ထနောင်းမေ
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွေ့နေထိုင်ကြရပြီး အခက်အခဲ ပေါင်းများစွာကြားမှာ ရုန်းကန်နေကြရပါတယ်။ ရေမြေခြားမှာ ရှိစုမဲ့စုခွန်အားတွေနဲ့ လောကဓံကို ခါးစည်းခံနေ ကြရပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ပြောင်းရွေ့နေထိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကနေ ပြေးမလွတ်နိုင်တဲ့ အခြေအနေတွေ ခံစားနေကြရတာပါ။
“ဒီနေ့မှာတော့ ဘယ်မှာ တောမောင်းရောက်နေတယ်။ ဘန်ကောက်ကနေ ဆင်းလာတဲ့ တောမောင်းရောက်လာတယ်။ ဘယ်လိုတွေ ဖမ်းဆီးဖို့တွေရှိတယ်။ ဘာအဖမ်းအဆီးတွေရှိလို့ ဘယ်လိုတွေ မထွက်ကြနဲ့ဆိုရင် မထွက်ရဲကြဘူး။ အဲဒီလိုနေ့တွေ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရတယ်”လို့မမေကပြောပါတယ်။
နေ့တဓူဝ စိုးရိမ်စိတ်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေခဲ့ရတဲ့ ကြားထဲကပင် အဖြစ်အပျက်တစ်ခုကတော့ မမေအတွက် အဆိုးဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနေ့က မိခင်ဖြစ်သူနေမကောင်းတဲ့အတွက် ဆေးထွက်ဝယ်ပြီး မောင်ဖြစ်သူနဲ့ ပြန်လာခဲ့ရာ အိမ်ရောက်ခါနီးမှ ထိုင်းရဲနှစ်ယောက်နဲ့ စစ်ဆေးတာခံလိုက်ရပါတယ်။ အထောက်အထားမရှိတဲ့အတွက် ရုံးတင်မယ်ဆိုပြီး ခြိမ်း ခြောက်ပါတယ်။ ဘတ်တစ်သောင်းခွဲ တောင်းတဲ့အခါ သူတို့ကလည်း မိခင်ဖြစ်သူ နေမကောင်းလို့ ဆေးထွက်ဝယ် တဲ့အကြောင်း ရှင်းပြပြီး အိတ်ထဲကျန်တဲ့ ပိုက်ဆံဘတ်သုံးရာထုတ်ပေးပေမယ့် မယူဘူးလို့ ငြင်းတယ်။ နောက်ဆုံး ဘတ်လေးထောင် တောင်းတဲ့အတွက် အိမ်ပြန်ပြီး အဲဒီလပေးရမယ့် အိမ်လစာကို ယူပြီးပေးလိုက်တော့မှ ဖမ်းဆီး မခံရတော့တာလို့ဆိုပါတယ်။
“သူတို့တောင်းတဲ့ ဘတ်လေးထောင်လည်းပေးလိုက်ရော ဖုန်းနံပါတ်တွေ တောင်းတယ်။ ရေခဲမုန့်တွေ ဝယ်ကျွေးတယ်။ ဘာမှမငိုနဲ့ ငိုစရာမလိုဘူး။ သူတို့ကရသွားပြီးပြီး ကိုယ်တွေကျတော့ တလစာ အိမ်လစာ ပျောက်သွားတာ” လို့ မမေက အဲဒီနေ့က အဖြစ်အပျက်ကိုပြောပြပါတယ်။
ဖုန်းနံပါတ်တွေ တောင်းပြီးနောက်ပိုင်းမှာ သူတို့က ဖုန်းဆက်ကာ ကော်ဖီဒိတ်သွားမယ်၊ သူတို့နဲ့ ချိန်းတွေ့၊ သူတို့ လာခေါ်မယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဖုန်းဆက်လာတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“နောက်တခေါက် တောမောင်းဖမ်းမိတဲ့အခါ ကျမကိုဘာပြောလဲဆိုတော့ နင်မျက်နှာကသိသာတယ်။ နောက်တခါပြန်တွေ့ရင် မှတ်မိတယ်။ အဲဒီအခါကျရင် ငါတို့ကခေါ်ထားလိုက်မှာ ဗမာပြည်ကိုလည်း ပြန်မလွှတ်ဘူး။ နင့်ကိုခေါ်ထားလိုက်မှာ အဲဒီလိုပုံစံမျိုးတွေ ပြောတယ်”လို့ မမေက သူ့အတွေ့ကအကြုံကို ပြောပြပါတယ်။
အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကတော့ Freelance video editor (အလွတ်တန်း ရုပ်သံ သတင်း အယ်ဒီတာ) အသက် (၃၃) နှစ် အရွယ်မမေ(အမည်လွှဲ)ပါ။
အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေတွေကြောင့် မမေတို့ မိသားစုဟာထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကို အစီအစဉ်တကျ မဟုတ်ဘဲ ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလိုမျိုး စစ်ကောင်စီတပ်သားတွေကို ကြောက်ရွံ့စရာမရှိတော့ပေမယ့် အပြင်ထွက်တိုင်း မလုံခြုံတဲ့ အခြေအနေတွေကိုတော့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မမေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် ကဒ်တခုခုလုပ်ဖို့ရာ ငွေကြေးအခက်အခဲရှိတဲ့ အတွက် လတ်တလောမှာ ရဲကဒ်(နေထိုင်ခွင့်ကဒ်) လုပ်ပြီး နေထိုင်ပါတယ်။ ရဲကဒ်ဆိုတာက စစ်ဆေးတဲ့အခါ အထောက်အထား တစ်ခုအနေနဲ့ ပြနိုင်တဲ့ ကဒ်တစ်ခုသာဖြစ်ပြီး လစဉ် တလကို ဘတ်ငွေ ၃၀၀ ပေးရတဲ့ကတ်ဒ်တစ်ခု ဖြစ်ပါတယ်။
အထောက်အထား လုပ်ထားနိုင်ရင်တော့ အစစ်အဆေး အဖမ်းအဆီးဆိုတာဘာမှ သိပ်ပြဿနာမရှိပေမယ့် အထောက်အထား မလုပ်နိုင်တဲ့ မမေတို့လို လူတွေအနေနဲ့ အလုပ်လုပ်ကိုင်ရတာ အခက်အခဲဖြစ်ပါတယ်။
မဲဆောက်မှာ စစ်ဆေးတဲ့ပုံစံက မြန်မာလူမျိုးတွေတွေ့ရင် ပန်းရောင်ကဒ်ပါလား၊ အလုပ်သမားဗီဇာနဲ့ နေတာလား၊ ပတ်စ်ပို့ပါလား စသဖြင့် မေးမြန်းပြီး ဘာအထောက်အထားမှမပါရင် တရားမဝင် အလုပ်လုပ်ကိုင်တဲ့လူတွေလို့ သတ်မှတ်ကာဖမ်းဆီးပါတယ်။ ဖမ်းဆီးပြီးတော့ ပိုက်ဆံတောင်းသလို ပိုက်ဆံမပေးနိုင်ရင် မြန်မာပြည်ဘက်ကို ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့ မမေကပြောပြပါတယ်။
မမေရဲ့ အသိမိတ်ဆွေအမျိုးသမီးတစ်ဦးလည်း လမ်းမှာ စစ်ဆေးခံရပြီး လိင်ပိုင်းဆိုင်ရာထိပါးခံခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့ကြောင်းကို မမေကပြန်ပြောပြပါတယ်။
သူ့ရဲ့အမျိုးသမီးမိတ်ဆွေဟာ အားကစားဆရာမဖြစ်တဲ့အတွက် အားကစားဝတ်စုံနဲ့ လေ့ကျင့်ခန်းသင်ပေးပြီး အပြန်လမ်းမှာ ရဲတွေနဲ့ တွေ့ပါတယ်။ အထောက်အထားအပြည့်အစုံပါပေမယ့် တစ်ယောက်က ဦးထုပ်မဆောင်းလို့ စစ်ဆေးတာလို့ ဆိုပါတယ်။
“စစ်တဲ့အချိန်မှာ အသိအစ်မရဲ့ တင်ပါးကို ဖြန်းဆို ရိုက်ပြီးတော့ နောက်ဆို အဲဒီလိုမလုပ်နဲ့ နောက်ဆို နင်တို့ အဲဒီလိုလုပ်ရင် နင်တို့ကို ဒီတိုင်းလွှတ်မပေးတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြီးတော့ ပြောဆို ဆက်ဆံတာမျိုးတွေရှိတယ်”လို့ သူကဆက်ပြောပါတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ နယ်စပ်မှာ နေထိုင်ရတာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်မပြေဘူးလို့ မမေက ဖွင့်ဟခဲ့ပါတယ်။ အပြင်ထွက်တဲ့အခါ ညဘက်မဟုတ်တောင် နေ့လည်နေ့ခင်းမှာလည်း လုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။
“သူတို့တွေရဲ့ တချို့သောစကားတွေ နားမလည်ပေမယ့် သူတို့ရဲ့ မျက်လုံးအကြည့်တွေက ဘယ်လိုပုံစံတွေလဲဆို တာ ကိုယ်တွေက သိတယ်လေ။ သူတို့တွေရဲ့ ကြည့်တဲ့ပုံစံတွေ သူတို့ရဲ့ ပြောတဲ့ ဆိုတဲ့ပုံစံတွေက အဆင်မပြေဘူး ပေါ့နော်” လို့ မမေက သူ့ခံစားချက်ကို ပြောပြပါတယ်။
အမျိုးသားတွေအများကြီးစုနေကြရင် ပတ်ဝန်းကျင်က သိပ်အာရုံမစိုက်ပေမယ့် အမျိုးသမီးတွေချည်းစုနေတဲ့ အခါမှာ ပတ်ဝန်းကျင်အနေအထား၊ လုံခြုံရေးအခြေအနေတွေက အတော်လေးစိုးရိမ်စရာဖြစ်တယ်လို့ မမေက ပြောပါတယ်။
အစစ်အဆေးကြမ်းတဲ့နေ့မျိုးဆို သတင်းကြိုကြားရင် မလိုအပ်ဘဲ အိမ်အပြင်မထွက်တာ၊ စားသောက်စရာ ကြိုဝယ်ထားတာတွေပြုလုပ်ကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုံခြုံမှုမရှိသလို နေထိုင်ရတာ၊ အသွား အလာ၊ အစားအသောက်၊ အလုပ်အကိုင် ဝင်ငွေရရှိမှု တွေမှာလည်း အခက်အခဲတွေချည်းပါပဲ။
ဘယ်အချိန်မှာ အိမ်ရှင်က နှင်ချလိုက်မလဲ၊ အိမ်လခတွေ ဘယ်အချိန်တိုးသွားမလဲ ဆိုတာမျိုးတွေ၊ ကျန်းမာရေး အတွက် ဆေးရုံဆေးခန်းအခက်အခဲ အကုန်တွေးပူနေရတယ်။ သူများနိုင်ငံမှာ ဖြစ်တဲ့အတွက် အလုပ်က မြန်မာ ပြည်ထဲမှာ လုပ်ရသလို ကျွမ်းကျင်တဲ့ အလုပ်မရှိဘဲ ရတဲ့အလုပ်ရွေးလုပ်၊ အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့အခါ စိတ်ဓာတ် ကျတာမျိုးတွေလည်းရှိပါတယ်။
“တစ်လ တစ်လ ဘယ်လိုမျိုးထပ်ပြီးတော့ ရုန်းကန်ကြမလဲ ဘယ်လိုမျိုး အိမ်လစာတွေ အဆင်ပြေအောင် လုပ်မလဲ ငါတို့ ဘယ်လိုတွေစားသောက်ကြမလဲဆိုတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ နောက်ဆက်တွဲမှာ စိတ်ဓာတ် တွေကျလာတယ်။ စိတ်မကောင်းတွေဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးအရမ်းကို မလုံခြုံမှုတွေ၊ အခက်အခဲဖြစ်မှုတွေ အများကြီးရှိတယ်”လို့ မမေကပြောပါတယ်။
မဲဆောက်မှာ နေထိုင်ရင်း မလုံခြုံမှုတွေနဲ့ နောက်ထပ်ရင်ဆိုင်ရသူ တစ်ဦးကတော့ အသက် (၃၄) နှစ် အရွယ်ရွှေပါ။ ရွှေအနေနဲ့ မဲဆောက်ရောက်တာ နှစ်နှစ်လောက်ရှိပြီ ဖြစ်ပြီး အရင်တုန်းကတော့ ရဲကတ်ဒ်နဲ့ နေထိုင်ပေမယ့် လက် ရှိမှာတော့ တရားဝင်ဖြစ်အောင် ပန်းရောင်ကဒ်လုပ်ဖို့ ဖောင်တင်ထားကြောင်းထောက်ခံချက် အဖြစ်ထွက်လာတဲ့ စာရင်း Name list (အမည်စာရင်း) စာရွက်နဲ့ နေထိုင်နေပါတယ်။
လမ်းမှာထိုင်းရဲက စစ်ဆေးတဲ့အခါ ရဲကဒ်၊ ပန်းရောင်ကဒ်၊ အလုပ်သမားဗီဇာ၊ ပတ်စ်ပို့၊ ဆိုင်ကယ်စီးဦးထုပ်၊ ဆိုင်ကယ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင် စတာတွေကို စစ်ဆေးလေ့ရှိပါတယ်။
အထောက်အထား အကုန်ပြည့်စုံရင်တောင် ကွမ်းစားထားတာမျိုးတွေ့ရင် Alcohol test(အရက်သောက်ထား /မထား) နဲ့ ဆေးစစ်ပြီး ဘတ်ငါးသောင်းနီးပါး တောင်းတာမျိုးတွေလည်း ရှိတယ်လို့ ရွှေကပြောပြပါတယ်။
အမျိုးသမီးတွေကို စစ်ဆေးတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာထိပါးတာနဲ့ ပတ်သက်ပြီး ရွှေအနေနဲ့ ကိုယ်တိုင်မကြုံဖူးပေမယ့် တခြားသူတွေကြုံရတာကို ကြားဖူးတာတွေ ရှိတယ်လို့ဆိုပါတယ်။
“အဲဒီရဲတွေက ဓာတ်ပုံအတူတူ တွဲရိုက်ချင်တယ်။ ဓာတ်ပုံရိုက်ပြီး ယူထားတာတို့ အဲ့ဒီလိုမျိုးတွေ လုပ်တာရှိတယ်။ အဖမ်းခံလိုက်ရပြီး အချုပ်ထဲရောက်သွားရင် သူတို့နဲ့ တူတူနေလိုက်ရင် ဒီကနေ ပြန်လွှတ်မယ်တို့ ဟိုဘက်ကမ်းကို ပြန်မလွှတ်ဘူးတို့ ပြောတာမျိုးတွေလည်းရှိတယ်”လို့ ရွှေကပြောပြပါတယ်။
ရွှေကိုယ်တိုင်လည်း လမ်းမှာဆိုင်ကယ်နဲ့ဖမ်းခံရတာမျိုး တွေကြုံဖူးတယ်လို့ဆိုပါတယ်။
“အဲဒီလိုမျိုးကြုံတော့ ကိုယ့်မှာက ဆိုင်ကယ်လိုင်စင်ရှိတယ်။ ယာဥ်မောင်းလိုင်စင်မရှိဘူး။ တော်တော်ကြီးကို ညှိပြီး ကျန်းမာရေးလဲ မကောင်းဘူး။ ဆေးခန်းသွားဖို့ ဆိုပြီးတော့ပြောမှ လွှတ်ပေးလိုက်တယ်။ ပိုက်ဆံတွေ ဘာတွေ မတောင်းဘဲ ဒီတခါပဲရမယ်ဆိုပြီး လွှတ်ပေးလိုက်တာ တခါကြုံဖူးတယ်”လို့ သူ့အတွေ့အကြုံကို ပြော ပြပါတယ်။
အစစ်ဆေးကြမ်းတဲ့ အချိန်မျိုးဆို အိမ်ထဲက အိမ်ပြင်မထွက်ပဲနေတာမျိုးတွေနဲ့ ဖမ်းဆီးတာကို ရှောင်တိမ်းနေထိုင်ပါတယ်။ သူများနိုင်ငံမှာနေထိုင်ရတာဖြစ်တဲ့အတွက် ဘာသာစကားအခက်အခဲ၊ တရားဝင်နေထိုင်တာ မဟုတ်တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့နေထိုင်ရပါတယ်။
မမေနဲ့ ရွှေတို့နည်းတူ မဲဆောက်မှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့ နေထိုင်နေသူကတော့ အသက်(၄၁) နှစ် အရွယ် သတင်းထောက်တစ်ဦးဖြစ်တဲ့ ခိုင်ရီပါ။
ခိုင်ရီကတော့ မဲဆောက်ရောက်တာ နှစ်နှစ်ခွဲဝန်းကျင်ရှိပြီး ရဲကဒ်နဲ့ နေထိုင်ပါတယ်။ လက်ရှိမှာတော့ ပန်းရောင် ကတ်ဒ်လုပ်ထားပါတယ်။ လမ်းမှာ စစ်တာအပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို မြန်မာအများစု နေထိုင်တဲ့ အိမ်တွေထဲ အထိ ဝင်စစ်တာမျိုးတွေလည်း ကြုံရတယ်လို့ ခိုင်ရီကပြောပြပါတယ်။
နေလာတာလည်း တစ်နှစ်ခွဲလောက်ရှိပြီဆိုတော့ အစစ်အဆေး နေရာတွေရဲ့ သတင်းကိုနားစွင့်ကာ ရှောင်ပြီးသွားလာပါတယ်။
ခိုင်ရီကိုယ်တိုင်အနေနဲ့ ဖမ်းဆီးခံရတာမျိုးမကြုံဖူးသေးပေမယ့် မိတ်ဆွေတွေရဲ့ သတင်းတွေကိုတော့ မကြာခဏ ကြားရလေ့ရှိပါတယ်။ ပန်းရောက်ကတ်ဒ်လုပ်ထားပေမယ့် သတင်းထောက်တွေအနေနဲ့ အပြင်ထွက်တဲ့အခါ စစ်ဆေးခံရရင် ကွန်ပျူတာ၊ ကင်မရာ ပစ္စည်းတွေပါတဲ့အခါ ဘာအလုပ်လုပ်တာလဲဆိုပြီး ရစ်တာမျိုးတွေလည်း ကြုံရတာ မျိုးရှိတယ်လို့ ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ ပန်းရောင်ကဒ်က အခြေခံအလုပ်သမားတွေအတွက်သာထုတ်ပေးထားတဲ့ကတ်ဒ်ကို၊ သူတို့နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းကိရိ ယာတွေပါသွားတာမျိုးရှိရင် အဲ့ဒီအခါမျိုးဆို ပိုက်ဆံကို သောင်းနဲ့ချီပြီး တောင်းတာမျိုး တွေရှိတယ်” လို့ ဆိုပါ တယ်။
ပန်းရောင်ကဒ် လုပ်ထားသည့်တိုင်အောင် ကိုယ့်ရဲ့ အလုပ်၊ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် ကိရိယာတွေကိုကိုင်ဆောင် ပြီးသွားလာလို့ မရတဲ့အခက်အခဲတွေရှိပါတယ်။
သူ့အနေနဲ့က လမ်းပေါ်မှာ အချိန်အကြာကြီးနေတာမျိုးမလုပ်ဘဲ အိမ်နဲ့ ဈေးအသွားအပြန်လောက်သာ လုပ်တဲ့ အတွက် ထိပ်တိုက်စစ်ဆေးခံရတာမျိုး မရှိသေးတာပါ။ အစစ်ဆေး အနည်းဆုံးနည်းလမ်းနဲ့ ရှောင်တိမ်း နေထိုင်နေ ပေမယ့် ကလေးနှစ်ယောက်အတွက် ကျန်းမာရေးကိစ္စ သွားလာဖို့အချိန် စိတ်အပူဆုံးလို့ ဆိုပါတယ်။
“အမေ တစ်ယောက်အနေနဲ့ စိတ်ပူတာ ဒီမှာကဆေးခန်းတွေဘာတွေ ကလေးတွေဆိုရင် ရွေ့ပြောင်းလုပ်သားတွေ အတွက် လုပ်ထားတဲ့ မယ်တော်ဆေးခန်းကို အားကိုးရတယ်လေ၊ မယ်တော်ဆေးခန်းက မြို့ပြင်မှာရှိတာ ကျမတို့ ကမြို့ပြင်ကို သွားပြီးပြရတာ အဲ့ဒီထိပ်မှာ ရဲက အမြဲတမ်းစောင့်တယ် သူတို့ဖမ်းလေ့ရှိတယ်။ ကျမဆိုရင် ကလေးနှစ်ယောက်ရှိတာ တယောက်မဟုတ် တယောက်က နေမကောင်းဖြစ်တတ်တာကြောင့် ဆေးခန်း အမြဲတမ်းသွားရတော့ အဲ့ဒီအချိန်က စိတ်အပူဆုံးပဲ”လို့ ခိုင်ရီက သူ့ခံစားချက်ကိုပြောပြပါတယ်။
သူ့ရဲ့ မိတ်ဆွေတစ်ယောက်လည်း ညနှစ်နာရီခွဲ ဝန်းကျင် ဆေးခန်းသွားပြတာတောင် ရဲကဆေးခန်းနားမှာစောင့်ပြီး ဖမ်းဆီးတာမျိုးတွေလည်း ကြုံရတယ်လို့ဆိုပါတယ်။
“ည ၂ နာရီခွဲ လောက်ကြီးကျန်းမာရေးစောင့်ရှောက်မှုခံတဲ့နေရာရဲ့ ရှေ့တည့်တည့်မှာ လမ်းထိပ်မှာ ရပ်စောင့်ပြီးကို ရစ်တာ တခြားနေရာကိုသွားတဲ့နေရာမျိုးမှာ ဥပမာ- ဘီယာဆိုင်က ထွက်လာလို့ ဖမ်းခံရတာမျိုးတို့ တခြားနေရာ မျိုးက ထွက်လာပြီး ဖမ်းခံရတာမျိုးနဲ့ ပုံစံကမတူဘူးလေ။ အခုက ကျန်းမာရေး စောင့်ရှောက်မှုခံဖို့ သွားတယ်။ ည ၂ နာရီခွဲ ၃ နာရီ လောက်အချိန်ကြီးမှာ အဲ့ဒီလို စောင့်ဖမ်းပြီးတော့မှ မြန်မာတွေ ဒီဆေးရုံကို လာလေ့ရှိတယ်ဆိုတာသိလို့ အဲဒီလိုဖမ်းပြီးတော့ ငွေညှစ်တာတွေလုပ်ကြတယ်”လို့ ခိုင်ရီကဆက်ပြောပြပါတယ်။
ကိုယ်တိုင်လက်ရှိအချိန်ထိ မကြုံဖူးသေးပေမယ့် အပြင်ထွက်တိုင်း စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရပါတယ်။
“သူတို့နဲ့တွေ့မလားအမြဲစိုးရိမ်နေရတယ်။ အပြင်သွားတယ်ဆို ရဲနဲ့တွေ့လိုက်တယ်ဆို ရင်ကတထိတ်ထိတ်နဲ့ လှည့်မကြည့်မိအောင်နေတာတို့ သူတို့နဲ့တွေ့ရင် ဘာပြောမလဲ အဲ့ဒီလိုမျိုးတွေစိတ်ပူတယ်။ အခုက ပန်းရောင်ကတ်ဒ် name list (နာမည်စာရင်း) ရတော့ နည်းနည်းလေး စိတ်သက်သာရာ ရတာပေါ့နော်”လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေတွေကြောင့် တဖက်နိုင်ငံတွေမှာ ရုန်းကန်နေထိုင်ကြရပေမယ့် တနေ့အိမ်ပြန်ရမယ် ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ဖြတ်သန်းနေကြပါတယ်။
“ဘယ်မှလည်း သွားလို့မှမရတာ ဒီမှာပဲနေပြီး ဒီဟာပဲအဆင်ပြေအောင် လုပ်နေရမှာဆိုတော့ အခက်အခဲတွေရှိလည်း အတင်းရုန်းကန်ပြီး နေကြရတာပေါ့”လို့ မမေက ဆိုပါတော့တယ်။