Home ဆောင်းပါး ဓလေ့အမှားတွေကို တွန်းလှန်နေကြတဲ့ အမျိုးသမီးတွေ

ဓလေ့အမှားတွေကို တွန်းလှန်နေကြတဲ့ အမျိုးသမီးတွေ

ရှင်ငြိမ်း။ ။

ခေတ်အဆက်ဆက်က လက်ဆင့်ကမ်းလာခဲ့တဲ့ ရှေးထုံး အယူအဆတွေ၊ ရိုးရာဓလေ့တွေကို ဆက်လက် ကျင့်သုံးနေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ပါ။

အထူးသဖြင့် ဒီလို ရိုးရာဓလေ့တွေကို တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးနေဆဲဖြစ်တာကြောင့် အဲဒီ ဆိုးကျိုးတွေကို အမျိုးသမီးတွေက ခါးစည်းခံနေရပါတယ်။ အကြောင်းက ဓလေ့အများစုဟာ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားလို့ပါ။ ဒီဓလေ့တွေကြားကနေ အမျိုးသမီးတချို့က တွန်းလှန် ဖောက်ထွက်လာပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ထဲက တအာင်းပလောင် လူမျိုးတွေ အများဆုံးနေတဲ့ ကျေးရွာပေါင်း ၃၂ ရွာက အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ပလောင် အမျိုးသမီးတွေ ကြုံနေရတဲ့ ဖိနှိပ်မှု

အဲဒီက ဒေသခံတွေဟာ ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုကြသလို ဘိန်းလည်းရှူကြတဲ့အတွက် ဘိန်းဖိုးငွေ မရပါတဲ့အခါ အမျိုးသားတွေက သူတို့ရဲ့ ဇနီးသည်တွေကို ရိုက်နှက်တာတွေ လုပ်လေ့ ရှိပါတယ်။

ဒါ့အပြင် သူတို့တွေ လစ်ဟင်းသွားတဲ့ တောင်ယာအလုပ်တွေမှာ အမျိုးသမီးတွေ ဝင်လုပ်နေရကြသလို စားဝတ်နေရေးနဲ့ ကလေးတွေကိုလည်း အမျိုးသမီး တစ်ယောက်တည်းက ရှာဖွေကျွေးမွေးနေရပြီး ခင်ပွန်းအတွက် ဘိန်းဖိုး ရှာပေးနေရတာပါ။

အခုလို အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို မခံနိုင်တဲ့ ဇနီးတွေက ကွာရှင်းချင်ပေမယ့် ပလောင်လူမျိုးတွေရဲ့ ဓလေ့အရ အမျိုးသားက ခွင့်မပြုရင် အမျိုးသမီးတွေဘက်က ပြီး ကွာရှင်းလို့ မရပါဘူး။ မိန်းမဘက်က စကွာရှင်းမယ်ဆိုရင် လျော်ကြေး ပေးရတယ်။ ယောကျာ်းဘက်က ကွာရှင်းရင်တော့ ဘာလျော်ကြေးမှ ပေးစရာ မလိုဘူး”လို့ မိုင်းယော်တိုက်နယ်ထဲက လွယ်ဟိုဆေရွာမှာ နေတဲ့ လွေး(အမည်လွှဲ)က ပြောပါတယ်။

ကလေးသုံးယောက် မိခင်ဖြစ်သူ လွေးကတော့ ဒီဓလေ့တွေကို ဆန့်ကျင်ပြီး ခင်ပွန်းသည်ကို စတင် ကွာရှင်းခဲ့တဲ့ ပလောင် အမျိုးသမီးတွေထဲက တစ်ယောက်ပါ။

ပလောင်လူမျိုးတွေရဲ့ ဓလေ့ ထုံးတမ်းအရ သမီးမိန်းကလေးတွေဟာ အတန်းပညာ ၃၊ ၄ တန်းလောက်သာ သင်ရပြီး အိမ်အလုပ်တွေမှာ ဝင်ကူကြရပါတယ်။ အသက် ၁၄၊ ၁၅ နှစ်အရွယ် ရောက်တာနဲ့ အိမ်ထောင်ချပေးတာက ဓလေ့လို ဖြစ်နေပါတယ်။

လက်မထပ်ခင်ကတည်းက ခင်ပွန်းလောင်းရဲ့ အိမ်မှာ အိမ်မှုကိစ္စ အဝဝ သွားလုပ်ပေးရတဲ့အပြင် ကျွဲ၊ နွား ကျောင်းတာ၊ တောင်ယာ စတဲ့ အလုပ်မျိုးစုံလည်း လုပ်ကြရပါတယ်။

လက်ထပ်ချိန်မှာတော့ အမျိုးသားဘက်က ငွေကြေးအနေနဲ့ ၇ ၊ ၈ သိန်းပေးပြီး တင်တောင်းတာရှိသလို တချို့ကလည်း ကျွဲ၊ နွားနဲ့ တင်တောင်းတာ ရှိပါတယ်။

မမျှတတဲ့ ကွာရှင်းခွင့်

ကွာရှင်းခွင့်တဲ့အခါ အမျိုးသားက မကွာရှင်းပေးရင် အမျိုးသမီးဘက်စပြီး ကွာရှင်းလို့ မရပါဘူး။ အမျိုးသမီးဘက် အရင် ကွာရှင်းခွင့်တောင်းလို့ အမျိုးသားက ခွင့်ပြုရင် လက်ထပ်ချိန်မှာ တင်တောင်းတဲ့ ပမာဏအတိုင်း လျော်ကြေးပေးပြီးမှ ကွာရှင်းလို့ ရပါတယ်။

ကွာရှင်းချိန်မှာ သားသမီးက လွဲလို့ ငွေကြေး တစ်စုံတရာ ယူဆောင်သွားခွင့် မရှိပါဘူး။ အမျိုးသားတွေဘက်က စကွာရှင်းချင်ရင်တော့ ဘယ်ခွင့်ပြုချက်မှ မလိုသလို ဘာလျော်ကြေးမှ ပေးစရာ မလိုပါ။

“ဘယ်လောက် ရင်နာဖို့ကောင်းတဲ့ ဓလေ့လဲ။ သူတို့အိမ်မှာ ကျွဲတွေ၊ နွားတွေနဲ့ အတူရုန်းပြီး လုပ်ကိုင် ကျွေးမွေးခဲ့တာ ဘာမှ မရတဲ့အပြင် လျော်ကြေးပေးခဲ့ရတယ်။ ဒါတရားလား”လို့ လွေးက မေးခွန်းထုတ်ပါတယ်။

ဒါ့အပြင် တကယ်တမ်း လျော်ကြေးပေးပြီး ကွာရှင်းတဲ့အခါမှာလည်း ဓလေ့အရ ကွာရှင်းခွင့်တောင်းတာ မလွယ်တာကြောင့် အမျိုးသမီးတွေ ပိုဒုက္ခရောက်ရတယ်လို့ လွေးက အခုလို ပြောပါတယ်။

“ယောကျာ်းကိုကွာဖို့ သူများအိမ်မှာ အလုပ်လုပ်ပေးရင်း အကြွေးဆပ်ခဲ့ရတယ်။ ယောကျာ်း ယူမသုံးနိုင်အောင် အရိုက်ခံပြီး ငွေစုတယ်။ ငွေပေးလည်း ရွာလူကြီးတွေနဲ့ သူ့မိဘတွေလည်း ကွာမပေးတော့ ထွက်ပြေးရတယ်”လို့ လွေးက ဆိုပါတယ်။

လွေးလိုပဲ ဓလေ့ကို ဆန့်ကျင်ပြီး ယောကျာ်းဒဏ် မခံနိုင်တာနဲ့ မိဘကလည်း လက်မခံတာတွေကြောင့် တကိုယ်တည်း ရပ်တည်နေကြတဲ့ ပလောင်အမျိုးသမီးတွေ ရှိပေမယ့် အမျိုးသားဘက်က စတင်ကွာရှင်းတဲ့ အရေအတွက်လောက်တော့ မများပါ။

“ယောကျာ်းတွေက နောက်မိန်းမ ယူချင်လို့ ကွာတာ များတယ်။ ကျမတို့က ယောကျာ်းတွေ အလုပ်မလုပ်ဘဲ ဘိန်းစားနေလို့ ကွာတာပါ။ ယောကျာ်းဘက်က စကွာချင်ရင် မိန်းမက မကွာချင်လည်း ကွာပေးရတယ်”လို့ သူက ပြောပြပါတယ်။

အစပိုင်းမှာ လွေးဟာ ကိုယ်ဝန်ရှိတာနဲ့ ကွာရှင်းဖို့ ငွေကြေး မရှိတာကြောင့် မကွာရှင်းလိုပေမယ့် ခင်ပွန်းသည်က ဘိန်းစွဲပြီး အိမ်ရှိ စပါး၊ ဝက်တွေ ခိုးရောင်းလို့ သူနဲ့ သားနှစ်ယောက် မကြာခဏဆိုသလို ထမင်းငတ်ခဲ့ရတယ်။ ဘိန်းစားဖို့ ရောင်းစရာ မရှိတဲ့ အဆုံးမှာ သူတို့သားငယ်ကို ရောင်းဖို့အထိ လုပ်ခဲ့တဲ့အတွက် လွေးက အမြန်ဆုံး ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီဒေသမှာ ဘိန်းကို ပေါပေါရနေတာနဲ့ လင်မယားနှစ်ယောက်လုံး ဘိန်းစွဲနေလို့ သူတို့ဆီ ဘိန်းလာဝယ်တဲ့ တရုတ်တွေဆီမှာ ငွေ ၁၊ ၂ သိန်းလောက်နဲ့ သူတို့သားသမီးတွေ ရောင်းစားတာတွေလည်း ရှိနေပါတယ်။

လွဲမှားနေတဲ့ ဓလေ့အမှားတွေ

တအာင်းပလောင်ဒေသဟာ တိုင်းရင်းသားလက်နက်ကိုင် အများဆုံးရှိတဲ့ ဒေသဖြစ်လို့ တစ်နေရာမဟုတ် တစ်နေရာမှာ တိုက်ပွဲတွေ ရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အစိုးရ ဥပဒေတွေနဲ့ အလှမ်းဝေးတဲ့ ဒေသတွေမှာ ပြဿနာ တစ်ခုဖြစ်တိုင်း ရိုးရာဓလေ့နဲ့ ဖြေရှင်းကြတာ များပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ ဖြစ်သွားတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတစ်ယောက်ကို ဓလေ့အရ ရွာထဲမှာ လက်မခံဘဲ ရွာပြင်ထုတ် အပြစ်ပေးတာမျိုးလည်း ရှိနေပါတယ်။

မိသားစု စားဝတ်နေရေးအတွက် တရုတ်ပြည်မှာ အလုပ်သွားလုပ်တဲ့ ပလောင်အမျိုးသမီးလေးဟာ ကိုယ်ဝန် ရလာတဲ့ အချိန်မှာ အမျိုးသားက ပစ်သွားတဲ့အတွက် သူ့ရပ်ရွာကိုပြန်ပြီး ကလေးမွေးပါတယ်။

ဒါကို ရွာလူကြီးတွေကလင်ယောကျာ်း မရှိဘဲ ကလေးမွေးတာဟာ ကျေးရွာကို နိမိတ်ဆိုးစေပြီး ဓလေ့ကိုလည်း မလိုက်နာ ရာ ရောက်တယ်လို့ဆိုကာဒီနွမ်းပါးတဲ့ အမျိုးသမီးကို ရပ်ရွာဆေးကြောဖို့အတွက် ဒဏ်ငွေ ၄ သိန်း ပေးဆောင်ခိုင်းသလို ရွာ အပြင်လည်း နှင်ထုတ်ခဲ့တယ်လို့ ရွှေဖီမြေသတင်းမှာ ဖော်ပြထားပါတယ်။

ဒါတွေကြောင့်ပဲ လွေးက“ကလေးအတွက်တော့ ဒီဓလေ့ဆိုးတွေ မရှိစေချင်တော့ဘူး”လို့ ဆိုပါတယ်။

နာဂဒေသက ကွာရှင်းခွင့်

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နေထိုင်တဲ့ နာဂလူမျိုးတွေရဲ့ ကွာရှင်းခွင့်မှာလည်း ပလောင်အမျိုးသမီး တွေနည်းတူ နာဂအမျိုးသမီးတွေလည်း သူတို့က စတင်ကွာရှင်းလို့ မရကြပါ။

ကွာခြားတာကတော့ နာဂအမျိုးသမီးတွေဟာ ဓလေ့ကို ဆန့်ကျင်ပြီး သူ့သဘောနဲ့ သူကွာရှင်းရင် အဝတ်တထည် ကိုယ် တခုနဲ့ အိမ်ကနေ ဆင်းသွားရပြီး သားသမီး ခေါ်သွားခွင့်မရှိသလို ဘာပစ္စည်းမှလည်း ယူသွားပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ လင်ယောကျာ်းနဲ့ စကားများ ရန်ဖြစ်လို့ဖြစ်စေ၊ ကွာရှင်းလာလို့ဖြစ်စေ မိဘအိမ် ပြန်လာတဲ့ သမီးကို လက်မခံတဲ့ ဓလေ့ချင်းကတော့ အတူတူပါပဲ။

“လင်မယားဆို အရာရာ အတူတူပဲ ဖြစ်ရမယ်လေ။ အခုက ယောကျာ်းလေးက သူ့ဘဝကိုသူ စိတ်ကြိုက်နေခွင့် ရှိတယ်။ မိန်းကလေးကတော့ ယောကျာ်း ခွင့်ပြုချက်နဲ့မှ လုပ်ရတာကိုက မတရားတာ သပ်သပ်ပဲ”လို့ မကူရီမျိုးနွယ်စုမှ နာဂအမျိုး သမီးတစ်ဦးဖြစ်တဲ့ စီစုရှီးက ပြောပါတယ်။

စီစုရှီးဟာ နာဂဒေသ၊ လေရှီးမြို့နယ်မြောက်ဘက် ၇ မိုင်အကွာမှာ တည်ရှိတဲ့ ဆပ်ပြာရွာမှာ နေထိုင်တဲ့ ကလေးသုံးယောက် မိခင်ပါ။ နာဂလူမျိုးတွေထဲမှာ မကူရီမျိုးနွယ်စုရဲ့ ဓလေ့အရ အမျိုးသမီးတွေကို စတင်ကွာရှင်းခွင့် ပေးမထားတဲ့ ဓလေ့ကို ဆန့်ကျင်ပြီး သူက ကွာရှင်းခဲ့တဲ့ နာဂအမျိုးသမီးတွေထဲက တစ်ယောက်ပါ။

ကွာရှင်းတဲ့အကြောင်းကို မေးမြန်းတဲ့အခါ စီစုရှီးက“အဲဒီ ဓလေ့တွေကြောင့်”လို့ တိုတိုတုတ်တုတ် ဖြေပါတယ်။

နာဂ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု

နာဂလူမျိုးတွေမှာ မျိုးနွယ်မတူတဲ့ လူမျိုးစုများစွာရှိသလို မျိုးနွယ်စုတိုင်းမှာလည်း ကျင့်သုံးတဲ့ ရိုးရာဓလေ့နဲ့ ဘာသာစကား တွေ တူညီမှု မရှိကြပါဘူး။ နာဂလူမျိုးတွေ အခုထိ ကျင့်သုံးနေတဲ့ ဓလေ့အများစုကလည်း အမျိုးသမီးတွေကို ဖိနှိပ်ထား တဲ့ဓလေ့တွေ များပါတယ်။

နာဂအမျိုးသမီးတွေက သမီးရယ်လို့ မွေးဖွားလာစဉ်ကတည်းက ခွဲခြားခံခဲ့ရတာပါ။ ဥပမာ သားမွေးလို့ ဂုဏ်ယူတဲ့အနေနဲ့ ကျွေးမွေးတယ်ဆိုရင် သားမွေးရင် ဝက်သားကျွေးပြီး သမီးမွေးရင် ကြက်သားလောက်သာ ကျွေးကြပါတယ်။

ပညာသင်ကြားခွင့်မှာလည်း သမီးမိန်းကလေးတွေကို ပညာရေးဆုံးခန်းတိုင်အောင် သင်ပေးတာ နည်းပါတယ်။ အများဆုံး ၄ တန်းလောက်အထိ ထားပြီး အိမ်မှုကိစ္စနဲ့ တောင်ယာအလုပ်တွေမှာ ကူပေးကြရတယ်။

 “မိန်းကလေးက ပညာတတ်လို့လည်း ဘာမှ အကျိုးမရှိဘူး။ အချိန်တန်လို့ အိမ်ထောင်ပြုရင် ယောကျာ်းရဲ့ စီမံမှုအောက်မှာ နေရမှာဆိုတဲ့ အယူအဆနဲ့ စာမသင်ရဘူး”လို့ အသက် ၅၃ နှစ်အရွယ် ခင်ကြူရှီးက ရှင်းပြပါတယ်။

ဒီဓလေ့ဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ကိုင်နိုင်စွမ်းကို ရိုက်ချိုးပစ်လိုက်တာနဲ့ အတူတူပါပဲ။ ခင်ကြူရှီးဆိုရင် အတန်းပညာ ၃ တန်းအထိသာ နေခဲ့ရတဲ့အတွက် သူဖြစ်ချင်တဲ့ ကျောင်းဆရာမ အလုပ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

သူ့အနေနဲ့ ငယ်စဉ်ကလည်း စာမသင်ခဲ့ရသလို အိမ်ထောင်ကျတော့လည်း ခင်ပွန်းသည်ရဲ့ လွှမ်းမိုးမှုအောက်မှာ နေရပြီး သူကွယ်လွန်သွားတဲ့အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်ခဲ့ရတာကြောင့် အခုလို မိန်းကလေးတွေကို ပညာမသင်ပေးတာတွေ မရှိစေချင်ဘူးလို့ ဆိုပါတယ်။

ဒီအချိန်မှာ အဲဒီဓလေ့ကို ချိုးဖောက်ပြီး ပညာတတ်ဖြစ်အောင် လုပ်နိုင်ခဲ့သူကတော့ လက်ရှိ လေရှီး ဆေးရုံကြီးမှာ သူနာပြု ဆရာမ လုပ်နေတဲ့ မကူရီမျိုးနွယ်မှ စီခင်ရှီးရဲ့ လုပ်ရပ်က သက်သေပါပဲ။

ဒါ့အပြင် ဓလေ့ မဟုတ်ဘဲ ဓလေ့အတိုင်း ကျင့်သုံးနေကြတဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဲဒီဓလေ့ကြောင့် သမီးနှစ်ယောက်နဲ့ သားတစ်ယောက် မိခင် စီစုရှီးမှာ စိတ်ဒဏ်ရာဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကတော့ အိမ်ထောင်ရှင် အမျိုးသမီးက သားမမွေးဘဲ သမီးမိန်းကလေးချည်း မွေးရင် ခင်ပွန်းသည်က နောက်အိမ်ထောင်ပြုခွင့် ရှိတယ်ဆိုတဲ့ ဓလေ့ပါ။

“သမီးငယ်ကို မွေးတဲ့ အချိန်ပေါ့။ မီးတွင်းထဲမှာ ယောကျာ်းရဲ့ မိသားစုက သူတို့သားကို နောက်မိန်းမ ထပ်ယူခိုင်းနေတာ။ အဲ့ကတည်းက စိတ်နာခဲ့ရတာ”လို့ စီစုရှီးက ဆိုပါတယ်။

ဒါကလည်း နာဂလူမျိုးတွေရဲ့ အရေးကြီးဆုံးဓလေ့ဖြစ်တဲ့ သားယောကျာ်းလေးကိုသာ အမွေပေးလေ့ရှိတဲ့ ဓလေ့ကြောင့် ဖြစ် ပါတယ်။ သမီးမိန်းကလေးပဲ မွေးရင်တော့ ဒီအမွေကို သားရှိတဲ့ ဖခင်ရဲ့ဆွေမျိုးတွေက ပိုင်ဆိုင်ခွင့်ရကြတာမလို့ပါ။

ဒီဓလေ့တွေကြောင့် စီစုရှီးဟာ သမီးနှစ်ယောက် မွေးပြီးနောက် သားအိမ် မကောင်းတဲ့ကြားက သားမွေးလာဖို့အတွက် အကြိမ်ကြိမ် ကိုယ်ဝန်ဆောင်ခဲ့ရပြီးမှ သားမွေးနိုင်ခဲ့တာပါ။

ဖိုဝါဒီကို ဦးစားပေးတဲ့ ဓလေ့

ဘယ်လိုပဲ မျိုးနွယ်စု၊ ဘာသာစကားတွေ မတူညီကြပေမယ့် သားယောကျာ်းလေးကိုသာ အမွေပေးသင့်တယ် ဆိုတဲ့ ဓလေ့ကတော့ နာဂလူမျိုးတိုင်းမှာ ရှိနေတာပါ။ ဒီဓလေ့ကြောင့်ပဲ အနာဂတ် ပျောက်သွားရပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။

စီစုရှီးတို့ လင်မယားနှစ်ယောက်ကြား အိမ်ထောင်ရေးအက်ကြောင်း ဖြစ်လာတဲ့ ဓလေ့တစ်ခုကတော့ အလုပ် မလုပ်တဲ့ ခင်ပွန်းသည်ကို ဇနီးမယားတွေက ဆူပူပြောခွင့် မရှိတာပါ။ ဒီဓလေ့မှာ အလုပ်မလုပ်တဲ့ လင်ယောကျာ်းကို ပြန်ပြောပိုင်ခွင့် မရှိသလို သူ့စကားကို နားထောင်ရပြီး သူတို့ခိုင်းစေတဲ့ လုပ်ငန်းတွေမှာလည်း အမျိုးသမီးတွေက လုပ်ကိုင်ပေးကြရပါတယ်။

တချို့အမျိုးသမီးတွေဆို ခင်ပွန်းသည်ရဲ့ တာဝန် မကျေမှုကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေဟာ ခက်ခဲပင်ပန်းတဲ့ တောင်ယာ အလုပ်တွေ၊ အပိုဝင်ငွေရှာတဲ့ နေရာတွေမှာ ဝင်ရောက် လုပ်ကိုင်တဲ့အတွက် ကိုယ်ဝန်ပျက်ကျပြီး သေဆုံးတာ၊ နာတာရှည် လူမမာလို နေသွားရတဲ့ မိခင်တွေလည်း ရှိတယ်လို့ စီစုရှီးက ပြောပြပါတယ်။

စီစုရှီးရဲ့အမျိုးသားဟာ အရက်စွဲပြီး နောက်ပိုင်းမှာ အလုပ် မလုပ်တော့ဘဲ နေ့နေ့ညည အရက်သောက်ပါတယ်။ အရက်စွဲတဲ့ဒဏ်ကြောင့် လေဖြန်းသွားပေမယ့် အရက်ကို မလျှော့ခဲ့ပါဘူး။ အရက်ဖြတ်ဖို့ ပြောလည်း ဓလေ့ကို ဆန့်ကျင်ပြီး သူ့ကို ဆူပူတယ်လို့ စွပ်စွဲကာ မိဘတွေနဲ့ ရွာလူကြီးကို တိုင်တန်းပြီးနောက်ပိုင်း စီစုရှီးဟာ ယောကျာ်းဖြစ်သူကို လျစ်လျူရှုလိုက်ပါတော့တယ်။

ဓလေ့အမှားတွေကို တွန်းလှန်ဖို့လို

နာဂဒေသမှာ ပြဿနာတိုင်းကို ဓလေ့နဲ့ ဖြေရှင်းကြပေမယ့် ဓလေ့တွေ မလိုက်နာရင်တော့ သီးခြားပြစ်ဒဏ် မရှိပါ။ သို့ပေမဲ့ ဓလေ့ဖောက်ဖျက်သူဟာ လူမူပတ်ဝန်းကျင်မှာ အပြစ်ရှိတဲ့ လူသားတစ်ဦးလို ဆက်ဆံခံရတာကြောင့် အဝေးကို ထွက်သွားကြသူ များပါတယ်။

စီစုရှီးဆိုလည်း ဓလေ့ကို ချိုးဖောက်ခဲ့လို့ သားသမီး ၃ ယောက်ကို ထားရစ်ပြီး အိမ်ကနေ ဆင်းခဲ့တယ်။ သူ့ကို မိဘတွေနဲ့ ပတ်ဝန်းကျင်က လက်မခံတာကြောင့် အိန္ဒိယနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ကလေးတွေကို ရွာလူကြီးတွေကတဆင့် တောင်းခံထားတာ ၁၅ နှစ်ရှိလာတိုင် အကြောင်း မထူးသလို လင်မယား ကွဲပြီးနောက်ပိုင်း ကလေးတွေနဲ့လည်း တခါမှ တွေ့ခွင့် မရသေးပါဘူး။

နာဂဒေသဟာ အိန္ဒိယနိုင်ငံမှာ ရှိသလို မြန်မာနိုင်ငံမှာလည်းရှိပြီး၊ အိန္ဒိယ နာဂမှာတော့ မြန်မာလိုပဲ လိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ ရှိပေမယ့် သားယောကျာ်းလေးကို အထွဋ်အမြတ်ထားတဲ့ ဓလေ့ကတော့ နာဂလူမျိုးတိုင်းမှာ ရှိနေပါတယ်။ ဒီလိုဓလေ့တွေကြောင့် ဘဝရည်မှန်းချက် ပျောက်သွားရတဲ့ အမျိုးသမီးတွေ နာဂဒေသမှာ အများကြီးပါ။

သို့ပေမဲ့ စီစုရှီးတိုလို ရှေ့ကနေ ရဲရဲဝံ့ဝံ့နဲ့ ဓလေ့တွေကို ဆန့်ကျင် တော်လှန်တဲ့ အမျိုးသမီး အမြောက်အများ ထွက်လာရင် ဒါတွေ မှေးမှိန် ပျောက်ကွယ်သွားမယ်လို့ ခင်ကြူရှီးက သူ့အမြင်ကို ပြောပါတယ်။

ပလောင်အမျိုးသမီး လွေးကလည်း“ကျမမှ မဟုတ်ဘူး။ အမျိုးသမီးတိုင်း ဒီဓလေ့တွေကို တိုက်ဖျက်ရမယ်”လို့ ဆော်ဩနေပါတယ်။ ။

Author:

Related Articles