ရှင်ငြိမ်း
“အရှုံးမပေးနဲ့ ဘရော်နီကာ။ အားတင်းထားပါ ဘရော်နီကာ”
“အမျိုးသမီးပွဲတွေထဲမှာ ကမ္ဘာ့အကောင်းဆုံးပွဲတစ်ပွဲပါပဲ” လို့ လက်ဝှေ့ဝါသနာရှင်တစ်ဦးဖြစ်တဲ့ ကိုဖိုးတုတ်က ကယန်းကျား သစ်မယ် ဘရော်နီကာရဲ့ ပွဲကို မှတ်ချက်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ လက်ဝှေ့မယ် ဘရော်နီကာနဲ့ ဖရန်စစ္စကာဗီရာတို့ ONE Championship ပြိုင်ပွဲရဲ့ အက်တမ်ဝိတ်တန်းပွဲမှာ ထိုးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘရော်နီကာက ပြိုင်ဘက်ဖြစ်တဲ့ ချီလီနိုင်ငံသူ ဗီရာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဖိုက်တာဘရော်နီကာရဲ့ ထိုးချက်တွေဟာ ဗီရာကို လှဲချသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲဟာ ပြိုင်ဘက်တော်လို့ ဆိုတာထက် ဘရော်နီကာရဲ့ အားနည်းချက်ကြောင့် ရှုံးခဲ့ရတယ်လို့လည်း ဝေဖန်သံတွေ ထွက်နေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်တော့ သူတို့နှစ်ဦးလုံးဟာ ပွဲစဉ် ၃ ချီလုံး လဲမသွားအောင် အနာခံထိန်းထားပြီး အသေအကျေထိုးသတ် ခဲ့ကြတဲ့အတွက် အမျိုးသမီးပွဲစဉ်တွေထဲမှာတော့ အကောင်းဆုံးပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။
“ONE Fight ရဲ့ အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးထဲက တစ်ပွဲပေါ့။ တော်တော်လည်းကောင်းတယ်။ မျှတတဲ့ ပွဲပါပဲ။ ကျနော်တို့ဆို ဒီလိုပွဲမျိုးမကြည့်ရတာ နှစ်ပေါက်နေပြီ” လို့ ကိုဖိုးတုတ်က ပြောပါတယ်။
ကိုဖိုးတုတ်ဟာ ၁၉၉၉ ခုနှစ်၊ နိုင်ငံခြားလက်ဝှေ့ပွဲတွေဖြစ်တဲ့ မိုက်တိုင်စန် ဟိုလီဖီးတို့ရဲ့ ပွဲတွေကတည်းက တောက်လျှောက် အားပေးခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ထဲက ဦးလေးတွေနဲ့ ဘုရားပွဲမှာ အပျော်တမ်းထိုးတဲ့ လက်ဝှေ့ပွဲတွေကို လိုက်ကြည့်ခဲ့တာပါ။
“အမျိုးသမီးလက်ဝှေ့ဆိုတာကတော့ အရင်တုန်းက သီးသန့်လုပ်ပေးတာ မရှိဘူး။ မိန်းကလေးပွဲဆိုရင် အမျိုးသားပွဲနားတဲ့ အချိန်ခဏလေး တက်ထိုးခိုင်းတာလောက်ပဲရှိတယ်။ ကျနော်သိသလောက်ဆိုရင် စနေမတို့လောက်ပဲရှိမယ်။ အမျိုးသမီး ပွဲတွေက မြန်မာပြည်မှာ နည်းတယ်။ ထွက်လာရင်လည်း ခဏလေးနဲ့ ပျောက်ပျောက်သွားတယ်” လို့ ကိုဖိုးတုတ်က ဆိုပါ တယ်။
ဘရော်နီကာဟာ အမျိုးသမီးဘောက်ဆင်သမားအဖြစ်နဲ့ လက်ဝှေ့လောကမှာ စတင်ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံအဆင့် ဘောက်ဆင်သမားဖြစ်လို့ လက်သီးထိုးချက်တွေ၊ တိုက်ခိုက်ရည်တွေက သူမတူအောင် ကောင်းသူပါ။
ဘောက်ဆင်ကနေ ရိုးရားလက်ဝှေ့ကို ပြောင်းထိုးတဲ့အချိန် ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ဘရော်နီကာဟာ မြန်မာပြည်မှာ ဆက်မထိုးတော့ဘဲ ထိုင်းနိုင်ငံရဲ့ ကလပ်တစ်ခုမှာ လေ့ကျင့်ရင်း လက်ဝှေ့ဆက်ထိုးနေခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ မွေထိုင်း လောကကို ရောက်လာပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။
Thai Fight မှာ နိုင်ပွဲတွေ ဆက်တိုက်ရကာ ခါးပတ်တွေ ရထားပြီး မြန်မာပရိသတ်ရဲ့ အားပေးမှုအမြင့်ဆုံးရရှိတဲ့ လက်ဝှေ့ သမားဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရက်က ဘရော်နီကာဟာ ONE Championship နဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

ဒီပွဲဟာ ONE Championship မှာ ပွဲဦးထွက်ကစားရတဲ့ပွဲဖြစ်တဲ့အတွက် ဘရော်နီကာရဲ့ ပရိသတ်တွေက အနိုင်ရမယ်လို့ တထစ်ချယုံကြည်ခဲ့ကြတာပါ။ သူတို့ ယုံကြည်လို့လည်း ဘရော်နီကာကို ပွဲအပြီးပေးဖို့ ပန်းစည်းကိုယ်စီကိုင်ဆောင်ပြီး ကွင်းထဲအထိ ဝင်ရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။
ဘရော်နီကာလက်ဝှေ့ကွင်းထဲ ဝင်လာပြီဆိုတာနဲ့ သံပြိုင်ဟစ်အားပေးနေကြသလို သူကလည်း လက်ဝှေ့ကြိုးဝိုင်းထဲပတ်ကာ ပရိသတ်ရဲ့ အားပေးမှုကို အသိအမှတ်ပြုခဲ့ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ ပထမအချီစပြီဆိုတာနဲ့ ဘရော်နီကာက အသာစီးရပြီး ဖိထိုးပါတယ်။ ပြိုင်ဘက်ဗီရာကတော့ အခြေအနေစောင့်ကြည့်တဲ့ အနေအထားနဲ့ ခံစစ်ကစားပါတယ်။ ဒီအချီမှာ လက်ရည်သာတဲ့ ဘရော်နီကာရဲ့ ထိုးချက်ကြောင့် ဗီရာက ဦးစွာနှာခေါင်းရိုးကျိုးသွားပါတယ်။
လက်ဝှေ့ဝါသနာရှင် မမေမီကတော့“ဘရော်နီကာအနေနဲ့ ပြင်ဆင်ဖို့လိုတာတွေ အများကြီးတွေ့ရတယ်။ ပုံမှန်ဆိုရင် ဗီရာကို အသာလေးနိုင်တယ်။ အခုပွဲမှာ ဘာမှမလုပ်နိုင်ဘဲ မောနေတာတွေ့ရတယ်”လို့ဆိုပါတယ်။
မမေမီဟာ ငယ်စဉ်ထဲက တိုက်ခိုက်တာကို ဝါသနာပါသူဖြစ်ပြီး လက်ဝှေ့မယ်ဖြစ်ဖို့ ကြိုးစားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ဝှေ့မယ်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ တီဗွီကမြင်ရတဲ့ လက်ဝှေ့ထိုးနည်းတွေကို သေချာလေ့လာမှတ်သားသင်ယူခဲ့တာပါ။
တခါကျောင်းအားကစားချိန်မှာ အေရိုးဗစ်မကစားဘဲ ကောင်လေးတွေကစားတဲ့ သိုင်းကစားနည်းကို သွားသင်တဲ့အတွက် ဆရာမရိုက်တာလည်း ခံခဲ့ရဖူးတယ်လို့ မမေမီက ဆိုပါတယ်။
နောက်ပိုင်း ကျောင်းပညာရေးနဲ့ မိဘတွေကလည်း ခွင့်မပြုသလို အဆက်အသွယ်တွေလည်း မရှိတာကြောင့် လက်ဝှေ့မသင် ခဲ့ရပါဘူး။ အလုပ်မှာ လက်ဝှေ့ဝါသနာပါသူနဲ့တွဲမိပြီး အိမ်ထောင်ကျပြီးနောက် လက်ဝှေ့ပွဲတွေကို စွဲစွဲမြဲမြဲကြည့်လာခဲ့တာ အခုဆိုရင် ၁၅ နှစ်လောက်ရှိပြီဖြစ်ပါတယ်။
အခုပွဲဟာ ဘရော်နီကာနဲ့ သင့်တော်တဲ့ဝိတ်တန်းမဟုတ်တဲ့အတွက် ဒီပွဲထိုးခါနီးမှာ အပြင်းအထန်ဝိတ်ချနေတာနဲ့ ပွဲဝေးသွား တာကြောင့် ရှုံးခဲ့ရတယ်လို့လည်း သူ့ပရိသတ်တွေက ထင်ကြေးပေးနေတာပါ။
ဒါပေမဲ့ ပွဲစဉ်တလျှောက်လုံး ဘရော်နီကာ လက်စွမ်းထုတ်ပြလာမယ့်အချိန်ကို ပရိသတ်က စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။ ဒုတိယအချီမှာတော့ ပြိုင်ဘက်ဗီရာက ဘရော်နီကာရဲ့ အားနည်းချက်ကို သိသွားတယ်ထင်ပါတယ်။ နှာခေါင်းသွေးထွက်နေ ရက်နဲ့ တိုက်စစ်ဖွင့်ပြီး ကစားလာပါတယ်။
ဗီရာက ဘရော်နီကာရဲ့ ထိုးချက်တွေကို ပေခံပြီး အတင်းပူးကပ်ကာ ဒူးနဲ့တိုက်တယ်။ ခြေကန်တယ်။ တံတောင်နဲ့ တိုက်တယ် စတဲ့ တိုက်ကွက်တွေနဲ့ ဘရော်နီကာကို လှဲချနိုင်ဖို့ ကြိုးစားခဲ့တာပါ။
ထိုင်းဖိုက် (Thai Fight) မှာ လက်သီးနဲ့ပွဲသိမ်းအောင်ပွဲခံခဲ့တဲ့ ဘရော်နီကာဟာ ဗီရာရဲ့ အနီးကပ်ထိုးချက်တွေကို ရှောင်တိမ်းရင်း တဖြည်းဖြည်းသက်လုံလည်းကျလာပါတယ်။ ဒီမြင်ကွင်းက သူ့ပရိသတ်တွေအတွက် အတော်လေးအံ့အားသင့်စရာဖြစ်ခဲ့ပါ တယ်။
“တံတောင်တိုက်ပြီ၊ ဒူးတိုက်ပြီဆိုရင် သူ့ရဲ့ ချုပ်ကွက်ကို မခံနဲ့ပေါ့။ အခု ဘာလို့ အတိုက်ခံရလဲဆိုတော့ ကိုယ်က ဒေါင့်ကပ်နေ တော့ တဖက်ကစားသမားက ချုပ်မှာပဲ။ ဒူးနဲ့တိုက်မယ်။ ဒူးကို လက်နဲ့ကာတာနဲ့ ကျသွားတဲ့လက်ပေါ်ကို တံတောင်နဲ့ရိုက် မယ်။ ဒီနှစ်ချက်နဲ့ ဆော့တာပေါ့။ ဆိုတော့ ဒါတွေကို ကျနော်တို့ ပြန်ပြင်ဆင်ဖို့လိုမယ်။ ဘရော်နီကာ များများလုပ်ရမှာက ခြေကန်ချက် များများသုံးရမှာပါ” လို့ကိုဖိုးတုတ်က သူ့အမြင်ကို ခုလိုပြောပါတယ်။
လက်ဝှေ့ဝါသနာရှင် မမေမီကလည်း “အရင်လို သူ့ထိုးချက်တွေက မပေါ်ဘူး။ ထိလည်း မထိဘူး။ သက်လုံလည်း အတော်ကျ သွားတယ်။ ခြေကန်ချက်တွေလည်း မရဘူး။ မသိတဲ့သူဆို ဘရော်နီကာ ဘာလို့ နာမည်ကြီးတာလဲလို့ မေးလိမ့်မယ်”လို့ ပြော ပါတယ်။
သက်လုံကျလာတဲ့အချိန်မှာ ဘရော်နီကာရဲ့ ညာဝိုက်လက်သီးက အားမပါတော့သလို ပတ်တံတောင် တိုက်ကွက်တွေက လည်း တလွဲတွေဖြစ်လာပါတယ်။ ဒါပေမဲ့ သူလှဲချမသွားအောင် ဗီရာရဲ့ ထိုးချက်တွေကို တောင့်ခံခဲ့တာ ဖြစ်ပါတယ်။
တဖြေးဖြေး ချောင်ပိတ်ထိုးခံလာရတော့ ဘရော်နီကာဟာ လက်ကိုတောင် မသယ်နိုင်တဲ့ အခြေအနေဖြစ်လာပြီး ကံ ကောင်းချင်တော့ အချိန်စေ့လို့ ဒိုင်ပွဲရပ်သွားခဲ့တာကြောင့် သက်သာရာရခဲ့တာလို့ ဆိုပါတယ်။
“ဘရော်နီကာကို ပတ်တံတောင်ကစားတာ ကျွမ်းကျင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီပွဲမှာ သူရဲ့ ပွဲသိမ်းလက်သီးတွေ၊ ပတ်တံ တောင်တွေဆိုတာ လုံးဝအစွမ်းမပြနိုင်ခဲ့ဘူး။ ONE ကိုရောက်လာရင် လက်သီးတစ်လုံးနဲ့လည်း မရဘူး။ ခံနိုင်ရည်ရှိတာနဲ့ လည်းမရဘူး” လို့ မမေမီက ဆိုပါတယ်။
ပတ်တံတောင် ကစားတယ်ဆိုတာ ကျွမ်းကျင်သူတွေကစားရင် အရမ်းကြည့်လို့ကောင်းတယ်။ အမျိုးသားတွေထဲမှာ ဆိုရင် ပတ်တံတောင်ကောင်းတာ ဝမ်ချိုင်းကလွဲလို့ မရှိဘူးလို့ ကိုဖိုးတုတ်က ဆိုပါတယ်။
ဘရော်နီကာအနေနဲ့ ပတ်တံတောင်ကစားချင်ရင် အခုထက်ပိုကျွမ်းကျင်အောင် လေ့ကျင့်သင့်တယ်လို့ သူကထောက်ပြပါ တယ်။ နောက်လက်သီးဖိုက်တာလို့ ဆိုတဲ့အတိုင်း လက်သီးပါဝါပြင်းအောင် လေ့ကျင့်ဖို့ လိုအပ်သလို ခြေကန်ချက်တွေလည်း မဖြစ်မနေ လေ့ကျင့်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။
တတိယအချီမှာတော့ သူတို့နှစ်ယောက်လုံး ရေကုန်ရေခမ်းကစားကြပါတယ်။ ဘရော်နီကာကတော့ သက်လုံကျပြီး အတော် လေးကို လေးလံနေပုံရပါတယ်။ ပြိုင်ဘကေဗီရာရဲ့ထိုးချက်တွေကလည်း ဆက်တိုက်လိုလို ကျလာခဲ့တာဖြစ်ပြီး နှစ်ယောက် စလုံးအကွဲအပြဲတွေ ဖြစ်ခဲ့ပေမယ့် ဘရော်နီကာက အမှတ်နဲ့ ရှုံးခဲ့ပါတယ်။
ဒါပေမယ့် ဒီအချီမှာ ဘရော်နီကာရဲ့ စိတ်ဓါတ်က အတော်လေးချီးကျူးစရာကောင်းပါတယ်။ အနာခံပြီး လဲကျမသွားအောင် ထိုးနိုင်တဲ့ အရည်အချင်းက သူဟာ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ လက်သီးဖိုက်တာ ဘရော်နီကာ အစွမ်းထုတ်မပြနိုင်ခဲ့တဲ့ပွဲလို့ ပြောရမှာဖြစ်ပါတယ်။ သူရှုံးသွား ပေမယ့်လည်း အားလုံးက သူ့ကိုချစ်ဆဲ၊ အားပေးနေဆဲ ဖြစ်တာလည်း တွေ့မြင်နေရပါတယ်။
ပွဲအပြီး အရှုံးနဲ့ထွက်လာတဲ့ ဘရော်နီကာကို ပန်းစည်းတွေ၊ လက်ဆောင်တွေပေးဖို့ ပရိသတ်ကြီးကစောင့်မျှော်နေတာ ကြည့် ရင် သူ့အပေါ် ဘယ်လောက်ချစ်ခင်အားပေးနေကြတယ်ဆိုတာ ပြသနေတာပါပဲ။
တကယ်တော့ မွေ့ထိုင်းလက်ဝှေ့လောကကနေ ချက်ခြင်းဆိုသလို ONE မှာ ကစားရတယ်ဆိုတာ ထင်သလောက် မလွယ်ပါ ဘူး။ မွေ့ထိုင်းမှာက နှစ်မိနစ်ထိုးပြီး နှစ်မိနစ်နားရပါတယ်။ ONE မှာတော့ သုံးမိနစ်ထိုးပြီး နှစ်မိနစ်နားရတာကြောင့်လည်း လိုအပ်ချက်တွေရှိတာ ဖြစ်နိုင်ပါတယ်။
“ပြောချင်တာက လေးတန်းကျောင်းသားကိုသွားပြီး ငါးတန်းစာဖြေခိုင်းလို့ မရဘူး။ နောက်တစ်ခုက ဘရော်နီကာက ထိုင်းနိုင်ငံရောက်မှ သေချာလေ့ကျင့်ခွင့်ရတယ်။ မြန်မာပြည်မှာတုန်းက အခုလိုပစ္စည်းကိရိယာအစုံအလင်နဲ့ လေ့ကျင့်ရတာ မဟုတ်ဘူး။ ဆိုတော့ အားလုံးမှာတော့ လိုအပ်ချက်ဆိုတာရှိတယ်” လို့ လက်ဝှေ့ဝါသနာရှင် ကိုဖိုးတုတ်က ပြောပါတယ်။
ဘရော်နီကာဟာ သူပထမဆုံးထိုးခဲ့တဲ့ ရိုးရာလက်ဝှေ့တွေ၊ မွေ့ထိုင်းတွေမှာ အကောင်းဆုံးအစွမ်းပြနိုင်သလို တိုက်ရည်ခိုက် ရည်လည်း အမြင့်ဆုံးကစားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ မွေ့ထိုင်းမှာဆိုရင်လည်း သူရဲ့ အောင်မြင်မှုကို ဘယ်သူမှ လိုက်မမီခဲ့ပါဘူး။
အရင်ကတော့ သူရဲ့အကောင်းဆုံး လက်သီးနဲ့ ပတ်တံတောင်ရဲ့အောက်မှာ ကစားသမားများစွာကို လှဲချနိုင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးလက်ဝှေ့ကစားသမားထဲမှာတော့ ဘရော်နီကာဟာ အသန်မာဆုံးနဲ့ အကောင်းဆုံး ကစားသမားတစ်ဦးပါ။
“ဒါက ကျနော့်ရဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒီထက်ကောင်းတဲ့ပုံစံကို ပြချင်ပေမယ့် မပေးနိုင်ခဲ့ဘူး။ ရိုးသားစွာပြောရရင် ကျနော်အရမ်းပင်ပန်းနေတယ်။ ဂုဏ်ယူပါတယ်ဗီရာ” လို့ ဘရော်နီကာက ပြိုင်ပွဲအပြီးမှာ ကန္တာရဝတီတိုင်းကို ပြောသွား ခဲ့ပါတယ်။
ဘရော်နီကာ ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေကြပေမယ့်လို့ နောက်ထပ်လာမယ့် ပွဲတွေမှာ အလဲထိုးနိုင်တဲ့ပွဲတွေ ဖြစ်လာဖို့ သူ့ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
ကိုဖိုးတုတ်ကလည်း “သူအရင်ထိုးနေတဲ့ မွေ့ထိုင်းနဲ့ ONE နဲ့ ဘယ်လောက်ကွာလဲဆိုတာ သိသွားပါလိမ့်မယ်။ ကျနော်ထင် တယ်၊ လာမယ့်ပွဲတွေမှာ သူအများကြီး တိုးတက်ပြောင်းလဲလာမယ်။ နောက်တစ်ခုက ကံကောင်းလို့ရှိရင် အလဲထိုးမယ့်ပွဲတွေ မြင်ရမယ်လို့ထင်တယ်”လို့ ပြောပါတယ်။
ဘရော်နီကာကလည်း ပွဲအပြီးမှာ အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်းနဲ့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် လည်း ဝမ်းနည်းကြောင်း သူရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။
“နောက်ပွဲကျရင် အကောင်းဆုံးပြန်လာခဲ့မယ်” လို့လည်း သူက ကတိပေးပါတယ်။
လက်ဝှေ့ဝါသနာရှင် မမေမီကတော့ အရှုံးကိုသင်ခန်းစာယူပြီး အကောင်းဆုံးကြိုးစားဖို့အတွက် အခုလို အားပေးစကားပြော ခဲ့ပါတယ်။
“အရှုံးမပေးနဲ့ ဘရော်နီကာ။ အားတင်းထားပါ ဘရော်နီကာ”
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025