ထနောင်းမေ
နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း အမျိုးသမီးထုရဲ့ ပါဝင်မှုဟာ အခန်းကဏ္ဍတိုင်းမှာ နေရာလပ်မရှိ အောင်ပါပဲ။ တော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ခယောင်းလမ်းတွေကို လျှောက်လှမ်းခဲ့ရသလို နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နောက်ဆက်တွဲလူမှုစီးပွားကြပ်တည်းမှုတွေကို အမျိုးသမီးတွေဟာ ခါးစည်းခံခဲ့ကြရပါတယ်။ အောင်မြင်မှုတွေရခဲ့သလို ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် အတွင်းအမျိုးသမီးထုရဲ့ သမိုင်းမှတ်တိုင်တွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီးများရဲ့အောင်မြင်မှု မှတ်တိုင်များ
ဒါရိုက်တာ ရှင်ဒေဝီ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာ ဖောင်ဒေးရှင်းကပေးအပ်တဲ့ Wallis Annenberg ဆုကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီက ရရှိခဲ့ပါတယ်။
Wallis Annenberg ဆုဟာ ထောင်တွင်းမတရားအကျဉ်းချခံနေရတဲ့ အမျိုးသမီးသတင်းသမားတွေကို ဂုဏ်ပြု ချီးမြှင့်တာဖြစ်ပြီး၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီကို ၂၀၂၄ ခုနှစ် အတွက် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ရှင်ဒေဝီဟာ မြန်မာနိုင်ငံကမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးတွေထဲမှာ ရှေ့ဆောင်လမ်းပြတစ်ဦးလည်းဖြစ်တယ်လို့ နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့ပါတယ်။
ထို့အပြင် ဒါရိုက်တာရှင်ဒေဝီဟာရဲ့ ဗီဒီယိုဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆုအဖွဲ့ကြီးက ၂၀၂၄ ခုနှစ် အတွက်အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆုကိုထပ်မံ ချီးမြှင့်လိုက်ပါတယ်။
မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအကြောင်း ရိုက်ကူးထားတဲ့ ”ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှု များ” ဆိုတဲ့ ဗီဒီယိုဆောင်းပါးကို လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနက ထုတ်လွှင့်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ အမေရိကန်အနုပညာရှင် Gracie Allen (၁၈၉၅-၁၉၆၄) အမှတ်တရအဖြစ် ဂရေစီဆု (Gracie Awards) လို့အမည်ပေးထားတဲ့ အဆိုပါဆုကို အမေရိကန်အခြေစိုက် အမျိုးသမီး မီဒီယာသမားများညွန့်ပေါင်း ဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ချီးမြှင့်တာဖြစ်ပါတယ်။
ဒါရိုက်တာရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းကမှာယူထားတဲ့ ဒရုန်းတစ်ခု သွားယူချိန် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ရှင်ဒေဝီဟာ ၂၀၀၇ ခုနှစ်ရွှေဝါရောင်အရေးအခင်း အကြောင်းကိုမှတ်တမ်းရယူခဲ့ကာ နိုင်ငံတကာကို သိစေခဲ့တဲ့ အမျိုးသမီးသတင်းထောက်တစ်ဦးလည်း ဖြစ်ပါတယ်။
KIC အယ်ဒီတာချုပ် နန်းဖော့ဂေ
သတင်းလောကမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုကို ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေဟာ ၂၀၂၄ ခုနှစ် အတွက်ချီးမြှင့်ခံခဲ့ရပါတယ်။ သတင်း မီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ အာဖရိက၊ အာရပ်ဒေသနဲ့ အရှေ့တောင်အာရှ သတင်းသမားတွေကိုအဓိက ချီးမြှင့်တာ ဖြစ်ပြီး နန်းဖော့ဂေဟာ အရှေ့တောင်အာရှ ကိုယ်စားပြုအဖြစ် ဆုချီးမြှင့်ခံရတာပါ။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သတင်းမီဒီယာလောကမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူညီမျှမှုရှိဖို့ အမျိုးသမီးသတင်းသမားတွေ စံနမူနာထား နိုင်ဖို့ ဒီဆုကိုချီးမြှင့်တာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် (၅၃)နှစ်အရွယ် နန်းဖော့ဂေဟာ နိုင်ငံတကာမြန်မာ့သတင်း (BNI) ရဲ့ အယ်ဒီတာဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ် သလို လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ သတင်းမီဒီယာလုပ် ငန်းကို ၂၀၀၀ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အယ်ဒီတာချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။
အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်ခိုင်ဇာအောင်
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်ကိုဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေ တဲ့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ILC) မှာ နော်ဝေ နိုင်ငံအလုပ်သမားသမဂ္ဂက ၂၀၂၄ ခုနှစ် နိုင်ငံတကာအလုပ်သမားသမဂ္ဂအခွင့်အရေးဆု (Arthur Svensson’s International Prize) ပေးအပ်ခဲ့ပါတယ်။
စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကအလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေကြား သွေးစည်းညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လာရေး ကြိုးပမ်းမှုတွေအတွက် နော်ဝေနိုင်ငံအလုပ်သမားသမဂ္ဂက ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
မခိုင်ဇာအောင်ဟာ စစ်အာဏာရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာသိအောင်၊ အရေးယူမှုတွေ လုပ်နိုင်အောင် တိုက်တွန်းပြောဆိုတာတွေ တွန်းတွန်းတိုက်တိုက်လုပ်နေခဲ့တာဖြစ်ပြီး နိုင်ငံတကာကို လှည့်လည် ပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေမြန်မာနိုင်ငံမှထွက်ခွာဖို့ ဖိအားပေးတာ၊ ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံကို ပေးထား တဲ့အခွန်ကင်းလွတ်ခွင့်နဲ့ အထူးကုန်သွယ်ခွင့်တွေကိုရုတ်သိမ်းပေးဖို့ တောင်းဆိုတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အာဏာမသိမ်းခင်ကာလတွေကတည်းကအမျိုးသမီးအလုပ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ရွေ့ပြောင်း အလုပ်သမားရေးနဲ့ အလုပ်သမားရေးပြဿနာတွေကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ဒေါက်တာ မီမီဝင်းဘတ်
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို ဟာဝါရီ အခြေစိုက် အာရှ-ပစိဖိတ်လေ့လာရေးဌာန (East West Center) က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ မြန်မာ့အရေးစွမ်းဆောင်မှု အသိအမှတ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။
ဒေါက်တာမီမီဝင်းဘတ်ကို East West Center ကအသိအမှတ်ပြုဆုပေးအပ်တာနဲ့ တပြိုင်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မြန်မာ့အရေးလှုပ်ရှားမှုတွေအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။
ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီး တာဝန်ကနေ အငြိမ်းစားယူထားသူ ဖြစ်ပြီး ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခအဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်လိုအပ်တဲ့ စိတ်ဓာတ်နဲ့ ဗျူဟာရေးရာတွေကို အကြံပေးနေသူ ဖြစ်ပါတယ်။
ရှေ့နေဒေါ်ရွက်နုအောင်
အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) အဖွဲ့က ၂၀၂၄ ခုနှစ် အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို ရှေ့နေ့ဒေါ်ရွက်နုအောင်ကို ချီးမြှင့်လိုက်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားမျှတမှုဆိုင်ရာ အခွင့်အရေးရရှိဖို့ ကြိုးပမ်းခဲ့သလို လွတ်လပ်တဲ့တရားစီရင်ရေး ပေါ်ထွန်းလာစေဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ချီးကျုးဂုဏ်ပြုတဲ့အနေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေအတွက် ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ အိုးဘိုထောင်တွင်း တရားရုံးချိန်း တစ်ခုမှအပြန် ၂၀၂၂ ခုနှစ် ဧပြီ လကုန်ပိုင်းမှာ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာပုဒ်မ ၅၀ (ည) နဲ့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ ဗစ်တိုးရီးယားအမှုမှာ ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။ ထို့အပြင် Myanmar Now သတင်း ဌာနအယ်ဒီတာတစ်ဦးဖြစ်သူ ကိုဆွေဝင်းကို အမျိုးသားရေးသမားဆိုသူများ၊ မဘသများက တရားစွဲဆိုမှုမှာလည်း ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။
ဒေါက်တာ နီလာသွင်
နယူးယောက်အခြေစိုက် Schneps Media အဖွဲ့ကပေးအပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် Impact Award ဆုကို ဒေါက်တာနီလာသွင်က ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဆုဟာ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ကောင်းမွန်တဲ့တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။
ဒေါက်တာနီလာသွင်ဟာ နယူးယောက်မြို့ Maimonides (မိုင်မော်နဒီစ်) ဆေးရုံရဲ့ LGBTQIA+ စိတ်ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူးလည်းဖြစ်သလို စိတ်ရောဂါအထူးကု တစ်ဦးလည်းဖြစ်ပါတယ်။
ထို့အပြင် ဒေါက်တာနီလာသွင်ဟာ LGBTQIA+ လိင်တူစုံမက်သူ လူမှုအသိုင်းအဝိုင်းတွေလိုအပ်တဲ့ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးနေတဲ့အပြင် မြန်မာနိုင်ငံမှာ စစ်ဘေး၊ သဘာဝဘေးနဲ့ ရောဂါဘေးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ အတွက်လည်း ကျန်းမာရေး အသိပညာ ပေး ကူညီစောင့်ရှောက်တာတွေကို ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ကရင်သရုပ်ဆောင်လားစေးဖော
ကရင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လားစေးဖောဟာ ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့က ကျင်းပခဲ့တဲ့ Asia Top Awards ပွဲမှာ Excellent in helping society “လူမှုအသိုင်းအဝန်းဆိုင်ရာ ကူညီပေးမှုထူးချွန်ဆု”ရရှိခဲ့ပါတယ်။ လားစေးဖောဟာထိုင်းနိုင်ငံရှိ မရှိဆင်းရဲသားတွေ၊ နယ်စပ်စစ်ဘေးရှောင်တွေ၊ သက်ကြီးရွယ်အိုတွေကို ကူညီပေးတဲ့အတွက်ကြောင့် Excellent in helping society “လူမှုအသိုင်းအဝန်းဆိုင်ရာ ကူညီပေးမှုထူးချွန်ဆု” ပေးအပ် ခံခဲ့ရတာ ဖြစ်ပါတယ်။ လားစေးဖောဟာ ထိုင်းနိုင်ငံ မယ့်အိုဆိုမှာ မွေးဖွားခဲ့ပြီး အသက် ၇ နှစ်ကနေ ၁၄ နှစ်အထိ ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းမှာ နေထိုင်ကြီးပြင်းခဲ့သူဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းအမျိုးသမီးများရဲ့ အမှောင်နေ့စွဲများထဲမှ တရားမျှတမှု
တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို နည်းမျိုးစုံနဲ့ ခံစားနေကြ ရပါတယ်။ စစ်ကောင်စီတပ်သားတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုတွေရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးအသိုင်းအဝိုင်းထဲကအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂၊ တပ်ခွဲ ၁ မှ ဒုတပ်ခွဲမှူး က သူ့ကိုပြန်မကြိုက်တဲ့ သခွတ္တော ကျေးရွာက အသက်၂၂ အရွယ် မယုမွန်ထက်ကို မိဘတွေရှေ့နေအိမ်မှာတင်သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။
မယုမွန်ထက်ဟာ မန္တလေးမြို့မှာနေထိုင်တဲ့ လိင်တူချစ်သူအမျိုးသမီး (အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး) နဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး အဲ့ဒီအမျိုးသမီးက သခွတ္တောရွာကိုလာတွေ့စဥ် ကိုပြည့်ဆိုသူရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ NUG အစိုးရယာယီသမ္မတအပါအဝင် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဗဟိုတိုင်ကြားမှုဆိုင်ရာကော်မတီ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့ကိုမတ်လ ၆ ရက်နေ့စွဲနဲ့ စာပို့တိုင်တန်းထားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ဒုတပ်ခွဲမှူးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ကော့မှူးနဲ့ မန္တလေးပုသိမ်ကြီးက အမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်းတွေမှာ အသက်မပြည့်သေးတဲ့ နိုင်/ကျဉ်းအမျိုးသမီးငယ်တွေနဲ့ အခြားအမျိုးသမီးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က ၂၀၂၄ ခုနှစ် မေလ ၃ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးအကြောင်းပြချက်နဲ့ အမျိုးသမီးငယ်တွေရဲ့ အခန်း၊ ရေချိုးခန်းတွေနဲ့ အိမ်သာတွေမှာ CCTV တပ်ဆင်တာ၊ အကျဉ်းသူအချို့ကို အပြစ်ပေးအရေးယူရာမှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ချွတ်ခိုင်းတာ၊ အပေါ့ အလေး သွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်းသာ သွားရောက်ခွင့်ပြုတာ၊ ကျန်အချိန်တွေမှာ အပေါ့ အလေး သွားပါကသင်တန်းကျောင်းဝန်ထမ်းတွေကတုတ်နဲ့ရိုက်တာ၊ ကျောင်းအတွင်းလုပ်ငန်းဟုဆိုကာ နိုင်/ကျဉ်းအမျိုး သမီးငယ်တွေကို ထင်းခွဲ၊ မြက်ပေါက်ခိုင်းတာ စတဲ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။
လူငယ်ထိန်းသိမ်းရေးကျောင်းတွေမှာ ထိန်းသိမ်းခံရသူအများစုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) စသည့် နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ် ၃ နှစ်မှ ၁၅ နှစ်ထိ ကျခံနေရသူတွေပါဝင်ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဥ်မှာ ဇနီးဖြစ်သူကို ဦးခေါင်းကွဲအက် ဒဏ်ရာနဲ့ သေဆုံးတဲ့အထိ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားဖြစ်သူ ဇော်ဝင်းထွဋ် (ခ) ဝဠာကို Sisters2Sisters အမျိုးသမီးအဖွဲ့နဲ့ အတူ Lion Battalion Commando စစ်ကြောင်းက တာဝန်ရှိသူတွေက ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်မှာ ထိုင်းရဲတပ်ဖွဲ့ ထံလွှဲပြောင်းအပ်နှံပြီးဖြစ်တယ်လို့ Lion Battalion Commando ကထုတ်ပြန်ပါတယ်။
သေဆုံးသွားသူ အမျိုးသမီးငယ်ဟာအသက် (၂၆) နှစ်ဝန်းကျင်ရှိတဲ့ မထက်ထက်ဇော် ဖြစ်ပါတယ်။ သူဟာ ဧပြီလ ကမဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းသည် (ဝဠာ) ဆီကို မြန်မာဘက်ခြမ်းကနေ လာတွေ့ချိန်မှာ အခုလို သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မထက်ထက်ဇော် ရဲ့ ရုပ်အလောင်းဟာ ၃ လကျော်ကြာ မဲဆောက်ဆေးရုံကြီး ရေခဲတိုက်မှာ ပိုင်ရှင်မဲ့ အလောင်းအဖြစ် ထိန်းသိမ်းထားရာကနေ ဇူလိုင် ၁၉ ရက်နေ့မှာ စျာပနပြုလုပ်နိုင်ခဲ့ပါတယ်။ မထက်ထက်ဇော် သေဆုံးမှုမှာတရားမျှတမှုရရှိနိုင်ဖို့ အမျိုးသမီးရေးတက်ကြွသူတစ်ဦးဖြစ်သလို သတင်းသမားတစ်ဦး ဖြစ်တဲ့ မထိပ်ထားက ဦးဆောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
NUGရဲ့ အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ဟာ ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးမှုကျူးလွန်ခဲ့ကြောင်း ထင်ရှားတဲ့အတွက် ရာထူးမှထုတ်ပယ်လိုက်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒဗဟိုကော်မတီက စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြင်သက်သေ၊ ထွက်ချက်များအရ စုံစမ်း စစ်ဆေးပြီးနောက် လိင် ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းအား အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိ ရတဲ့အတွက် ဆလိုင်းအိုက်ဇက်ခင်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး လက်ရှိတာဝန်နဲ့ ရာထူးမှထုတ်ပယ် လိုက်တာဖြစ်ပါတယ်။
တိုင်ကြားစာနဲ့ ပတ်သက်ပြီး အမျိုး သားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားကာ ဌာနအတွင်းစစ်ဆေးကြားနာမှုလုပ်ခဲ့ပြီး အဲဒီစစ်ဆေးချက်တွေကို လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတွေကနေ ကာကွယ်ခြင်းဆိုင်ရာမူဝါဒအကောင် အထည်ဖော်ရေးကော်မတီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာစစ်တပ်ကိုးကွယ်တဲ့ မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင်ဘုန်းကြီး ဆရာ တော် အရှင်ဝါသဝက ဘုန်းကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတွေနဲ့ တရားစခန်း ဝင်လာတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား သီလရှင်ဝတ်ခိုင်းပြီး ကျောင်းထိုင်ဘုန်းကြီးကသာသနာအတွက် ပါရမီဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းသလို၊ မျိုးဆက်ပွားရမယ်လို့ဆိုကာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာထုတ်ဖော် ပြောဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဆိုသူဟာ လက်တွေ့အသုံးချဗုဒ္ဓဓမ္မနဲ့ ဘဝအောင်မြင်ရေး Online သင် တန်း၊ GOALS International Company Limited တို့ကို တည်ထောင်ထားပြီး လစဉ်ဝင်ငွေ သိန်းထောင်ချီ ရရှိ နေပါတယ်။ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင်ဘုန်းကြီးကို စစ်ကောင်စီဘက်မှ တာဝန်ရှိသူတချို့သွား ရောက် စစ်ဆေးခဲ့ပေမယ့် ထွက်ပြေးတိမ်းရှောင်နေပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမျိုးသမီးသတင်းထောက်တစ်ဦးကို အမျိုးသားတစ်ဦးက ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့အပေါ် အပြင်းအထန်ကန့်ကွက်ရှုံ့ချပြီး ဒေသဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့အရေးယူမှုကို ဆောင်ရွက်ပေးဖို့ Myanmar Women in Media (MWiM) ကတိုက်တွန်းလိုက်ပါတယ်။
မြေလတ်အသံသတင်းဌာနရဲ့ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနဲ့ သူ့ရဲ့ Partner ဖြစ်သူ Transgender အမျိုးသမီးတစ်ဦးကို ကိုဝင်းကျော်ဆိုတဲ့အမျိုးသားက ဒီဇင်ဘာ ၁၄ ရက်နေ့က ကိုယ်ထိလက်ရောက်တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဥ်မှာ ကိုဝင်းကျော်ဆိုသူတည်းခိုတဲ့နေရာမှာ ဖွင့်လှစ်ထားတဲ့အင်တာနက်ဆိုင်မှာ မငြိမ်းချမ်းစုကြည် အလုပ်လုပ်နေချိန် ကိုဝင်းကျော်က မငြိမ်းချမ်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင်သတင်းထောက်အလုပ်နဲ့ သတင်းဌာန ကိုပါနှုတ်နဲ့ စော်ကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ထို့အပြင် မငြိမ်းချမ်းစုကြည်ရဲ့ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီး) ကိုလည်း ကိုယ်ထိလက် ရောက် ထိုးနှက်မှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအသိုင်းအဝိုင်းမှ ဝိုင်းဝန်းလှုံ့ဆော်နေကြပါတယ်။
အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ စစ်မှုထမ်းဥပဒေ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးထုတ်ပြန်ခဲ့ပါ တယ်။
ဒီဥပဒေမှာ အမျိုးသားအသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ၊ အမျိုးသမီးအသက် ၁၈ နှစ်မှ ၂၇ နှစ် အထိစစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူနဲ့ တခြားအတတ်အပညာနဲ့ အသက်မွေးဝမ်း ကြောင်းပြုသူတွေကို ကျွမ်းကျင်သူလို့သတ်မှတ်ပြီး အမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ် ကြားသတ်မှတ်ထား ပါတယ်။ နိုင်ငံသားတိုင်းဟာ သာမာန်အခြေအနေဆိုရင် နှစ်နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်အခြေ အနေဆိုရင် ငါးနှစ်အထိစစ်မှုထမ်းရမှာ ဖြစ်ပြီး စစ်မှုလက်မှုပညာသည်တွေကတော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။
အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင်ကြားနေသူ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကု နေရသူ၊ ထောင်ကျနေသူတွေကတော့ စစ်မှုထမ်းဖို့ ရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။
ဧပြီလကုန်မှာ အသက် (၁၈)နှစ် (၃၅)နှစ် အထိအသက်ပြည့်တဲ့အမျိုးသားငါးထောင်ကို ပထမဆုံးစစ်မှုထမ်းသင်တန်းခေါ်ယူခဲ့ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပါတ်စဉ် (၅)ရောက်မှ အမျိုးသမီးများကို စတင်ခေါ် ယူမည်ဟုပြောဆိုသော်လည်း မြေပြင်မှာတော့ အမျိုးသမီးတွေကို အဓမ္မနာမည်စာရင်းကောက်ပြီး ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ စစ်မှုထမ်းဖို့အတွက်အမျိုး သမီးအမည်စာရင်းတွေကို လိုက်လံကောက်ယူနေပါတယ်။
ရန်ကုန်က တချို့မြို့နယ်တွေမှာ အမျိုးသမီးတွေအနေနဲ့ ရပ်ကွက်ရုံးကို မဖြစ်မနေလာရမယ်လို့ဆိုကာ ရပ်ကွက် အာဏာပိုင်တွေက လာရောက်ခေါ်ယူခဲ့သလို အိမ်ထောင်ရှင်အမျိုးသမီးလည်း နာမည်စာရင်းပေးရမှာဖြစ်ပြီး နာမည်စာရင်းလာမပေးရင် ဖမ်းဝရမ်းထုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကာ နာမည်စာရင်းကောက်သွားပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့ကရပ်ကွက်တချို့ ကန်ဖျားနယ်မြေ မြိတ်တောင်နယ်မြေက ရပ်ကွက်တွေမှာ လည်း အမျိုးသမီးအမည်စာရင်းတွေကို ရာအိမ်မှူးတွေ လိုက်လံကောက်ယူနေပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ မိသားစုနေအိမ်တွေကို ညသန်း ခေါင်အချိန်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာ လူငယ်လူရွယ်တွေကို သွားလာနေချိန် လမ်းခုလတ်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေလည်း ရှိနေပြီး၊ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါ၀င်လာတယ်လို့ သိရပါတယ်။
လူသစ်စုဆောင်းမှုထဲ အသက် ၁၈ ကနေ ၂၀ ကျော် အရွယ်အမျိုးသမီး ၄-၅ ဦးပါဝင်နေပြီး မိဘတွေက လိုက်ရွေးတဲ့အခါ ထုတ်မပေးဘဲ စစ်သင်တန်းဆင်းရမယ် စာရင်းအင်းကိုင်ရမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ကာယကံရှင်မိဘ တွေကဆိုပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာမှာရှိတဲ့ အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ဖို့ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေထဲ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေရဲ့ စာရင်းတွေ ကောက်ယူပြီး ဩဂုတ်လအတွင်းမှာ သင်တန်းပို့ဆောင်နေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုပါတယ်။
အမျိုးသမီးများကို လတ်တလော မခေါ်ယူသေးဟုစစ်ကောင်စီက ကြေညာထားပေမယ့် စစ်ကောင်စီက စစ်မှု ထမ်းရန် အကျုံးဝင်တဲ့ အမျိုးသမီးများစာရင်းကို တောက်လျှောက်ဆိုသလို ကောက်ယူလျှက်ရှိရာမှ စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များတွင်ပါ စာရင်းကောက်ယူလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြင်ပသင်တန်းကျောင်းတွေကနေလည်း အမျိုးသမီးတပ်သားသစ်တွေ စုဆောင်းနေပါတယ်။
အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေကို ကြည်း၊ ရေ၊ လေ လက်ရုံးဝန်ထမ်းတပ်တွေမှာ အခြား အဆင့်ကနေ တာဝန်ထမ်းဆောင်ဖို့ လူသစ်စုဆောင်းနေတာဖြစ်ပြီး စုဆောင်းရေးတပ်တွေက စုဆောင်းရရှိတဲ့ အမျိုးသမီးတပ်သားသစ်တွေကို မေလအတွင်း သင်တန်းကျောင်းတွေမှာ လေးလတာ သင်တန်းပေးသွားမှာ ဖြစ်တယ်လို့ မှော်ဘီသင်တန်းကျောင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။