်ထားတဲ့ စံနှုန်းအောက်မှာ အမျိုးသမီးတွေက ပိုခံရလေ့ရှိပြီး ပိန်မှလှတယ်၊ အသားဖြူမှ လှတယ်၊ ဝတဲ့ သူဆိုမလှဘူးဆိုတဲ့ ရုပ်ရည် ၊ ခန္ဓာကိုယ်အချိုးအစားနဲ့ မျက်နှာသွင်ပြင်ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုတွေ ကြုံလာရတဲ့ အခါ တနည်းနည်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလာကြပါတော့တယ်။
ပိန်ဖို့အတွက် အစားလျော့၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ကြရုံမက နည်းလမ်းမျိုးစုံနဲ့ ကြော်ငြာကြတဲ့ ပိန်ဆေးတွေ၊ ခွဲစိတ်တာတွေ စတဲ့ နည်းလမ်းမျိုးစုံနောက် လိုက်လာကြတာလို့ ဆိုပါတယ်။
“မြင်မြင်ရာ ကြော်ငြာမှန်သမျှ အလွန်ပိန်နေသော မော်ဒယ်တွေပဲ မြင်ရတွေ့ရပြီး အလှတရားဆိုတာ ပိန်နေမှလို့ ပုံဖော်ထား ကြတာတွေက ကျမတို့ မိန်းကလေးတွေအပေါ် အတော့်ကို မမျှမတ စိတ်မလုံခြုံမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပါပဲ” လို့ ဆရာမမာဦးက ပြောပါတယ်။
အလှအပစံနှုန်းဆိုတာ အဖွားတို့၊ အမေတို့ ခေတ်မှာ ငါးရံ့ကိုယ်လုံး၊ ခါးသေးရင်ချီ စသဖြင့် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ရင်မို့မို့မှ လှတယ်လို့ ယူဆကြသလို မျက်မှောက်ခေတ်မှာလည်း ကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးလာလို့ ဖြူဖြူဖွေးဖွေး၊ ပိန်ပိန် သွယ်သွယ်မှ လှတယ်လို့ သတ်မှတ်လာကြပါတယ်။
အဲဒီလို သတ်မှတ်မှုစံနှုန်းတွေနောက်ကို လိုက်ပြီးအမျိုးသမီးတဦးမှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားထက် ချပ်ကပ်နေအောင် ပုံမှန်လေ့ကျင့်ခန်းတင်မက အပြင်းစား လေ့ကျင်ခန်းတွေလုပ်ဆောင်တာ၊ ဗိုက်ကိုတင်းကြပ်နေအောင် စည်းနှောင် တာ၊ အသေးစားပြုပြင်တာကစလို့ အကြီးစားခွဲစိတ်မှုတွေအထိ နည်းပေါင်းစုံနဲ့ လုပ်ဆောင်လာကြတာပါ။
ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းတင်မက ဆိုရှယ်မီဒီယာမှာ အပြိုင်အဆိုင် ပုံတင်ကြတဲ့ ဓလေ့ပါ ထပ်ဆင့်ထွန်းကားလာတဲ့အခါ မွေးရာပါ ရှိရင်းစွဲရုပ်ရည်ခန္ဓာကိုယ်ထက် သူ့ထက် ငါပိုသွယ်လျဖို့ဆိုတဲ့ ရုပ်ဝါဒဖိအားတွေ လူငယ်တွေရင်ထဲ ကိန်း အောင်းလာကြပါတယ်။
“အမျိုးမျိုးသော ကိုယ့်ကိုကိုယ် ညှင်းပန်းနှိပ်စက်မှုတွေနဲ့ အလှအပစံနှုန်းထဲကို ဝင်အောင်လုပ်ကြတယ်။ ဒါကတော့ ခေတ်ပေါင်းများစွာ၊ ပုံစံပေါင်းများစွာနဲ့ ရုန်းထွက်နိုင်တဲ့ အမျိုးသမီးတွေ နည်းပါးပါသေးတယ်” လို့ဆရာမ မာဦးကပြောပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ အခုခေတ်မှာ အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်နဲ့ အခြားသော အခွင့်အရေး တွေ အထိုက်အလျောက် ရရှိလာတယ်ဆိုပေမယ့် တဖက်မှာလည်း ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် မလုံခြုံမှုတွေ ခံစားနေကြဆဲ ဖြစ်ပါတယ်။
ဒါကလည်း လူ့အဖွဲ့အစည်းကိုယ်တိုင်က အမျိုးသမီးတဦးရဲ့ တန်ဖိုးကို ဉာဏ်ရည်ဉာဏ်သွေး၊ ပညာအရည်အချင်းထက် ရုပ်ရည်အလှအပနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုအပေါ် မူတည်ပြီး အရေးတယူ ဆက်ဆံလေ့ရှိတဲ့အတွက် ဒီလိုပုံသွင်းမှု တွေကိုလည်း ပြောင်းလဲဖို့ လိုမယ်လို့ သူကဆက်ပြောပါတယ်။
“ကိုယ့်ရဲ့ အပေါ်ယံ ခန္ဓာကိုယ်အတိုင်းကို secure (စိတ်လုံခြုံမှု) ဖြစ်တဲ့ အမျိုးသမီးအရေအတွက်က ဘယ်လောက်မှ မရှိသေးဘူး” လို့ ဆရာမမာဦးက ဆိုပါတယ်။
ဒီအတွက်ကြောင့် ပိန်ဖို့၊ လှဖို့၊ အသားဖြူဖို့၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ဖို့ နည်းလမ်းပေါင်းစုံနောက်လိုက်ရင်း မလိုလား အပ်တာတွေကြုံရတဲ့အခါ ကိုယ့်တဘဝလုံးထိခိုက်နိုင်တာမို့ အလှအပစံနှုန်းကို အများသတ်မှတ်ထားတဲ့ ဘောင်ထဲဝင်ဖို့ ကြိုး စားနေတာထက် ကိုယ့်ရှိနေတဲ့ ပင်ကိုယ်အလှအပကိုလက်ခံပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကိုယ့်ခန္ဓာကိုယ် ရုပ်ရည်သွင်ပြင်ကို အရှိအတိုင်းလက်ခံပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ချစ်တတ်ဖို့ ငယ်ရွယ်စဉ်ကတည်းက နားလည်သဘောပေါက်အောင် သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။
“လတ်တလောဖြစ်တဲ့ စိတ်ခံစားချက်နောက်ကို မလိုက်ဘဲ ရေရှည်ကိုတွေးပြီးတော့ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ချစ်တတ်ဖို့ အမျိုးသမီးငယ်တွေကို တိုက်တွန်းပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက သူတို့ကိုယ်သူတို့ positive (အကောင်းမြင်တတ်) ဖို့ မိသားစုက လေ့ကျင့်ပေးသင့်တယ်”လို့ ပြောပါတယ်။
ဒီလိုမဟုတ်ဘဲ ကိုယ့်ရုပ်ရည်ရူပကအတွက် အမှန်တကယ် ပြုပြင်ပြောင်းလဲမှ ဖြစ်မယ်ဆိုရင်တော့ ကိုယ်လုပ်ဆောင်မယ့် နည်းလမ်းတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကစလို့ ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှု၊ တာဝန်ယူမှု စသဖြင့် ဘက်ပေါင်းစုံ လေ့လာပြီးမှ ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးနည်းလမ်းကို ရွေးချယ်လုပ်ဆောင်သင့်ပါတယ်လို့ သူကအကြံပြုထားပါတယ်။
အများသူငါဝေဖန်မှုကြောင့်မဟုတ်ဘဲ တဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ဖို့ လိုအပ်ပြီး ကိုယ်တိုင်သတ်မှတ်ထားတဲ့ အလှ အပစံနှုန်းတွေနဲ့ နေထိုင်ကြဖို့လည်း အရေးကြီးတယ်လို့ ကျန်းမာရေးနယ်ပယ်နဲ့ အမျိုးသမီးများအရေး လုပ်ဆောင်သူတွေက မှတ်ချက်ပြုပါတယ်။
ရုပ်ရည်ခန္ဓာကိုယ်အလှအပထက် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ရောင့်ရဲလက်ခံဖို့ လိုသလို ခန္ဓာကိုယ်သွယ်လျလှပဖို့ လေ့ကျင့်ခန်း လုပ်ဆောင်တာ အသင့်တော်ဆုံးဖြစ်ပြီး ဒါဟာကျန်းမာရေးအတွက်လည်း ပိုမိုအထောက်အကူပြုပါတယ်လို့ မွန်မွန်က ပြောပါတယ်။
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025
- စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား - 18/02/2025