ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ကန့်ဘလူအချုပ်ထောင်ထဲ လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေကို တာဝန်က ယာယီရပ်နားထားပြီး စစ်ဆေးနေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိပြည်သူ့လုံခြုံရေးအချုပ်စခန်းမှာ အချုပ်သူ ၁ ဦး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်အပါအဝင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ကျူးလွန်ခဲ့သူတွေကို တာဝန်က ယာယီရပ်နားထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
အချုပ်စခန်း( ၁) ခုထဲမှာ အမှုဖြစ်စဉ်(၃) မှု ရှိခဲ့ပြီး တိုင်ကြားခံရသူ ၃ ဦး ရှိသလို နစ်နာသူ ၃ ဦး ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ “ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့အစီအစဉ်” မှာ ဦးကျော်ဇော် က ဒီအကြောင်းထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
တိုင်ကြားခံရသူ ၃ ဦးဟာ ကန့်ဘလူမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ အဖွဲ့တွေမှာ အသီးသီးထိပ်ပိုင်းတာဝန်ယူထားသူတွေလို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေထဲက တချို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့ပြီး ဌာနတွင်းတိုင်ကြားမှုဖြစ်ခဲ့ပေမဲ့ ပွင့်လင်းမြင်သာတဲ့ ရလဒ် မထွက်လာဘဲ ကြန့်ကြာနေတဲ့အမှုလည်းဖြစ်ပါတယ်။
NUG ဘက်ကတော့ တိုင်ကြားစာလက်ခံရရှိကတည်းက ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဗဟိုတိုင်ကြားစာ ကော်မတီကနေ အွန်လိုင်းနဲ့ ချက်ချင်းစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
Source – BBC
အမျိုးသမီး ၁၅၀ နီးပါးအပါအဝင် စစ်သုံ့ပန်း ၁၉၈ ဦးကို AA ပြန်လွှတ်ပေး
ရခိုင်တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း (၁၉၈) ယောက်ကို အာရက္ခတပ်တော် (AA)က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါဟာ အခုလအတွင်း ဒုတိယအသုတ် ထပ်လွှတ်ပေးတာဖြစ်ပြီး အမျိုးသား (၅၁) ဦးနဲ့ အမျိုးသမီး (၁၄၇) ဦးတို့ပါဝင်ပါတယ်။
ပြန်လွှတ်ပေးသူတွေကို အခမ်းအနားနဲ့ မိသားစုတွေကို ပြန်အပ်လိုက်တာလို့ ဒေသအခြေစိုက် အာရက္ခမင်းသမီးမီဒီယာက ဓာတ်ပုံနဲ့ တကွဖော်ပြထားပါတယ်။ ဒုတိယအကြိမ် လွှဲပြောင်းခဲ့တဲ့သူတွေကဘယ်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တယ်ဆိုတာနဲ့ ဘယ်တပ်ရင်းတွေက ဆိုတာတွေ တိတိကျကျသိရတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၁၆ ဦးနဲ့ သာမန်အကျဉ်းသား ၂၆ ဦးကို ပြန်လွှတ် ပေးထားပါသေးတယ်။
Source – BBC
အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀) ပြည့်ပြီ
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အနေနဲ့ အကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ တရားမျှတမှုကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တရားရုံးတင်တဲ့အမှု (၉၀) ကျော်အနက် အမှု (၇၀) ကျော် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ WJ ရဲ့ စီမံခန့်ခွဲမှုကော်မတီက မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေက ရရှိလာတဲ့ ကလေးတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီပေးနိုင် ခဲ့သလို ဂျန်ဒါပိုင်းဆိုင်ရာ အပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးလူဦးရေ (၈၀၀၀) ကျော်ကို အသိ ပညာမျှဝေမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို အမျိုးသမီးစင်တာ ၊ safe house (လုံခြုံစိတ်ချရတဲ့နေရာ) တွေ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ထို့အပြင် အိန္ဒိယနိုင်ငံနိုင်ငံက မြန်မာဒုက္ခသည်တွေအတွက် အခမဲ့ဆေးခန်း ၊ အခမဲ့ စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။
အကြမ်းဖက်ခံရသူ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးတာ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပါ အဝင် အမျိုးသမီးအခွင့်အရေး၊ ကျားမ တန်းတူရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုအပါ အဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ကောက်ခံတာ၊ ဒေသရဲ့ လိုအပ် ချက်အရ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့တွေပေးဝေတာ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေ လည်း လုပ်ဆောင်နေတယ်လို့ မငြိမ်းငြိမ်းထွန်းက ဆိုပါတယ်။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ – WJ ကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ နယူး ဒေလီမြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
စတင်ဖွဲ့စည်းခဲ့ချိန်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့်အခွင့်အရေးများဆိုင်ရာအဖွဲ့ Women Rights and Welfare Association of Burma (WRWAB) လို့အမည်ပေးခဲ့ကြတာဖြစ်ပါတယ်။
ရှစ်လေးလုံး ဒီမိုရေစီအရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေဟာ နိုင်ငံရေးနောက်ခံအမျိုးမျိုး ကြောင့် အိန္ဒိယနိုင်ငံကို ထွက်ခွာလာခဲ့ကြပြီး အမျိုးသမီးတွေရဲ့ အသံကို ဖော်ထုတ်နိုင်ဖို့ ၊ အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ နဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ကိုယ်စားပြုခွင့် ရရှိနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
Source – HI
အာဏာသိမ်း လေးနှစ်ကျော်အတွင်း အမျိုးသမီး ၂၁ ဦးအပါအဝင် မသန်စွမ်းသူ စုစုပေါင်း ၁၁၇ ဦးသေဆုံး
အာဏာသိမ်း လေးနှစ်ကျော်အတွင်း စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်း မသန်စွမ်းသူ ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ Human Rights Myanmar က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၂၁ ဦး ပါဝင်ပြီး သတ်ဖြတ်ခံရသူ အရေအတွက်ရဲ့ ၁၈ ရာနှုန်းရှိပါတယ်။ ဒေသအလိုက်အနေနဲ့ စစ်ကိုင်းတိုင်းက ၄၆ ရာခိုင်နှုန်းနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းက ၂၂ ရာခိုင်နှုန်း ဒုတိယ အများဆုံးဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ (၁၂) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၄၀) ဦး၊ ၂၀၂၃ ခုနှစ်မှာ (၃၄) ဦး၊ ၂၀၂၄ ခုနှစ်မှာ (၃၀) ဦးနဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
မသန်စွမ်းသူတချို့ဟာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ရမ်းသမ်း ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူအရေအတွက်ရဲ့ ၂၆ ရာခိုင်နှုန်းဟာ ရွာတွေကို စစ်တပ်က မီးရှို့တဲ့အချိန် အရှင်လတ်လတ် မီးလောင် သေဆုံးရတာလို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီတပ်က မသန်စွမ်းသူတွေရဲ့ အသက်ရှင်သန်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်နေတာလို့ Human Rights Myanmar ပြောပါတယ်။
Source – RFA
စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ တရုတ်ဇနီးမယားဈေးကွက် ခေါင်းပြန်ထောင်လာ
အာဏာသိမ်းပြီးနောက် ငွေကြေးကျပ်တည်းတဲ့ မိသားစုတွေထဲက မိန်းကလေးငယ်တွေနဲ့ အိမ်ထောင်ရှိပြီး ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေက တရုတ်ဇနီးမယားဈေးကွက်ထဲက အကျိုးဆောင်(အရပ်အခေါ်ပွဲစား)တွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။
ငွေကြေးလိုအပ်ချက်ကြောင့် တရုတ်ဇနီးမယားလုပ်ဖို့ ပွဲစားနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ကြသူတွေရှိသလို တရုတ်ဘက်က စက် ရုံတွေမှာ အလုပ်လုပ်ဖို့ လိမ်လည်ခေါ်ဆောင်ခံရပြီး တရုတ်ဇနီးအဖြစ် လူကုန်ကူးရောင်းစားခံလိုက်ရတဲ့သူတွေလည်း ရှိနေတာဖြစ်ပါတယ်။
တရုတ်ဇနီးဈေးကွက်ထဲမှာ ကလေးမွေးဖူးတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေက ပွဲစားတွေအတွက် အကျိုးဆောင်ခ အမြင့် ဆုံးပဲလို့ မန္တလေးက ပွဲစားမဇာခြည်က ပြောပါတယ်။
“တရုတ်တွေ လိုချင်တာက ကလေးမွေးပေးဖို့ပဲဆိုတော့ ချောဖို့ လှဖို့ မလိုဘူး။ ကလေးမွေးဖူးတဲ့ သူတွေဆို သူတို့က ပိုကမ်း လှမ်းတယ်။ မွေးဖူးတဲ့သူရှာပေးကြတာများတယ်”လို့ ရှင်းပြပါတယ်။
ဟိုတယ်မှာပဲ မြန်မာအမျိုးသမီးတွေကို လက်ထပ်ချင်တဲ့ တရုတ်အမျိုးသားတွေနဲ့ တရုတ်ဇနီးလုပ်ဖို့ စည်းရုံးချိတ်ဆက်လို့ ရတဲ့ မိန်းကလေးတွေ တွေ့ဆုံဖို့ ပွဲစားတွေက စီစဉ်ပေးကြတာဖြစ်ပါတယ်။
Source – BBC
ကျောင်းသား ၅၀ နီးပါးကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခဲ့တဲ့ ယာယီကျောင်းအုပ်ကို ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်
ပဲခူးမြို့နယ်၊ မုက္ကလရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ယာယီကျောင်းအုပ်ကြီးဟာ မူလတန်းနဲ့ အလယ်တန်းကျောင်း သား ၄၈ ဦးကို အဓမ္မပြုကျင့်မှုအပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း မုက္ကလကျေးရွာ အလကကျောင်းခွဲမှာ တက်ရောက်နေတဲ့ အသက် ၁၁ နှစ် အ ရွယ် ၄ တန်းကျောင်းသား ၁ ဦး အနေအထိုင်မမှန်တာကြောင့် မိဘတွေကခေါ်ယူမေးမြန်းခဲ့ရာက ယာယီကျောင်းအုပ် ဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံရကြောင်းသိရပြီး ဆက်လက်စစ်ဆေးရာ ၁ နှစ်အတွင်း အသက် ၇ နှစ်မှ ၁၅ နှစ် ကြား ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာပါ။
ဒီနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကျောင်းတာဝန်ရှိသူတွေက ထပ်မံစစ်ဆေးကြချိန်မှာ အဓမ္မပြုကျင့်ခံရမှုအပါ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူ ကျောင်းသား ၄၈ ဦးထိရှိခဲ့ကာ ကျောင်းအုပ်ဆရာကို ထပ်မံစစ်ဆေးချိန်မှာလည်း မှန်ကန် ကြောင်းဝန်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူ မုက္ကလရွာအလကခွဲ ယာယီကျောင်းအုပ်ကြီး အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင်ကို ပဲခူးရဲတပ်ဖွဲ့ ကဓမ္မ တာနဲ့ ဆန့်ကျင်သော ကာမစပ်ယှက်မှု ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ထားပြီး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။
Source – မြေလတ်အသံ
ကရင်နီဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်
ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ )က မျိုးဆက်ပွားကျန်းမာရေးနဲ့ ကလေးကျန်းမာရေး စောင့်ရှောက်ရေး ဆေးခန်းမှာ သန္ဓေ တားဆေး၊ ထိုးဆေးတွေကို ဖေဖော်ဝါရီလကုန်အထိသာ ရယူနိုင်ပြီး နောက်ပိုင်းမှာ ပြတ်လတ်နိုင်တယ်လို့ ကရင်နီ ကျန်းမာ ရေးဌာန (KNHD) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။
ဇန်နဝါရီလ ၂၇ ရက်မှစလို့ ရက်ပေါင်း ၉၀ အတွင်း အမေရိကန်အစိုးရရဲ့ ဒုက္ခသည်တွေ အကူအညီပေးတဲ့ အသုံးစရိတ်ကို ယာယီရပ်ဆိုင်းလိုက်တာကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ယာယီဆိုင်းငံ့ထားတာပါ။ သန္ဓေတားဆေး သုံးစွဲနေ တဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက် ဒီလကုန်အထိသာ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။
ဒုက္ခသည်စခန်း အမှတ် (၁) ဆေးခန်းက အမျိုးသမီး လူဦးရေ ၂၀၀ ကျော်က သန္ဓေတားဆေးတွေကို အခမဲ့ထုတ်လို့ ရပေမယ့် ဆေးပြတ်လပ်သွားပါက ကိုယ့်ငွေနဲ့သာဝယ်သုံးရမှာပါ။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းအားလုံးကို ယာယီရပ် ဆိုင်းလိုက်ပေမယ့် လိုအပ်ချက်အရ ကရင်နီဒုက္ခသည်စခန်းက ဆေးခန်းကို လတ်တလောမှာ တနင်္လာနေ့မှ သောကြာနေ့အ ထိဖွင့်လှစ်ထားပါတယ်။
အရေးကြီးလူနာနဲ့ အရေးပေါ်လူနာတွေကို အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလည်း ရှိပါတယ်။ သို့ပေမယ့် တစ် ပတ်လျှင် တစ်ကြိမ်သာ ဆေးဝါးကို အကန့်အသတ်နဲ့သာ ပေးဝေတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဆေးခန်းအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံထားသလို ကရင်နီကျန်းမာ ရေးဝန်ကြီးဌာနကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်လျက် ရှိပါတယ်။
Source – ကန္တာရဝတီတိုင်း
အမျိုးသမီးတွေအပါအဝင် အင်းစိန်ထောင်မှ လွတ်ရက်စေ့တဲ့ရိုဟင်ဂျာ ၉၀၀ ဝန်းကျင် စစ်တွေကို ပို့ဆောင်ခံရ
စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အင်းစိန်ထောင်မှာ လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာအမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေ စုစုပေါင်း ၉၁၈ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်က ရန်ကုန်ဆိပ်ကမ်းကနေ ရခိုင်ပြည်နယ် စစ်တွေကို ပို့ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ သိုက်ထွန်းဦးက ပြောပါတယ်။
“ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမှာ ရိုဟင်ဂျာတွေကို စစ်သားအဖြစ် အသုံးပြုဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့သုံးတာမျိုးဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လက်ရှိရခိုင်ပြည်နယ်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီရဲ့ လူဦးရေအင်အားကို ဖြည့်တင်းဖို့နဲ့ လူသားဒိုင်းကာ အဖြစ်နဲ့လည်း ရိုဟင်ဂျာတွေအနေနဲ့ ကြုံရနိုင်ပါတယ်။ လက်ရှိအခြေအနေ စစ်တွေကို ပို့တယ်ဆိုတာက အင်မတန် အန္တရာယ် များတဲ့ အခြေအနေပါ”လို့ ဆိုပါတယ်။
အင်းစိန်ထောင်အပြင် အခြားအကျဉ်းထောင်မှာ ရိုဟင်ဂျာအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး သုံးထောင်ဝန်းကျင်ရှိတဲ့ အထဲက ၉၀၀ ဝန်းကျင် ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပေမယ့် အဆိုပါ ၉၀၀ ဝန်းကျင်ဟာလွတ်ရက်စေ့တာကြာပြီ ဖြစ်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဖြစ်ပါတယ်။
Source – ဖက်ဒရယ် FM
ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသူ ၅၇ ဦးကို WOPP ငွေကြေးထောက်ပံ့
မြန်မာနိုင်ငံကအကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ ၅၇ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP)မှ ငွေကြေးထောက်ပံ့မှုတွေ ကူညီထောက်ပံ့ပေးနိုင်ခဲ့လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဦး ဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
WOPP အဖွဲ့မှ မိသားစုတွေဆီကနေ ထောင်ဝင်စာပါဆယ်မရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၅ ဦးကို တစ်ဦးလျှင် တစ်သိန်း ကျပ်စီ တရားဝင် ဈေးဘားကနေ ပေးပို့ခဲ့ပြီး အရေးပေါ်ကျန်းမာရေးစောက်ရှောက်မှုလိုအပ်နေတဲ့ ၁၂ ဦးကို တစ်ဦးကို ၅ သောင်း ကျပ်စီ ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။
အရေးပေါ်ကျန်းမာရေးအတွက် ကူညီပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးဟာ ဆိုရင် အရေပြားရောဂါတွေ၊ နာတာရှည် ရောဂါခံစားနေရသူတွေ ဖြစ်ပြီး တချို့ဆိုရင် ထောင်ဝင်စာဧည့်တွေ့ခွင့်မရတဲ့အတွက် ဆေးဝါးပြတ်တောက်မှုတွေ ကြုံနေရ တာရှိပါတယ်။
Source – ဖက်ဒရယ် FM
ဖခင်အရင်းက အရွယ်မရောက်သေးတဲ့သမီးကို မုဒိမ်းကျင့်ဖို့ ကြံစည်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရသေ့တောင်ကျေးရွာမှာ ဖခင်အရင်းဖြစ်သူက အရွယ်မရောက်သေးတဲ့ သမီးဖြစ်သူကိုမုဒိမ်း ကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရပါတယ်။
ဇနီးဖြစ်သူက ကိစ္စတစ်ခုဖြင့် အပြင်သို့ ခေတ္တသွားနေချိန် အသက် (၃၈)နှစ်အရွယ် ဦးနိုင်ဝင်းက အိပ်ယာပေါ် အိပ်ပျော်နေတဲ့ အသက် (၁၁) နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။
သို့ပေမဲ့ လူသတ်မှုဖြင့် ထောင်ဒဏ် (၃) နှစ် ကျခဲ့ဖူးတဲ့ ဦးဝင်းနိုင်က ယခုကိစ္စကို ဘယ်သူမှမပြောဖို့နဲ့ ပြောပါက သတ်ပစ် မယ်ဆိုတာကြောင့် သားအမိနှစ်ဦးလုံး ကြောက်ရွံ့ပြီး မပြောရဲခဲ့ကြတာပါ။
လက်ရှိမှာ မိခင်ဖြစ်သူက အသက်မပြည့်သေးတဲ့ သမီးအရင်းကို မုဒိမ်းကျင့်ရန် ကြံစည်မှုနဲ့ ဖခင်ဖြစ်သူ ဦးနိုင်ဝင်းအား သံဖြူ ဇရပ်မြို့နယ် ကျိုက်ခမီနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။
Source – မွန်လူ့အခွင့်အရေး
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/02/2025
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025