တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အနေနဲ့ အကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ တရားမျှတမှုကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တရားရုံးတင်တဲ့အမှု (၉၀) ကျော်အနက် အမှု (၇၀) ကျော် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ WJ ရဲ့ စီမံခန့်ခွဲမှုကော်မတီက မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေက ရရှိလာတဲ့ ကလေးတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီ ပေးနိုင်ခဲ့သလို ဂျန်ဒါပိုင်းဆိုင်ရာ အပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးလူဦးရေ (၈၀၀၀) ကျော်ကို အသိပညာမျှဝေမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို အမျိုးသမီးစင်တာ ၊ safe house (လုံခြုံစိတ်ချရ တဲ့ နေရာ) တွေကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ မငြိမ်းငြိမ်းထွန်းကဆက်ပြောပါတယ်။
ထို့အပြင် အိန္ဒိယနိုင်ငံနိုင်ငံက မြန်မာဒုက္ခသည်တွေအတွက် အခမဲ့ဆေးခန်း ၊ အခမဲ့ စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Women for Justice – WJ အနေနဲ့ လက်ရှိမှာ လုပ်ငန်းစဉ် (၃) ခု ဌာန (၁) ခုရှိပြီး အမျိုးသမီး နိုင်ငံရေး စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ သတင်းနဲ့ သုတေသနဌာနတို့ ရှိပြီးလုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်ခံရသူ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတာ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးအခွင့်အရေး၊ ကျားမ တန်းတူရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာ၊ လူ့အခွင့် အရေး ချိုးဖောက်မှုအပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ကောက်ခံတာ၊ ဒေသရဲ့ လိုအပ်ချက်အရ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့တွေပေးဝေတာ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေတယ်လို့ မငြိမ်းငြိမ်းထွန်းကပြောပါတယ်။
ရှေ့ဆက်ပြီး WJ အနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ခေါင်းဆောင်အမျိုးသမီးတွေ မွေးထုတ်ပေးသွားမှာဖြစ်သလို အသိပညာပေးတဲ့လုပ်ငန်းတွေ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ကူညီခြင်းနဲ့ လူသား ချင်းစာနာထောက်ထားမှု အထောက်ပံ့တွေပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် ကောက်ခံခြင်းတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မငြိမ်းငြိမ်းထွန်းကပြောပါတယ်။
“တန်းတူညီမျှမှု မရှိသရွေ့တော့ ခွဲခြားမှုတွေက ရှိနေအုန်းမှာပဲ။ ကျမတို့ အများကြီးကြိုးစားရအုန်းမယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ဖိုဝါဒ ကြီးစိုးမှုကို ကျမတို့ အများကြီး တိုက်ပွဲဝင်ရအုန်းမယ်။ နိုင်ငံသစ်ကို စတင်ဖို့ အခု ကတည်းက မူဝါဒတွေ၊ ဥပဒေတွေ ၊ ဖွဲ့စည်းပုံတွေမှာ အမျိုးသမီးတွေအပေါ်ခွဲခြားမှု၊ အားလုံးတန်းတူညီမျှမှုစတဲ့ စဉ်းစားချက်တွေနဲ့ ရှေ့ဆက်ကြရင်တော့ ကျမတို့ မျှော်လင့်တဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုတွေနဲ့ ပြည့်နက်ပြီး ပျော်ရွှင်စရာ၊ နေချင်စရာနိုင်ငံအဖြစ် မျှော်မှန်းချက် ရှိသော်လည်း လက်ရှိအခြေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျမတို့ရဲ့ မျှော်မှန်းချက်ဟာ တော်တော်လေး အလှမ်းဝေးနေသေးတယ်”လို့ မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ – WJ ကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ နယူး ဒေလီမြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
စတင်ဖွဲ့စည်းခဲ့ချိန်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့်အခွင့်အရေးများဆိုင်ရာအဖွဲ့ Women Rights and Welfare Association of Burma (WRWAB) လို့အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။
ရှစ်လေးလုံး ဒီမိုရေစီအရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ နိုင်ငံရေးနောက်ခံအမျိုးမျိုး ကြောင့် အိန္ဒိယနိုင်ငံကို ထွက်ခွာလာခဲ့ကြပြီး အမျိုးသမီးတွေရဲ့ အသံကို ဖော်ထုတ်နိုင်ဖို့ ၊ အမျိုးသမီးတွေရဲ့ အရေး ကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ နဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ကိုယ်စားပြုခွင့် ရရှိနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025
- အမျိုးသမီးပွဲတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကယန်းကျားသစ်မယ် ဘရော်နီကာရဲ့ပွဲ - 18/02/2025