မြင့်မြင့်စန်း
စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်တရား (ဝါ) အီးအိုင် (ဝါ) အီးကျူကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာနဲ့ ဘယ် လိုအကျိုးရှိနိုင်သလဲဆိုတာကို မပြောခင် သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို အရင်ဆုံး အကျဥ်းချုပ်ပြောလိုပါ တယ်။ အီးကျူဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ သဘောတရားအယူအဆကို ၁၉၉၀ မှာ ပီတာဆလိုဗွီနဲ့ ဂျွန် မေယာ (Peter Salovey and John Mayer) လို့ခေါ်တဲ့ စိတ်ပညာရှင်နှစ်ဦးက စတင်အသုံးပြု တီထွင်ခဲ့ပြီး ၁၉၉၅ မှာတော့ ဒန်နီယယ် ဂိုးမန်း (Daniel Goleman) လို့ခေါ်တဲ့ နောက်စိတ်ပညာရှင်တဦးက ဒီသဘော တရားအယူအဆကို လူအများသိအောင် လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီစကားလုံးကို ၁၉၈၆ ခုကတည်းက တကယ်ဘဲ ကနဦးအသုံးပြုတီထွင်ခဲ့သူကတော့ ဝိန်းပိန်းန် Wayne Payne ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အီးကျူဆိုတဲ့အယူအဆကို တီထွင်ဖော်ထုတ်ခဲ့သူတွေရဲ့ ပြောချင်တဲ့အချက်တွေ နည်းနည်းကွဲပြားကြတာကို တွေ့ရပါတယ်။ ဂိုးမန်းရဲ့ မိုဒယ်ကိုတော့ ပေါင်းစပ်မိုဒယ် (ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စရိုက်သဘာဝ) လို့ အများ သိကြပါတယ်။ ဆလိုဗွီနဲ့ မေယာတို့ရဲ့မိုဒယ်ကိုတော့ စွမ်းရည်မိုဒယ် (သိမြင်မှုစွမ်းရည်) ပြီးတော့ ပိန်းန်ရဲ့ မိုဒယ် ကိုတော့ အမူအကျင့်မိုဒယ် (ပင်ကိုယ်အကျင့်စရိုက်) ကိုအခြေခံပြီး ပြောတယ်လို့ဆိုပါတယ်။ ဆလိုဗွီနဲ့ မေယာတို့က အီးကျူကို စိတ်ခံစားမှုနဲ့ပတ်သက်နေတဲ့ တိကျတဲ့စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေဖြစ်တယ်၊ အိုင် ကျူလို့ခေါ်တဲ့ သမားရိုးကျ ဉာဏ်ရည်ဉာဏ်သွေးလိုဘဲ လူတယောက်မှာ အီးကျူဘယ်လောက်ရှိမရှိကို တိုင်း တာနိုင်တဲ့ အသိဉာဏ်တရားဖြစ်တယ်လို့ အဓိကထား ဖော်ထုတ်ထားကြပါတယ်။
ဂိုးမန်းရဲ့ အဓိကစူးစိုက်မှုကတော့ ခေါင်းဆောင်မှု၊ လူမှုရေးစွမ်းရည်နဲ့ တကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျ အသုံးချနိုင်တဲ့အရာလို့ ဆိုပါတယ်။ အဓိကကတော့ ဒီအယူအဆဟာ တကိုယ်ရေ တသီး ပုဂ္ဂလအတွက်ဖြစ်ဖြစ်၊ အလုပ်ခွင်၊ စီးပွားရေး၊ ကုမ္ပဏီ၊ ပညာသည်ဘဝအတွက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေ မှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် အရေးကြီးတယ်၊ အီးကျူလိုအပ်တယ်၊ အသုံးဝင်တယ် ဆိုတာပါဘဲ။ ဒီဆောင်းပါးထဲမှာတော့ မတူတဲ့ အီးကျူအယူအဆ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲက ဆလိုဗွီနဲ့ မေယာတို့ရဲ့ မိုဒယ်နဲ့ ဂိုးမန်းရဲ့မိုဒယ် အဓိပ္ပါယ်တွေကို ပြောပြသွားဖို့ဖြစ်ပြီး အနှစ်ခြိုက်ဆုံးဖြစ်တဲ့ ဂိုးမန်းရဲ့မိုဒယ်ကို စာဖတ် သူတွေအကျိုးရှိရှိ အသုံးပြုနိုင်အောင် အနည်းငယ်အသေးစိတ် တင်ပြပေးသွားပါမယ်။
ပီတာ ဆလိုဗွီနဲ့ ဂျွန် မေယာတို့ရဲ့ အီးကျူ
ဒီပုဂ္ဂိုလ်နှစ်ဦး အီးကျူကို အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “မိမိကိုယ်ပိုင်နဲ့ အခြားသူတွေရဲ့ စိတ်ခံစားမှုကို သိမြင် နိုင်၊ နားလည်နိုင်လာပြီးတဲ့နောက် မိမိကိုယ်ပိုင်ရော အခြားသူတွေရဲ့ စိတ်ခံစားမှုကိုရော ထိန်းညှိစီမံနိုင်မှု (ဝါ) အသိဉာဏ်တရား” လို့ ဖွင့်ဆိုထားပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အီးကျူဟာ တွေးခေါ်မှုအစဥ်တွေနဲ့ ဆုံးဖြတ်ချက်ချရတာတွေကို တိုးတက်မြှင့်တင်ဖို့အတွက် စိတ်ခံစားမှု (emotion) နဲ့ ဉာဏ်ရည်ဉာဏ်သွေး/ ဉာဏ်ပညာ (intelligence) ပေါင်းစပ်လုပ်ကိုင်နိုင်မှု အရေးပါပုံကို ပြောထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အဓိကအစိတ်ပိုင်း (၄) ပိုင်းရှိပါတယ်။ အဲဒါတွေကတော့ ကိုယ်ပိုင်ရော သူတပါးတွေရဲ့ စိတ်ခံစားမှုတွေကို မြင်သာခံစားနိုင်စွမ်းနဲ့ အဲဒီစိတ်ခံစားမှုကို ဘာလဲဆိုတာ အဓိပ္ပါယ်ကောက်ယူနိုင်စွမ်းရှိတဲ့ စိတ်ခံစားမှုလေ့လာသိရှိနိုင်စွမ်း၊ ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုကို အသုံးပြုပြီး ပြဿနာဖြေရှင်းနိုင်စွမ်း ကျိုး ကြောင်းဆင်ခြင်နိုင်စွမ်းရှိတဲ့ အတွေးဉာဏ်ပိုင်းခြားစီမံနိုင်စွမ်း၊ ရှုပ်ထွေးဆန်းပြားလှတဲ့ စိတ်ခံစားမှုတွေကို အသိအမှတ်ပြုနိုင်စွမ်းနဲ့ စိတ်ခံစားမှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲဖြစ်ပေါ်နေတာကိုပါ အမိအရ ဆုပ်ကိုင် နိုင်စွမ်းရှိတဲ့ စိတ်ခံစားမှုကိုနားလည်နိုင်စွမ်းနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို ကိုယ်ပိုင်ဘဲဖြစ်ဖြစ် သူတပါးရဲ့ စိတ်ခံစားမှုဘဲဖြစ်ဖြစ် စိတ်ခံစားမှုတွေကို ကိုင်တွယ်စီမံနိုင်စွမ်းရှိမှုတို့ဘဲ ဖြစ်ပါတယ်။
ဒန်နီယယ် ဂိုးမန်းရဲ့ အီးကျူ
စိတ်ခံစားမှုအသိဉာဏ်တရား (ဝါ) အီးကျူနယ်ပယ်မှာ ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ဂိုးမန်းကတော့ ‘မိမိကိုယ်ပိုင် စိတ်ခံစားမှုကို အသိအမှတ်ပြုနိုင်စွမ်း၊ နားလည်နိုင်စွမ်းနဲ့ ကိုင်တွယ်စီမံနိုင်စွမ်း ဖြစ်သလို သူတပါးရဲ့ စိတ်ခံစား မှုကိုလည်း အသိအမှတ်ပြုနိုင်စွမ်း၊ နားလည်နိုင်စွမ်းနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းရည်’ လို့အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ သူ့ရဲ့ အီးကျူအကြောင်းကို “စ “ရေးတဲ့ ပထမဦးဆုံးစာအုပ် Emotional Intelligence: Why It Can Matter More Than IQ ဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားပြီး စာအုပ်ရေပေါင်း ငါးသန်းကျော်ရောင်းချခဲ့နိုင်တဲ့ ကမ္ဘာ့ဖြစ်ရပ်ဆန်းတစ်ခုလိုတောင် တွင်ကျယ်ခဲ့တာဖြစ်ပါတယ်။ သူ့စာအုပ်ကို မြန်မာဘာသာအပါအဝင် ဘာ သာပေါင်းစုံနဲ့ ဘာသာပြန်ထားတာတွေလည်း ရှိပါတယ်။ အဂ်လိပ်လို မဖတ်နိုင်ရင်တောင် မြန်မာလိုတော့ ရှာ ပြီးဖတ်သင့်တယ်လို့တိုက်တွန်းလိုပါတယ်။ ရုံးတွေ အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေအနေနဲ့လည်း ဒီစာအုပ် ကို လေ့လာမှတ်ယူဖတ်ရှုသင့်ပါတယ်။ ဂိုးမန်းက သူ့ရဲ့ ၁၉၉၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အဲဒီစာအုပ်အတွင်းမှာ အီးကျူအစိတ်အပိုင်း (၅) ပိုင်းကို ဖော်ပြထားပါတယ်။
အဲဒီအစိတ်အပိုင်းတွေကတော့ –
(၁) မိမိကိုယ်မိမိ သတိပြုမိခြင်း (Self-awareness) – ကိုယ့်မှာရှိနေဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှု၊ ခွန်အားတွေ၊ ဟာကွက်တွေ၊ တန်ဖိုးတွေ၊ ပန်းတိုင်တွေကို နားလည်နိုင်စွမ်းရှိပြီး ဒီအရာတွေကနေ အခြားသူအပေါ် သက် ရောက်မှုတွေကို သိမြင်နိုင်စွမ်း ဖြစ်ပါတယ်။ ဥပမာ – လူတယောက်ဟာ presentation ကြီးတစ်ခုမလုပ် ခင်မှာ ဗျာပါဒများတယ်၊ စိုးရိမ်ပူပန်မှုဖြစ်တယ်ဆိုပါစို့၊ ဒီဗျာပါဒနဲ့ စိုးရိမ်ပူပန်မှုတွေက ဘယ်ကလာလဲ ဆိုရင် ကိုယ့် presentation ကို သူတပါး အကဲဖြတ်ဝေဖန်ခံရမှာကို ကြောက်တဲ့စိတ်ကလာတယ်လို့ နားလည်တာ မျိုးဖြစ်ပါတယ်။ ဒီလိုနားလည်ပြီး အသိတရားရှိပြီဆိုရင် ဒီစိတ်ခံစားမှုနဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုမထား ဘဲပွဲမဝင်အပြင်ကတည်းက လေ့ကျင့်တာ၊ ဒါမှမဟုတ် သူတပါးဆီက အကူအညီတောင်းတာတွေလုပ်ပြီး အ ကောင်းဆုံး ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
(၂) မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်း (Self-regulation) – အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ခံစားမှုတွေနဲ့ လှုံ့ဆော်နေမှုတွေကို ထိန်းချုပ်နိုင်စွမ်းနဲ့ လမ်းကြောင်းလွှဲနိုင်စွမ်းအပြင် မတည်ပြောင်းလဲနေတဲ့ အခြေအနေ တွေနဲ့ လိုက်လျောညီထွေနေနိုင်အောင် လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ – အဖွဲ့ခေါင်း ဆောင်တစ်ဦး မန်နေဂျာတစ်ဦးက ပရိုဂျက်နှောင့်နှေးမှုဖြစ်တာကို စိတ်ပျက်မိပေမဲ့ ဒေါသတကြီး ထုတ်ပြော ဆူဆဲမဲ့အစား သူ့အသင်းကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြရှင်းပြဖို့ ရွေးချယ်နိုင်တာကို ဆိုလိုတာပါ။ အဲဒီလို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိတဲ့လူတွေဟာ ပြဿနာပြေလည်သွားဖို့ကိုဘဲ အာရုံစိုက်ထားတတ်လေ့ရှိပြီး အပြစ်မပြောဘဲ နောက်ဆုံးသတ်မှတ်ရက်ကို ပြောင်းချပေးလိုက်တာမျိုး လုပ်နိုင်ပါတယ်။
(၃) အရင်းခံအကြောင်း (Motivation) – ငွေကြေးနဲ့ ဂုဏ်အဆင့်အတန်းတွေ ပဓာနမထားဘဲဒီ ထက် သာ လွန်ပြီး မိမိအလုပ်အကိုင်အတွက် စိတ်အားထက်သန်မှု၊ အဲဒီစိတ်အားထက်သန်မှုကို အောင်မြင်ပြီး ကြီး ပွား လိုတဲ့ အတွင်းစိတ်ဆန္ဒပျင်းပျမှုက တွန်းအားပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ – ကျောင်းသား တစ်ဦး ဟာ အရေးကြီးတဲ့စာမေးပွဲကျသွားပေမဲ့ အရှုံးမပေးဘဲ ကိုယ့်သင်ယူလေ့လာမှု လိုအပ်ချက်ကို ပြန် ကြည့်၊ လိုနေတာတွေ တနည်းတဖုံပြောင်း လေ့လာယူပြီး အချိန်တစ်ခုမှာ ဒီစာမေးပွဲ အောင်ကို အောင်ရမယ် ဆိုတဲ့ သံဓိဌာန်ချလုပ်တာမျိုး၊ ဘာလို့လဲဆို အောင်မြင်ဖို့အတွက် သူလိုချင်တဲ့ သူ့ရဲ့ရေရှည်ပန်းတိုင် အရင်းခံ အကြောင်းတရားကို တန်ဖိုးထားတတ်၊ နားလည်တတ်လို့ဘဲဖြစ်ပါတယ်။
(၄) ကိုယ်ချင်းစာတရား (Empathy) – တပါးသူတွေရဲ့ စိတ်ခံစားဖြစ်ပေါ်မှုကို နားလည်နိုင်စွမ်းရှိပြီး သူတို့ရဲ့ စိတ်ခံစားမှုအရ တုံ့ပြန်လာတဲ့အတိုင်း ပြန်လည်ဆက်ဆံ ပေါင်းသင်းနိုင်စွမ်းတရားကို ဆိုလိုတာပါ။ ဥပမာ – ကိုယ့်လုပ်ဖော်ကိုင်ဖက်တယောက် အစည်းအဝေးအပြီးမှာ မျက်နှာမကောင်းဖြစ်နေတယ်ဆိုရင် ‘အစည်းအ ဝေးပြီးကတည်းက မင်းမျက်နှာ သိပ်မရွှင်လှဘူး ကျမကူညီနိုင်တာ ဘာများရှိလဲ ရှိရင်ပြောလို့ ရတယ်နော်’ လို့ပြောတာမျိုး၊ ဒါဟာ ဒီလူတယောက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ခံစားမှုကို အကဲခတ်တတ် ခံစား ပေးတတ်တာမျိုးဖြစ်သလို သူ့အလုပ်ဖော်တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်ရှိတတ်သူ ကိုယ်ချင်းစာတရား စာ နာမှုတရား ထားနိုင်သူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
(၅) လူမှုဆက်ဆံရေးကျွမ်းကျင်မှု (Social skills) – လူမှုဆက်ဆံရေးတွေကို စီမံခန့်ခွဲနိုင်စွမ်း၊ ကွန်ယက်တွေ တည်ဆောက်နိုင်စွမ်းနဲ့ တပါးသူတွေကို ပူးပေါင်းဆောင်ရွက်နိုင်အောင် လှုံ့ဆော်ပေးနိုင်စွမ်းတို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ – အစည်းအဝေးအအတွင်း သဘောတူညီချက်မရနိုင် ဖြစ်နေတဲ့အခါ အားလုံးရဲ့ ရှု့ထောင့် အားလုံးရဲ့ ထင်မြင်ချက်တွေကို သေသေချာချာနားထောင်ပေးပြီး ဘုံနေရာရှာပေးတာကို လူမှုဆက်ဆံရေး ကျွမ်းကျင်မှုအထူးကောင်းမွန်တဲ့လူကသာ လုပ်နိုင်တာမျိုးကို ဆိုလိုပါတယ်။ ဒီလိုလူမျိုးဟာ လူတိုင်း လူတိုင်း က သူတို့ပြောချင်တာကို ပြောလိုက်ရတယ်၊ နားထောင်ပေးမဲ့သူရှိတယ်၊ တန်ဖိုးထားတာကိုလည်း ခံရတယ် လို့ စိတ်ထဲမှာဖြစ်သွားအောင် လုပ်ပေးနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
အီးကျူကို လက်တွေ့အသုံးပြုပုံ
ကနဦးအစိတ်အပိုင်းဖြစ်တဲ့ မိမိကိုယ်မိမိ သတိပြုမိခြင်း (ဝါ) ရှင်းရှင်းလေးပြောရရင် အသိသတိနဲ့ နေခြင်း လို့ လည်း ပြောလို့ရပါတယ်။ ဒီလိုနေထိုင်နိုင်ဖို့ကို ကိုယ်ကသတိပဌာန် တရားအားထုတ်ပြီး လုပ်ယူနိုင်ပါတယ်။ ဒါပေမဲ့လည်း “ဟာ – ကျနော်ကျမတို့ကတော့ တရားလည်းမထိုင်တတ်ဘူး၊ ထိုင်လည်း မထိုင်ချင်ဘူး” ဆိုရင် ကိုယ်စိတ်ခံစားမှုဖြစ်လာတဲ့အခါ ဘာစိတ်ခံစားချက် ဖြစ်လာတယ်ဆိုတာကို စာအုပ်ထဲ ချရေးတဲ့အကျင့် လုပ် လို့ရပါတယ်။ ရေးပြီးပြန်မဖတ်တတ်သူတွေတောင် ရေးနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားလာမိ တာတွေရှိပါတယ်။ ပြီး ကိုယ်ယုံကြည်စိတ်ချရသူ၊ ကိုယ့်စိတ်သက်တောင့်သက်သာ ရှိသူတွေဆီက ဝေဖန်ပိုင်း ခြားချက်တောင်းတာမျိုးလည်း လုပ်လို့ရနိုင်ပါတယ်။ တစ်ခုရှိတာက ဝေဖန်ပိုင်းခြားချက် ပေးတဲ့လူကလည်း ရိုးသားရမှာဖြစ်သလို သမာသမတ်လည်း ကျရမှာဖြစ်ပြီး ကိုယ်ကြားချင်တာကိုဘဲ ပေးမဲ့လူမဖြစ်ဖို့နဲ့ ကိုယ် တိုင်ကလည်း ဝေဖန်ပိုင်းခြားလာချက်ကို ရင့်ကျက်မှုအပြည့်နဲ့ နားထောင်နိုင်ဖို့ လိုပါတယ်။ အထိမခံ ရွှေ ပန်းကန် လုပ်လို့မရပါဘူး။
ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိလာအောင်ကိုတော့ အသက်ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်လိုက်တာမျိုး၊ နောက်ဆုံး “ကိုယ့်ကိုကိုယ် သတိမပြုမိလည်း နေပစေ၊ အသိတွေသတိတွေလည်း မထားချင်ပါဘူး” ဆိုရင် တောင်တစ်ခုခုကို ပြန်မတုံ့ပြန်ခင်မှာ သတိထားပြီး ခဏလေးရပ်ပြီးမှ အသက်ကလေး တချက်နှစ်ချက် ရှူ သွင်းပြီးမှ တုံ့ပြန်တာမျိုးလုပ်ရင် ကနဦးက ဇိုးကနဲဇတ်ကနဲ တုံ့ပြန်ဖို့စဥ်းစားထားချက်နဲ့တော့ ကွာကောင်း ကွာ သွားနိုင်ပါတယ်။ ပြီး ကိုယ့်မှာဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို ဘာစိတ်ခံစားမှုဖြစ်နေတယ် ဆိုတာကို နာမည် တပ်ပေးတဲ့ အလေ့အကျင့်လည်း လုပ်ကြည့်လို့ပါတယ်။ ကိုယ့်ဆန္ဒတခုခု ပြည့်ဝသွားတဲ့အခါ ပျော်ရွှင်မှု ကို ဖြစ်တယ်။ ပျော်ရွှင်မှုက စိတ်ခံစားမှု၊ အဲဒီစိတ်ခံစားမှုကနေ ပေးလိုက်တဲ့ စိတ်ခံစားချက်က သေမယ်လို့ တောင် မတွေးတော့တာ၊ ပြည့်စုံကုံလုံသွားတာ၊ တစုံတရာကို ဆွတ်ခူးလို့ရသွားတာ၊ ကျေနပ်မှု တရပ် ဖြစ် သွားတာမျိုးကို အမည်နာမတပ်ပေးတဲ့ အလေ့အထမျိုး လုပ်ကြည့်လို့ ရပါတယ်။
Motivation လို့ခေါ်တဲ့ အကြောင်းရင်းခံတရား လှုံ့ဆော်မှုမှာလည်း ကိုယ်လိုချင်တဲ့ပန်းတိုင်တွေကို ကိုယ့် တန်ဖိုးနဲ့ ချိန်ညှိပြီး ကိုယ့်ရဲ့ပင်ကိုယ်စေ့ဆော်မှု အရင်းခံအကြောင်းတရားကို ရှာဖွေလုပ်ကိုင်ကြည့်တာမျိုး ဖြစ်ပါတယ်။ ဥပမာပေးရရင် တစုံတယောက်က ကိုယ့်ကိုကိုယ် တိုးတက်ရာတိုးတက်ကြောင်း လုပ်လို စိတ် ရှိတယ်၊ ငါဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ intrinsic motivation ကိုယ်ပိုင်စေ့ဆော်မှု ကိုယ်ထူကိုယ်ထ စိတ် ကို ရှာဖွေချင်တယ်ဆိုရင် နေ့စဥ် ကိုယ့်စိတ်ကိုယ့်ခံစားမှု ခံစားချက်တွေကို ချရေးတဲ့ အလေ့အကျင့် လုပ်ဖို့၊ သတိပဌာန်တရားကျင့်ဖို့၊ ကိုယ်မသိမတတ်သေးတဲ့ ကျွမ်းကျင်မှုတခုကို သင်ယူဖို့ဆုံးဖြတ် လိုက် တာတို့ လုပ် ပြီး သူတပါးမစေ့ဆော်ရဘဲ ကိုယ့်ကိုကိုယ် စေ့ဆော်ဆောင်ရွက် လုပ်ကိုင်တာမျိုးကို လုပ်ယူလို့ရပါတယ်။ ကိုယ့်ကိုကိုယ် အကောင်းဆုံးလူသားတဦး ဖြစ်အောင် လုပ်ကိုင်မှုကနေရလာတဲ့ ကျေနပ် အား ရမှုက သူတို့ကို ဒီလိုဆက်ပြီး တသမတ်တည်း နေထိုင်ကျင့်ကြံအောင် ရှေ့ဆက်စိတ်အားထက်သန်အောင် လုပ်ပေးလေ့ရှိ ပါတယ်။
ကိုယ်ချင်းစာတရား စာနာတရားထားတတ်ဖို့ ကြိုးစားရာမှာလည်း သူတပါးပြောချင်တာကို တကယ် ကြား အောင် သေသေချာချာ နားထောင်ပေးတာမျိုး၊ သူတပါးရှုထောင့်ကနေ ဝိုင်းကြည့်ပေးတာမျိုးတွေ လေ့ ကျင့် ပြီး စာနာမှုတရားတက်လာအောင် လုပ်ယူလို့ ရပါတယ်။ ဥပမာ – တယောက်ယောက်က အစည်းအဝေးထဲမှာ ကိုယ့်ကို မာဆတ်ဆတ်စကားပြောလာတဲ့အခါ လူရှေ့သူရှေ့ ငါ့ကိုဒီလိုပြောရမလား၊ သူကတော့ ငါ့ထက် ရာထူးကြီးသူဆိုတော့ ပြောထားပေါ့လေလို့ တွေးမဲ့အစား “အော် – သူ့မှာ ပုဂ္ဂိုလ်ရေးရာ စိတ်ဖိစီးမှုတွေ ဖြစ် နေနိုင်တယ်၊ အစီရင်ခံစာတွေ ပေးရတော့မှာမို့ စိတ်ဒုက္ခများနေတာလဲဖြစ်မယ်” လို့ တွေးပေးတာမျိုး ဖြစ် ပါတယ်။
လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ရာမှာလည်း မိမိဆန္ဒအမြင်ကို ထုတ်ဖော်ပြောရဲတဲ့ ပြောဆို ဆက်ဆံရေးမျိုးကို ကြိုးစားကြည့်ပါ၊ ဒါပေမဲ့ သူတပါး နားဝင်အောင် ပြောတတ်ရမယ်ပေါ့။ ပေါင်းသင်း ဆက်ဆံရေးတွေ တည်ဆောက်တဲ့နေရာမှာလည်း ယုံကြည်မှုကို အရင်းခံထားပြီး တည်ဆောက်တာမျိုး လုပ် ယူကြည့်လို့ ရပါတယ်။ ဥပမာ – ပရိုဂျက်တခုရဲ့ နောက်ဆုံးပေးရမဲ့ရက်ကို ကိုယ်သဘောမတူနိုင်ဘူးဆိုရင် ဒီရက်မှာပေးဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောတာထက် “နောက်ဆုံးပေးရမဲ့ ရက်ကလည်း အရမ်းနီးနေပြီ၊ အမြန် ပြီးရမယ်ဆိုတာကိုလည်း နားလည်တယ်၊ ဒါပေမဲ့ ဒီပရိုဂျက်ရဲ့ အရည်အသွေးကို ထိန်းထားဖို့အတွက်က အချိန်နည်းနည်း ပိုလိုလိမ့်မယ်လို့ ယုံကြည်တယ်၊ ဆိုတော့ အချိန်ကလေးကို နည်းနည်းပြန်ညှိပေးလို့ ရမလား” လို့ပြောရင် ကိုယ်က ပြုသမျှနုသူလည်း မဟုတ်သလို ရန်မူတဲ့အသံလည်း မထွက်အောင် ပြောတတ် အောင် ကြိုးစားကြည့်တာမျိုးကို ဆိုလိုချင်တာပါ။
အီးကျူနဲ့ ပတ်သက်လို့ ရှိကြတဲ့အတွေးမှားများ
တချို့ကတော့ အီးကျူဟာ နူးညံ့ပျော့ပျောင်းလွန်းတယ်၊ လိုချင်တဲ့ရလာဒ်နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ်၊ ကိုယ့်စည်းကမ်းနဲ့ကိုယ် မနေတတ်သူတွေအတွက် self-discipline မရှိတဲ့သူတွေမတွက် မလွယ်လှဘူး၊ ဒါမှ မဟုတ်လည်း ဒီအီးကျူဆိုတဲ့ စွမ်းရည်ကို အထောက်အကူမရှိဘဲ လုပ်ယူလို့မရဘူးဆိုပြီး ပြောကြသူတွေ လည်းရှိပါတယ်။ ပြီးလူတစ်ဦးမှာဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို တည်ငြိမ်အောင် ဟန်ချက်ညှိလုပ်ရတာကို တချို့က စိတ်ခံစားမှုကို ဖုံးဖိခိုင်းတာနဲ့ ကိုယ့်စိတ်ကိုကိုယ် ဖိနှိပ်ခိုင်းတာနဲ့ အတူတူဘဲလို့ စောဒက တက်သူ တွေလည်းရှိပါတယ်။ တချို့ကလည်း ယဥ်ကျေးမှုတွေ မတူကွဲပြားတဲ့ လူတွေ အသိုင်းအဝိုင်းတွေမှာ အဓိပ္ပါယ် ကောက်ယူတာချင်းလည်း မတူနိုင်ဘူးလို့ ပြောသူတွေလည်း ရှိပါတယ်။
တချို့သောယဥ်ကျေးမှုတွေမှာက အိန္ဒြေနဲ့နေရင် လေးစားသမှုကိုပြတယ်လို့ သဘောကောက်လို့ရတယ်။ တချို့ကျတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာကို ရိုးသားမှုအခြေခံလို့ ဒီလိုဆက်ဆံတယ်လို့ မြင်ကြ တယ်။ ဆိုတော့ကာ ဒီလိုကွဲပြားမှုတွေရှိတယ်ဆိုတာကို ကိုယ်က အသိအမှတ်ပြုပေးပြီး အသိနဲ့ သတိထား ပေါင်းသင်းဆက်ဆံတာမို့ ဆက်ဆံရေးကတော့ တိုးတက်လာဖို့ဘဲရှိမှာပါ။ ဂိုးမန်းပြောဆိုချက်အရ အိုင်ကျူ ကိုတော့ technical roles နည်းပညာနဲ့လုပ်ရတဲ့ အလုပ်တွေမှာ ဆက်လိုတာမျိုးရှိမယ်၊ သို့ပေမဲ့ အခြေအနေ အဆင့်တစ်ခုအထိရောက်ဖို့ အိုင်ကျူလိုတယ်ဆိုပေမဲ့ အဲဒီအဆင့်ကို ရောက်သွားပြီးတဲ့နောက် အိုင်ကျူမလို တော့ဘဲ အီးကျူကသာလျှင် ခေါင်းဆောင်နိုင်မှုပိုင်းနဲ့ လူအချင်းချင်းကြား ဆက်ဆံရေးပြေပြစ်မှုတွေမှာ အထူးတလည်အကူဖြစ်စေတယ်လို့ ဆိုထားပါတယ်။ နည်းပညာပိုင်းအရ အထူးတလည်ကျွမ်းကျင်သူ မန်နေ ဂျာတဦးဟာ ကိုယ်ချင်းစာတရား စာနာမှုတရားနဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုမရှိဘူးဆိုရင် သူ့အလုပ် သမားတွေ သူ့အဖွဲ့ဝင်တွေကို အလုပ်ခွင်မှာ ဆက်ထိန်းထားဖို့၊ အလုပ်သမားတွေအကြား အစီးကပ်ဖို့ လွယ် လွယ်ကူကူလုပ်ပေးနိုင်မှာ မဟုတ်လို့ပါဘဲ။
နိဂုံးချုပ်ရရင်တော့ လူတစ်ဦးရဲ့ အောင်မြင်မှုနဲ့ ကိုယ်စိတ်နှလုံးကျန်းမာရေးရှိဖို့ရာမှာ အီးကျူစွမ်းရည်ရှိဖို့မြင့်ဖို့ လိုပါတယ်။ ရှင်းရှင်းနဲ့ ရိုးရိုးလေးပြောရရင် အီးကျူဟာ လူတယောက်ရင့်ကျက်ဖို့အတွက် နည်းလမ်းစွမ်းရည် တခုပါ။ စာဖတ်သူတွေအနေနဲ့ ကိုယ့်ရဲ့အီးကျူကို ထင်ဟပ်ကြည့်၊ ပြန်မြင်ယောင်ကြည့်ပြီး ဒီစွမ်းရည် တိုး တက်ခိုင်မာလာအောင် ကြိုးစားတည်ဆောက်ကြည့်ပါ။ အီးကျူနဲ့ ခေါင်းဆောင်သမှုပြုသူဟာ ကိုယ်ကိုနှိုက်ရဲ့ ဓူပေနာပေခံနိုင်စွမ်းရှိတာမို့ သူတပါးကိုကူဖို့ လုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကိုနှိုက်က ဒဏ်မခံနိုင်ဘူးဆိုရင် သူ တပါးကို ဘဝရဲ့ဓမ္မတာတရားဖြစ်တဲ့ သုခဒုက္ခတွေကြား ဘဝရှေ့ဆက်လှမ်းဖို့ နားချရတဲ့အခါ အခက်အခဲ ရှိ ပါတယ်။
အီးကျူရှိသူ မြင့်မားသူဟာ ကိုယ့်ရဲ့စိတ်ခံစားမှု၊ ခံစားချက်နောက်မှာ ဘာတွေရှိနေသလဲဆိုတဲ့ မိမိကိုယ်မိမိ သတိပြုမှု တက်လာတာမို့ ကိုယ့်တန်ဖိုးနဲ့ ကိုယ့်ပန်းတိုင်ကို ပြန်ချိန်ပြီး အရယူနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် တန်ဖိုးနဲ့ ပန်းတိုင်လွဲတဲ့အခါ စေ့ဆော်မှုပျောက်တတ်သလို လမ်းစလည်းပျောက်တတ်ပြီး လုပ်နေတယ်ဆိုတဲ့ အလုပ်တွေကြားထဲ ကိုယ်ဘယ်သူဘယ်ဝါဆိုတာတောင်မသိဘဲ ဆက်လျှောက်ရင် ကိုယ်လိုရာပန်းတိုင် မ ရောက်နိုင်ဘဲဖြစ်သွားနိုင်ပါတယ်။ အီးကျူဟာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေသူတွေအတွက် အရေးတကြီး အထောက်အကူဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် အထူးတလည် သတိပြုတတ်လာပြီဆိုရင် ပဋိပက္ခတွေကိုရှောင်နေတာဟာ လူတွေမကြိုက်မှာ စိုးရိမ်လို့ပါလားဆိုတာ သတိထားလာမိမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အမြင်မတူ၊ သဘောထားချင်း မတိုက်ဆိုင်တာနဲ့ ပယ်မှာကို စိုးရိမ်တယ်ဆိုရင် ပဋိပက္ခတွေကနေ အမြဲတမ်းထွက်ပြေးနေရသူ ဖြစ်နေမှာပါ။ လူ့ဘဝမှာ ပဋိပက္ခဆိုတာ တွေ့နေကြုံနေရမှာပါဘဲ။ မြန်မာစကားပုံလိုဘဲ အသက်တစ်ရာမနေရ အမှုတစ်ရာ ကြုံရဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ဘဝရဲ့ စိန်ခေါ်မှုအကြီးအသေး၊ ဖြတ်သန်းရတဲ့ အကွေ့အကောက်တွေကို သတိ အသိ ရှိရှိ ပြန်ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ personal growth လို့ခေါ်တဲ့ တစ်ကိုယ်ရေ တိုးတက်ဖွံ့ ဖြိုးမှုကို အထောက်အကူအရမ်းပြုပါတယ်။ ဒီလိုလုပ်နိုင်ဖို့ကို အီးကျူမြှင့်တင်ခြင်းနဲ့ ပြုပြင်နိုင်မှာပါ။ ဒီလို လုပ်နိုင်လာပြီဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း တက်လာမှာပါ။ စာဖတ်သူများအားလုံး အီးကျူမြင့်မြင့်နဲ့ သတ္တိရှိရှိ ဓူပေနာပေခံနိုင်သူတွေအဖြစ်နဲ့ ဘဝကို ရဲရဲကြီးဖြတ်သန်းနိုင်ကြပါစေ။
ကိုးကားချက်များ
‘A Brief History of Emotional Intelligence’, Practical Emotional Intelligence, https://www.emotionalintelligencecourse.com/history-of-eq/
‘Emotional Intelligence Get the Grades’, Australian Research Council (ARC), Australian Government, https://www.arc.gov.au/news-publications/media/making-difference-publication/emotional-intelligence-gets-grades
‘Emotional Intelligence: The #1 Ability for Leaders’, Daniel Goleman, Big Think, 16 August 2024, https://www.youtube.com/watch?v=-qmLoJ7-A80
‘Emotional Intelligence: Origins and Theories’, PublicacionesDidacticas, CORE, https://core.ac.uk/download/pdf/235850833.pdf
Bell, M. Emotional Intelligence in Leadership: Learning to Be More Aware, Reviewed by Keith Jackson, Mind Tools, https://www.mindtools.com/ax3ar6w/emotional-intelligence-in-leadership