Home ဆောင်းပါး အွန်လိုင်းမှ ရန်ပြုခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်နေတဲ့ အမျိုးသမီးများ

အွန်လိုင်းမှ ရန်ပြုခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်နေတဲ့ အမျိုးသမီးများ

ရှင်ငြိမ်း   

“ဒီည ငါနဲ့လာအိပ်ပါလား။ ခါတိုင်းထက် ဈေးပိုပေးမယ်လေ”လို့ အမျိုးသားနှစ်ဦးက လူအများကြားအောင် အသံ ကျယ်ကျယ်နဲ့ နော်မာရီကို ရင်းနှီးသလိုမေးလိုက်ပြီးနောက် စပ်ဖြဲဖြဲလုပ်ကာ စက်ဘီးနဲ့ ပြန်ထွက် သွားကြပါတယ်။

ရုတ်တရက် မေးခံလိုက်ရတဲ့ နော်မာရီကတော့ ရှက်လွန်းတဲ့စိတ်ကြောင့် တကိုယ်လုံး အေးစက် တောင့်တင်းသွားသလို ဘာမှလည်း ပြန်မပြောနိုင်လောက်အောင် ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့တာပါ။

နော်မာရီက“ကျမသိက္ခာကျဖို့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ခေါ်တိုင်းလိုက်တဲ့မိန်းမလိုပြောသွားတာ။ သူတို့ ဘယ်သူ တွေလဲ၊ ဘာကြောင့်လုပ်လဲဆိုတာ သိနေတာပဲ တိုင်လည်းမထူးဇာတ်မို့ မတိုင်ဘူး။ ကိုယ်လုပ်စရာရှိတာဆက်လုပ်တယ်”လို့ ပြောပါတယ်။

အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နော်မာရီက စစ်အသိုင်းအဝိုင်းက ကျူးလွန်တဲ့ သက်ငယ် မုဒိမ်းမှုမှာ အမှုမှန်ပေါ်ဖို့ အရေးလိုက်ပါကူညီပေးတာကြောင့် နောက်ဆုတ်သွားဖို့ရည်ရွယ်ကာ အခုလိုသိက္ခာချ အရှက်ခွဲတာဖြစ်ပါတယ်။

ဒီအမှုကပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလက စစ်ကိုင်းတိုင်းမှာ ဖြစ်ခဲ့တာပါ။ ကျူးလွန်သူဖြစ်တဲ့အသက် ၇၀ နှစ် အရွယ် အမျိုးသားက အငြိမ်းစား စစ်ဗိုလ်မှူးတစ်ဦးဖြစ်ပြီးနစ်နာတဲ့ ကလေးငယ်ကတော့ အသက် ၅ နှစ် အရွယ်ကောင်လေးဖြစ်ပါတယ်။ လိင်တူကျူးလွန်တဲ့အမှုပါ။

နစ်နာတဲ့ကလေးငယ်က ကျူးလွန်တဲ့ အမျိုးသားရဲ့ အိမ်မှာ သူ့မြေးဖြစ်သူနဲ့ အတူတူ လာကစားနေကြသူ ဖြစ်ပါတယ်။ တစ်ရက် အိမ်ကလူတွေအလှူသွားလို့ ဘယ်သူမှမရှိတဲ့ အချိန်မှာ ကလေးငယ်ကို ချောကလက်ကျွေးမယ် ဆိုပြီး အိပ်ခန်းခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာပါ။

“ကလေးရဲ့ လက်နဲ့ခြေထောက်ကို ကြိုးနဲ့တုတ်ပြီး ပြုကျင့်တယ်။ ပြီးတော့ ငါလုပ်တာလို့ပြောရင် နင့်ကို ဖမ်းခေါ်ပြီး ရေနစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ပိုဆိုးတာကကလေးကို ဒဏ်ရာတွေနဲ့ တွေ့မှာစိုးတော့ အိမ်မပြန်ခိုင်းဘဲ တညခေါ်ထားသေးတာ။ အဲ့ဒီမှာ ကလေးက ထရော်မာရသွားတယ်”လို့ နော်မာရီက သူတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

နောက်နေ့မှာ ကလေးငယ်ကို မုန့်တွေ၊ အဝတ်အစားသစ်တွေနဲ့ ငွေနှစ်သောင်းပေးကာ ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။ အိမ်ရောက်တော့ မိခင်ကို သူတို့ ငါ့ကိုရိုက်တယ်လို့ ငိုပြီးတိုင်တာကနေ ဖြစ်စဉ်ကို သိရှိခဲ့ရတာပါ။

ကလေးပြန်လာတဲ့ ညနေပိုင်းမှာတော့ ကျူးလွန်သူရဲ့ သမီးဖြစ်သူရောက်လာပြီး ခြိမ်းခြောက်သလိုနဲ့ ကလေးကို ဆေးကုပေးမယ်။ အမှုမဖွင့်နဲ့လို့ ပြောလာတာကြောင့် နစ်နာသူတွေက ဘာလုပ်ရမှန်းမသိတဲ့အတွက် နော်မာရီရဲ့   သူငယ်ချင်းက တဆင့် အကူအညီတောင်းဖို့ ဆက်သွယ်လာတာဖြစ်ပါတယ်။

“ပထမ နော်မာရီနဲ့ နစ်နာသူရဲ့ အမေနဲ့ အဲ့ဒီအိမ်သွားပြီး အပြစ်ကို ဝန်ခံပါ။ နောက်ကလေးရဲ့ထရော်မာကို ကုစားဖို့ လိုအပ်တဲ့ ငွေကြေးတောင်းတယ်။ အဖိုးကြီးကတော့ သူဘာမှမလုပ်ဘူး ငြင်းတယ်။ သူ့သမီးကတော့ သဘောပေါက်တော့ အချိန်လေးရက်ပေးပါ အကုန်လုပ်ပေးပါမယ်ဆိုလို့ ကျမတို့ပြန်လာလိုက်တယ်”လို့ နော်မာရီက ပြောပါတယ်။

အဲ့ဒီကပြန်လာပြီး နောက်နေ့စလို့ လေးရက်တိုင်တိုင် နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ရန်ပြုခံခဲ့ရတာပါ။ “လမ်းကနေ စောင့်ပြီး ဓါးနဲ့ထောက် နင်အခုလုပ်နေတာတွေ ရပ်တန်းကရပ် မရပ်ရင် နင်တို့ မိသားစုတစ်ခုလုံး အရှင်မထား ဘူးတဲ့။ အဲ့ဒီမှာ အမေတို့ကို တစ်နေရာပို့ ကျမလည်း တစ်နေရာပြီး တစ်နေရာပြောင်းနေပြီး ဒီအမှုကို ဆက်လုပ်ရတယ်”လို့ ဆိုပါတယ်။

အခုလို ခြိမ်းခြောက်ခံနေရတာတောင် အမှုကို ဆက်လုပ်နေလို့ဆိုပြီး နော်မာရီ အသုံးပြုနေတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်ကို  Hack ပြီး ဒီကောင်မက အိပ်ဖို့လူရှာနေပါတယ်ဆိုပြီး လိပ်စာတင်ကာ သိက္ခာချတာတွေ၊ နောက်သူ့ရဲ့ အချက်အလက်တွေကို ယူကာ အကောင့်တုဖွင့် အရှက်ခွဲတာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် နော်မာရီနဲ့ သူ့ချစ်သူတို့ နှစ်ကိုယ်ကြားပြောထားတဲ့စကားတွေကို Screenshot ရိုက်ကာ နော်မာရီနဲ့ ရင်းနှီး သူတချို့ထံပေးပို့ပြီး အမှုကို ဆက်မလုပ်နိုင်အောင် အရှက်ခွဲခဲ့တာပါ။ ဒီလိုအရှက်ခွဲ သိက္ခာချနေသူတွေကတော့ ကျူးလွန်သူ စစ်ဗိုလ်မှူးဟောင်းရဲ့တပည့်တွေလို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူထံမှ ပြန်ကြားသိခဲ့ရတာဖြစ်ပါတယ်။

နော်မာရီက“သူတို့ဘယ်လိုလုပ်လုပ် ကျမကတော့အမှုပြီးအောင်ဆက်လုပ်ပေးတယ်။ တောင်းတဲ့ အတိုင်းအားလုံး ရတယ်။ ဒါပေမဲ့ ကျမကတော့ လေးရက်လုံးလုံး ငရဲကျသလို နေခဲ့ရတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပြသနာတွေနောက်ဆုတ်နုတ်ပိတ်သွားစေဖို့ ရည်ရွယ်ပြီး အမျိုးသမီးတွေကိုအွန်လိုင်းကနေ ခြိမ်း ခြောက်ရန်ပြုမှုတွေ များပြားလာကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အထူးသဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ တရားမျှတမှုရစေဖို့ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီးသတင်းထောက်တွေကို ပစ်မှတ်ထားခြိမ်းခြောက်ရန်ပြုလာတာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ အွန်လိုင်းကနေ ဝေဖန်တိုက်ခိုက်တာ၊ အရှက်ရအောင် ဆဲဆိုတာ၊ အသက်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရန်ပြုတိုက်ခိုက်တာတွေကို ရင်ဆိုင်နေရတာပါ။ ကျူးလွန်သူ အများစုကတော့ အကြမ်းဖက် စစ်တပ်အားကိုးနဲ့ ကျူး လွန်နေကြတာဖြစ်ပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နော်မာရီဆိုလည်း အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး တစ်ဦးကို ကယ်ထုတ်ပေးရာမှာလည်း ကျူးလွန်တဲ့အမျိုးသားကသူ့ကို ထောက်ပို့အဖြစ် စွပ်စွဲတိုင်တန်းတာကြောင့် ရဲစခန်းမှာ နှစ်ရက်တာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတော့ စိုးရိမ်မှုရှိတာကြောင့် နော်မာရီဟာမိသားစုနဲ့အတူ သူ့ကို လုံးဝမသိတဲ့ ဒေသတစ်ခုဘက်ကို ပြောင်းရွှေ့နေခဲ့ ရပါတယ်။

ယခင်လိုအမျိုးသမီးအမှုကိစ္စတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းအများစုကလည်း စစ်တပ်ရန်ကို တိမ်းရှောင်နေရတော့ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေဟာ ကူကယ်ရာမဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း သူက ရှင်းပြပါတယ်။

“ကျမမှာ ငွေမရှိဘူး။ လုံခြုံရေးအထောက်အပံ့လည်းမရှိတော့ အများကြီးလည်းမကူညီနိုင်ဘူး။ အိမ်တွင်း အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးဆိုရင် သူ့အမျိုးသားက အိမ်ထဲမှာပိတ်လှောင်ထားတာပေါ့ အဲ့ဒီလိုဆိုရင်တော့ ကယ်ထုတ်ပေးတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ သူ့ကို လုံခြုံတဲ့နေရာထားပေးတာမျိုးထိတော့ မလုပ်ပေးနိုင်သေးဘူး” လို့ နော်မာရီက ဆိုပါတယ်။

သူ့အနေနဲ့ အခုလိုရန်ပြုတိုက်ခိုက်တာတွေကို စိုးရိမ်ထိတ်လန့်ပေမယ့် ကိုယ့်အခွင့်အရေးကိုယ်မသိဘဲ အမျိုးသားတွေ အနိုင်ကျင့်သမျှခံနေရတဲ့ အမျိုးသမီးတွေနဲ့ ခက်ခဲပြီး အကူအညီလိုနေတဲ့အမျိုးသမီးတွေကို ကူညီပေးချင်လို့ အခုလိုလုပ်ဆောင်နေတာကြောင်း သူက ရှင်းပြပါတယ်။ 

အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကိစ္စလုပ်ဆောင်တဲ့အခါ ရန်ပြုခြိမ်းခြောက်ခံရတာတွေကတော့အခုမှကြုံရတာ မဟုတ်သလို ယခင် NLD အစိုးရလက်ထက်မှာလည်း အမျိုးသမီးရေးလှုပ်ရှားသူတွေဟာ အခုလို ရန်ပြုခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“အရင်က တိုင်လို့ရတယ်။ အခုက သွားတိုင်ရင်တောင် ကိုယ်ပါထောင်ထဲရောက်သွားနိုင်တဲ့အခြေအနေလေ။ အာဏာသိမ်းလိုက်ထဲက တရားဥပဒေဆိုတာလည်း မရှိတော့ ပိုအန္တရာယ်များလာတယ်”လို့ သူကပြောပါတယ်။

ကရင်တိုင်းရင်းသူဖြစ်တဲ့ နော်မာရီဟာ အာဏာသိမ်းမှု မဖြစ်မီက နိုင်ငံခြားဘာသာတက္ကသိုလ်မှာကျောင်းတက်ရင်း အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှာလည်း သုံးနှစ်ကျော်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာစစ်တပ်နဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ ကျုံထော်ရွာဇာတိဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် မိဘနှစ်ပါးနဲ့ အမဖြစ်သူတို့ဟာ စာမသင်ခဲ့ရတဲ့အတွက် သမီး အငယ်ဆုံးဖြစ်တဲ့ နော်မာရီကို ပညာတတ်ဖြစ်စေချင်တာကြောင့် ဖခင်ရဲ့ညီမဖြစ်သူရှိတဲ့ မော်လမြိုင်ပို့ကာ ပညာသင်စေခဲ့ပါတယ်။

အဒေါ်ဖြစ်သူက သူရဲ့သားသမီးနှစ်ယောက်နဲ့ အတူ နော်မာရီကို အမြင်ပွင့်လာဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ပို့ကာ ပညာသင်စေခဲ့တာဖြစ်ပါတယ်။ နော်မာရီ တက္ကသိုလ်တက်နေတဲ့အချိန်မှာ သူငယ်ချင်းဖြစ်သူက အမျိုးသမီးများနေ့ ပွဲကို သွားဖို့ခေါ်ရာကနေ အမျိုးသမီးရေးလှုပ်ရှားသူဖြစ်ဖို့ လမ်းစဖြစ်လာခဲ့တာပါ။

“အဲ့ဒီမှာ သိလာတာက အကြမ်းဖက်မှုတွေကဘာတွေလဲ။ အမျိုးသမီးအခွင့်အရေးက ဘာတွေလဲပေါ့။ အရင်က ယောကျာ်းက ကိုယ့်မိန်းမကို ရိုက်လို့ရတယ်ပေါ့။ ရွာမှာဆို မုဒိမ်းမှုဖြစ်ရင် မိန်းမတွေပဲအပြစ်ပေးခံရတယ်။ ဒါတွေ မလုပ်သင့်ဘူး ဆိုတာ သိလာတော့ အမျိုးသမီးအဖွဲ့တစ်ခုမှာ Interm(အလုပ်သင်) ဆင်းရင်းအလုပ်လုပ် ဖြစ်သွားတယ်။”လို့ နော်မာရီက ပြောပါတယ်။ 

အမျိုးသမီးအဖွဲ့မှာ လုပ်ကိုင်နေတာကြာလာတာနဲ့အမျှ နော်မာရီဟာ ဖိုဝါဒကြီးစိုးမှုအပေါ် မုန်းတီးဆန့်ကျင်သူ ဖြစ်လာခဲ့သူ ဖြစ်တဲ့အလျှောက် အမျိုးသမီးတွေရဲ့ အမှုကိစ္စတွေလည်း တရားမျှတမှုရဖို့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နော်မာရီက“အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှု ပိုများလာတယ်။ သူတို့တွေ တရားမျှတမှုရဖို့ လုပ်တော့လည်း အွန်လိုင်းကနေ ညစ်ညမ်းဗီဒီယိုတွေပို့ပြီး ဒီလိုလေး အရသာခံကြည့်မလား။ နင့်ပါ မုဒိမ်း ကျင့်ရမလား စတဲ့ညစ်ညမ်းစာတွေပို့ အရှက်ခွဲတာပေါ့”လို့ သူက ရှင်းပြပါတယ်။

နော်မာရီက အစပိုင်းမှာ အမျိုးသမီးတွေအကြမ်းဖက်ခံရမှုဖြစ်တဲ့အခါ ကျူးလွန်သူအရှက်ရစေဖို့ ရည်ရွယ်ပြီး အွန်လိုင်းမှာ ဖြစ်စဉ်ကို တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်အောက်မှာ သူ့ကို ဝေဖန်တိုက်ခိုက်ဆဲဆိုတာ ချက်ဘောက်ကနေ ညစ်ညမ်းစာတွေ ပုံတွေပို့တာလည်း ခံခဲ့ရတာပါ။

အခုလိုတိုက်ခိုက်ခံရတာတွေကြောင့် အစပိုင်းမှာ နစ်နာတဲ့အမျိုးသမီးတွေကို ကူညီပေးတာဆက် မလုပ်နိုင်တော့ တဲ့အထိ အရှက်ရပေမယ့် အလွယ်တကူ အလျော့မပေးတတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်ကြောင့် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

“စိတ်ကို နှစ်သိမ့်ဆွေးနွေးမှု ယူရတယ်။ အစကတော့ ရဲသွားတိုင်ရင်ကောင်းမလားစဉ်းစားသေးတယ်။ နောက်တော့ မဖြစ်ပါဘူး။ နဂိုကမှ ကြည့်မရနေတာ ထောင်ထဲထည့်လိုက်ရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ဘာသာ အားတင်း ပြန်လုပ်ခဲ့ရတာပေါ့”လို့ နော်မာရီက ပြောပါတယ်။ 

လက်ရှိမှာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးကိစ္စတွေဆောင်ရွက်တဲ့အခါ သိုသိပ်စွာ ဆောင်ရွက်နေရတာဖြစ်ပါတယ်။

အလားတူ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ် သတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ မထိပ်ထားဆိုလည်း အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ရင်း မီဒီယာမှ တဆင့်ထုတ်ဖော်ရာမှာလည်း ဒလန် အဖြစ်ပုံဖော်တိုက်ခိုက်တာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

“အဆိုးဆုံးက ဒလန်လိုပုံဖော်တာ။ အဲဒါက ကျမ အသတ်ခံရနိုင်တဲ့အခြေအနေပါ။ တော်လှန်ရေးကာလမှာ ဒလန်လို့သုံးနှုန်းမှုလောက် ခြိမ်းခြောက်မှုမြင့်တာမရှိတော့ဘူး။”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မထိပ်ထားက ပြောပါတယ်။

သူဟာ တော်လှန်ရေးကာလ စစ်ကောင်စီမှ ကျူးလွန်တဲ့ မတရားမှုတွေသာမက တော်လှန်ရေးသမားတွေရဲ့ကျူးလွန်မှုတွေပါ ထုတ်ဖော်ပေးနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် အသက်သေဆုံးခဲ့တဲ့အမျိုးသမီးရဲ့ ရုပ်အလောင်းကို ကောင်းစွာသဂြိုလ်ပေးနိုင်ခဲ့သလို တော်လှန်ရေးအသိုင်းအဝိုင်းထဲက တရားခံကိုလည်း ထိုင်းရဲလက်ထဲအပ်နိုင်ခဲ့ပါတယ်။ 

လူတစ်ယောက်လုံးသေဆုံးခဲ့တဲ့အမှုကို တော်လှန်ရေးအသိုင်းအဝိုင်းက သာမာန်လင်မယားရန်ဖြစ်တဲ့ပုံစံနဲ့ အမှုကို ဖုံးဖိထားခဲ့တာဖြစ်ပါတယ်။ မထိပ်ထားက ဒါကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့ ဒလန်အဖြစ်နဲ့ ပုံဖော် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စကစရဲ့ လော်ဘီချန်နယ်တွေမှာလည်း အမပုံတင်ပြီး ပြည်သူတွေဆီက ငွေလိမ်တောင်းနေတယ်ပေါ့။ နောက် အစ်မက အရင်က ဘာလုပ်ခဲ့တာ။ သူ့အဖေက စစ်ထောက်လှမ်းရေး။ သူက ဘောမသမီး။ စစ်ခွေးသမီး အမျိုးစုံပဲ ပြောဆိုတာပေါ့။ အဲ့ဒီလို ခဏခဏကြုံရတယ်။ အရင်က လိုက်မှတ်ထားသေးတယ်။ ခုတော့ ထမင်းစား ရေသောက်သလို ဖြစ်နေတော့ လာပြောလည်းပြောပေါ့၊ ဆဲလည်း ဆဲပေါ့”လို့ မထိပ်ထားက ဆိုပါတယ်။

တကယ်တော့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အမှုကအမှုမှန်ပေါ်ပေါက်ဖို့ တရားခံဖမ်းမိဖို့ဆိုတာ ပြောသလောက် မလွယ်ခဲ့ပါဘူး။ single mother တစ်ဦးဖြစ်တဲ့ မထိပ်ထားဟာ ကလေးငယ်နှစ်ယောက်ကို တစ်နေရာမှာထားပြီး သူကိုယ်တိုင်လည်း နေရာပြောင်းပုန်းခိုရင်း အမှုလိုက်ခဲ့ရတာဖြစ်ပါတယ်။

“အခက်အခဲတွေ ခြိမ်းခြောက်မှုတွေကြားက အမှုလိုက်တာ သုံးလကြာတယ်။ အမှုကို စဖော်တော့ပထမဆုံး တွေ့ရတဲ့ အခက်အခဲက လုံခြုံရေးပဲ။ နောက်အစ်မမှာ ငွေနဲ့ အကာအကွယ်တွေမရှိဘူး။ အမှုကို လူသိရှင်ကြား ဖြစ်သွားတော့ အားပေးကူညီတာတွေ ရှိသလို ရှောင်ဖယ်သွားတဲ့ လူတချို့လည်း ရှိတယ်။”လို့ သူက ရှင်းပြပါတယ်။

မထိပ်ထားဟာ အမျိုးသမီးကိစ္စတွေဖော်ထုတ်တဲ့အတွက် အသတ်ခံရမယ့် အခြေအနေထိကြုံရတောင် ဆက်လုပ်နေရတဲ့ ခိုင်လုံတဲ့အကြောင်းတရားတွေလည်း သူ့မှာရှိနေတာဖြစ်ပါတယ်။

ဒါကတော့ သူဟာ ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရပေမယ့် သက်သေမခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားမျှတမှုမရခဲ့တာကြောင့် သူ့လိုအမျိုးသမီးတွေထပ်မရှိလာစေဖို့ ရည်ရွယ်ပြီး အခုလို ဆောင်ရွက်နေတာလို့ မထိပ်ထားက ဆိုပါတယ်။

“အစ်မက တကိုယ်တော်မိခင် မြန်မာအသိုင်းအဝိုင်းအရဆို လင်ကောင်မပေါ်ဘဲကလေးမွေးတယ်ပေါ့။ အဲ့လို ရုန်းကန်လာရသူမို့ ထင်တယ်။ အမျိုးသမီးရေးကိစ္စရပ်တွေဆို အစ်မ Mood က သတ်မယ်ဆိုလည်း ဆက်လုပ်တာပဲ။ မကြောက်တတ်တာ မဟုတ်ပေမယ့်ပေါ့”လို့ သူက ပြောပါတယ်။ 

မထိပ်ထားအနေနဲ့ သူ့ဓါတ်ပုံနဲ့ စစ်ကောင်စီလော်ဘီချန်နယ်မှာ တက်လာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးကော်မရှင်ထံ အကူအညီသွားတောင်းဖူးပေမယ့် အရေးလုပ်မခံခဲ့ရဘူးလို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ ကိုယ့်လုံခြုံရေး ကိုယ်ယူပြီး တိုက်ခိုက်လာတဲ့စာတွေကို မှတ်တမ်းရိုက်ယူကာ ဆဲဆိုလာတဲ့ အကောင့်တုတွေကို ဘလော့ခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းတွေကို လူမူကွန်ရက်မှာတင်ပြီး ဒီလူလုပ်တာပါလို့ အသိပေး ဖော်ထုတ်ခဲ့ပါတယ်။

တော်လှန်ရေးကာလမှာလည်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေသာမက အမျိုးသမီး သတင်းထောက်တွေလည်း အမှန်တရား ထုတ်ဖော်ရေးသားတာကြောင့် ဝေဖန်တိုက်ခိုက်တာတွေ ကြုံနေရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် သတင်းဌာနတစ်ခုကို ရန်ကုန်မြို့ကနေ သတင်းပေးပို့နေတဲ့ အမျိုးသမီးသတင်း ထောက် ရှင်းရှင်း(အမည်လွှဲ)ဆိုလည်း စစ်တပ်ကျူးလွန်တဲ့ သတင်းတွေဖော်ပြတဲ့အခါ ဆဲဆို ရန်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

ရှင်းရှင်းက“ညီမတို့ဌာနတင်တဲ့သတင်းတွေအောက်မှာ ဒီသတင်းရေးသူက ကောင်မဖြစ်မယ်ဆိုပြီး နှမချင်းမစာ မနာဆဲဆိုတာ၊ နောက်ချက်ဘောက်မှာ မိန်းကလေးအကောင့်အပ်ပြီး နင့်ရင်က ကြီးလိုက်တာ၊ တင်က ဘယ်လိုတို့ အဲ့လိုမျိုးတွေ ပို့တယ်၊ ဘလော့ရင်လည်း အသစ်တစ်ခုနဲ့ပြန်အပ်တာ ”လို့ ပြောပါတယ်။ 

အထူးသဖြင့်တော့ စစ်ကောင်စီကျရှုံးတဲ့သတင်းတွေ၊ စစ်အုပ်စုက ကျူးလွန်တဲ့အမှုတွေရေးတဲ့အခါမှာ ရှင်းရှင်း ဓါတ်ပုံနဲ့ ဒီမယားငယ်မကို သတ်ကြပါလို့ စစ်လော်ဘီချန်နယ်တွေမှာ တိုက်ခိုက် ရေးသားတင်ကြတာဖြစ်ပါတယ်။

ဒီချန်နယ်တွေရဲ့ အောက်မှာလည်း မသတ်ပါနဲ့။ ကျနော်သုံးပါ့မယ်။ တစ်တုံးတစ်ခဲကြီးကိုဗျာ။ မလုပ်ကြပါနဲ့စတဲ့ ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ သိက္ခာချပါတယ်။

“သူတို့(စစ်တပ်)အထိနာတဲ့သတင်းတွေရေးရင် ပိုဆိုးတယ်။ ဥပမာ စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတင်ရင် ညီမကိုမသိဘဲနဲ့ လည်းလာဆဲတယ်။ ဆဲတာ တော်တော်မိုက်ရိုင်းတယ်။ ဆိုးတာက နင့်ကိုငါသိတယ်နော်။ တမျိုးလုံး အသတ်ခံချင်တာလားလို့လည်း စာပို့ခြိမ်းခြောက်တယ်”လို့ သူက ပြောပါတယ်။ 

ရှင်းရှင်းက“တစ်မျိုးလုံးအသတ်ခံချင်လားဆိုတဲ့စာဖတ်မိတုန်းက အရမ်းကိုကြောက်ခဲ့ရတာ၊ ညဆိုလည်း ဆိုင်ကယ်သံ ကားသံကြားရင် ငါလာဖမ်းတာလားလို့ တွေးကြောက်ခဲ့ရတယ်။ စိုးရိမ်လွန်ပြီး အိပ်မပျော်တာတွေ ဖြစ်လာတယ်။ အဲ့ဒီမှာ မိသားစုကလည်း ဒီအလုပ်ဆက်လုပ်မယ်ဆိုရင် တခြားနေရာပြောင်းဆိုပြီး ပြောင်းလာတာ”လို့ ပြော ပါတယ်။ 

ပထမတော့ ခြိမ်းခြောက်ဆဲဆိုခံရတာလောက်နဲ့ ဘာမှမဖြစ်ခဲ့ဘူး။ သတ်မယ်တို့ နင့်တို့တမျိုးလုံးသိတယ်။ ဘယ်မှာ နေတယ်ဆိုတာကအစ ထုတ်ပြောလာတော့ စိုးရိမ်ထိတ်လန့်သွားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် စိုးရိမ် စိတ်များပြီး ပြိုလဲတော့မယ့်အခြေအနေထိ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

“တော်ပြီ ငါဒီအလုပ်မလုပ်တော့ဘူးလို့ စဉ်းစားနေတဲ့အချိန် အိမ်ကလည်း မလုပ်နဲ့ အန္တရာယ်များတယ်။ ထွက်လိုက်တော့ ပြောနေတော့ အလုပ်ကနေ သုံးလလောက်နားလိုက်တယ်။ နောက်မှ သတင်းဌာနပြောင်းပြီး ပြန်လုပ်ခဲ့ ရတယ်”လို့ ရှင်းရှင်းက ရှင်းပြပါတယ်။

အွန်လိုင်းကနေအနိုင်ကျင့်တိုက်ခိုက်တာတွေကို ပြန်လည်တွန်းလှန်နိုင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အားပေးနှစ်သိမ့်မှုယူကာ နောက်မဆုတ်ဘဲ ပြန်လည်တွန်းလှန်ဖို့ ဆုံးဖြတ်ပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်ခဲ့တာလို့ သူကဆိုပါတယ်။

အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီးသတင်းထောက်တွေဟာ သူတို့လုပ်ဆောင်နေတဲ့လုပ်ငန်းတွေ နောက်ဆုတ်သွားဖို့ အသက်ကို ခြိမ်းခြောက်တိုက်ခိုက်ခံရတာတွေရှိပေမယ့် ရပ်တန့်မသွားဘူးဆိုတဲ့အကြောင်းကို နော်မာရီက အခုလိုအသိပေးစကားဆိုထားပါတယ်။

“ဘယ်လို ရန်ပြုတိုက်ခိုက်မှုမျိုးကိုမှ ကြောက်ဖို့မလိုဘူး။ ကိုယ့်လုပ်စရာရှိတဲ့ အလုပ်တွေ ရဲရဲဝံ့ဝံ့လိမ္မာ ပါးနပ်စွာလုပ် ဖို့သာလိုတယ်။”

Author:

Related Articles