Home ဆောင်းပါး တော်လှန်ရေးမုန်တိုင်းအောက်က နွေဦးသက်တန့်များ

တော်လှန်ရေးမုန်တိုင်းအောက်က နွေဦးသက်တန့်များ

ဒေဝီ။ ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက်က ရိုက်နှက်လိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ဆက်စပ်တဲ့အကြောင်း အရာတွေကိုမေးမြန်းလိုက်၊ ခန္ဓာကိုယ်ကိုထိပါးပြီး ညစ်ညမ်းတဲ့စကားပြောဆိုလိုက်နဲ့ ကြိမ်ဖန်များစွာကြားနေရတာကြောင့် မစောဟန်နွေဦး စူးစူးဝါးဝါးအော်ဟစ်လိုက်မိတယ်။

“ရှက်တယ် ကြောက်တယ် ရွံ့တယ်ဆိုတာထက် နာကျည်းမိတယ်။ နာရင်လည်း အော်မိတယ်။ ငါသေရင်သေ ဒီထက် ဘာမှ မထူးတော့ဘူး။ သူတို့ကို မတောင်းပန်ဘူး။ အသားနာလို့ ငိုချင်တာတောင်ငိုလို့မထွက်ဘူး၊ မျက်ရည်ကဘယ်လိုမှ မထွက်ဘူး “လို့ မစောဟန်နွေဦးက စစ်ကြောရေးမှာကြုံရတဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပါတယ်။

မစောဟန်နွေဦးက မန္တလေးမြို့မှာ နေထိုင်(ခဲ့) တဲ့ LGBTIQ တစ်ဦးဖြစ်ပါတယ်။ စာရေးဆရာမ တစ်ဦးဖြစ်သလို LGBTIQ တစ်ဦးဖြစ်တဲ့ မစောဟန်နွေဦး က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား မှုတွေ မှာပါဝင်ပြီး၊ စစ်သင်တန်းတက်ခဲ့ တာ၊ PDF တွေကိုထောက်ပံ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ စက်တင်ဘာ ၆ ရက်နေ့ မနက်မှာ မန္တလေးက နေအိမ်မှာပဲ ဖမ်းဆီးခံ ခဲ့ရတာပါ။

မစောဟန်နွေဦးကို မန္တလေးမြို့ရှိ နန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းတဲ့အခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၆ယောက် တစ်သုတ် ၇ယောက်တသုတ်နဲ့ ဝင်လာတဲ့အချိန်တိုင်း မျက်နှာနဲ့ ခန္ဓာကိုယ်ကိုရိုက်နှက်သလို၊ရေနွေးပူတွေနဲ့ ခန္ဓာကိုယ်ကို လောင်းချတာ၊ သူတို့ရဲ့ လိင်အင်္ဂါတွေကိုပြတာတွေ စတဲ့နည်းပေါင်းစုံနဲ ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခန္ဓာကိုယ်နာကျင်အောင်ရိုက်နှက်ရုံမက အမျိုးသမီးတစ်ဦးကဲ့သို့ဝတ်ဆင်နေထိုင်တဲ့ မစောဟန်နွေဦးကို အဝတ်အစားတွေချွတ်ကာ ခွဲစိတ်ထားတာလားဆိုပြီးစစ်ဆေးတာ၊ လှောင်ပြောင်တာတွေနဲ့ လိင်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်ပါ ပြုလုပ်ခဲ့ပါတယ်။

“ဒါတွေက ရှက်ဖို့အရမ်းကောင်းတာပေါ့ ညီမကလည်း အသားနာတာကကြောင်း၊ထူပူနေတာနဲ့ ဒီတိုင်းပဲငြိမ်ခံနေရတာ၊ ကြိုက်လား ကြိုက်လားဆိုပြီး ပစ်ပစ်နှစ်နှစ်ပြောတာ၊နင်ကမိန်းမလျာ အခြောက်မဆိုတော့ဒါမျိုးတွေငြင်းမှာမဟုတ်ဘူး ကြိုက်တယ်မလာဆိုပြီး ဝိုင်းဖွဲ့ပြီးလှန်ပြတာပေါ့။” လို့ မစောဟန်နွေဦးက ပြောပါတယ်။

စစ်ကြောရေးမှာရော ရဲစခန်းမှာပါ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်တဲ့အခါ မစောဟန်နွေဦးကို အခြောက်ဆိုတဲ့ နှိမ်ချ တဲ့စကားလုံးကိုတွင်တွင်သုံးပြီး ခြေသည်းလက်သည်းကို လိမ်တာ၊ ကြိုးခေါက်တွေနဲ့ ရိုက်နှက်တာ၊ ရေနွေးပူ နဲ့လောင်းတာ၊ ရိုက်နှက် ထားတဲ့နေရာတွေကို အရက်ပျံနဲ့ ဖြန်းတာစတဲ့ နည်းလမ်းမျိုးစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နှိပ်စက်ညှင်း ပန်းခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် LGBTIQ တွေက အာဏာရှင် ဆန့်ကျင်ရေးနှင့် တော်လှန်ရေးမှာ နောက်ကောက်မကျဘဲ ပုံသဏ္စာန်မျိုးစုံနဲ့ ပါဝင်ကြပါတယ်။ LGBTIQ တွေက တော်လှန်ရေးကို လူထုအာရုံစိုက်အောင် အသွင်သဏ္ဍာန်မျိုးစုံ ဝတ်ဆင်ကာ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို သပိတ်စစ်ကြောင်းတွေနဲ့ လည်းပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေးတွေမှာပါဝင်နေတာ၊ တိုက်ပွဲဝင်ဖို့လွတ်မြောက်နယ်မြေတွေမှာ စစ်သင်တန်းသွား ရောက်သင်ကြားတာ၊ ရိက္ခာထောက်ပို့ရေးတွေမှာပါဝင်တာ စတဲ့ တတ်စွမ်းတဲ့ နေရာတွေကနေ ပါဝင်နေတဲ့ LGBTIQ တွေ လည်း အများအပြားပါ။

ဒီလိုပါဝင်တဲ့အတွက်ကြောင့် LGBTIQ တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်မှုတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ သူတို့ ရဲ့ ဖြစ်တည်မှုအခြေအနေတွေအပေါ် နှိမ့်ချစော်ကားမှုတွေကို ဆိုးဆိုးရွား ရွား ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်များနှင့် ကလေးသူငယ်များ ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဇွန်လအတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အာဏာသိမ်းတဲ့နေ့မှ ဇွန်လအတွင်း မြစ်ကြီးနား၊မြင်းခြံ၊မုံရွာ၊ မော်လမြိုင်၊ရန်ကုန်၊ကျောက်ပန်းတောင်းနဲ့ မန္တလေးတို့မှ LGBTIQ အနည်းဆုံး ၁၂ ဦး က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ရပြီး အကျဉ်းထောင်နဲ့ ရဲစခန်းတွေမှာဖမ်းဆီးခံထားရတဲ့ LGBTIQ ၇၃ ဦး အနက် ၆၅ဦး ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကာ အခြားLGBTIQ ၂၈ဦးမှာလည်း ဖမ်းဆီးခံရမှုမှ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း LGBTIQ တို့က တော်လှန်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ပါဝင်ပြီး အာဏာရှင်ကို တွန်းလှန်နေကြပါတယ်။

“စစ်ဆေးမေးမြန်းတဲ့အခါမှာ အတွင်းအပြင် အကုန်လှန်ကြည့်တာ နင်ကခွဲစိတ်ပြီးသားလားဆိုပြီး။ အဲ့ဟာတွေအပေါ်မှာ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုမိန်းမလျာတွေရဲ့ဖြစ်တည်မှုတခုက သူတို့အတွက်လှောင်စရာလိုမျိုးဖြစ်နေတာ” လို့ မစောဟန်နွေဦးကဆက်ပြောပါတယ်။

အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတဲ့ LGBTIQ တွေဟာ ရုပ်ပိုင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ရင်ဆိုင်နေရတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်ကတည်းက လူ့ခွင့်အရေးချိုးဖောက်တာဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်း ဖက်ဖမ်းဆီးတာ၊ ဖမ်းဆီးခံရသူတွေကို ညှင်းပန်းနှိပ်စက်တာတွေကလည်း လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်တယ် လို့ ဆိုတယ်။

Photo Credit – LGBT Community Yangon

“လူ့အခွင့်အရေး ချိုးဖောက်မှုမှာ နှိပ်စက်ညှင်းပန်းမှုကို မလုပ်ရဘူးဆိုတာ သတ်မှတ်ထားတာရှိတယ်။ ဒီနေ့ဖမ်း တယ်နောက်နေ့အလောင်းပို့တာက ဘယ်လောက်ထိ ရက်စက်လဲ။ တရားဥပဒေမဲ့သတ်ဖြတ်ခြင်းဆိုတာကို ဖော်ဆောင် နေတယ်။ LGBT တွေအပေါ်လည်း မျက်နှာသာမပေးပါဘူး” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

အာဏာသိမ်းပြီးနောက် LGBTIQတွေက အခြားသူတွေတန်းတူ ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး၊ ဒီလိုလှုပ်ရှားမှု တွေကြောင့်လည်း ဖမ်းဆီးခံရ အကြမ်းဖက်နှိပ်စက်ခံရတာတွေရှိခဲ့ပါတယ်။ နှိပ်စက်ညှင်းပန်းတဲ့အခါမှာ လည်း LGBT တွေက အခြားသူတွေထက်ပိုပြီး နှိပ်စက်ခံရတာ အရှက်ခွဲခံရတာတွေရှိတယ်လို့ ဦးအောင်မျိုးမင်းက ဆက်ပြောပါတယ်။

“ကျတော်တို့လူမှုရေးအစဉ်လာမှာရှိတဲ့ LGBT ဆိုရင်အထင်သေးတဲ့စိတ်က ဖမ်းဆီးခံရတဲ့အခါမှာ ငါတို့လုပ်သလို လုပ်လို့ရတယ်၊ ဒီလူတွေကဘာလို့ဒီတိုက်ပွဲမှာပါရတာလဲ ယောကျာ်းမဟုတ်မိန်းမပုံဝတ်ထားတဲ့သူတွေက ဘာကြောင့် ဒီနေရာမှာ ပါရတာလဲဆိုတဲ့ မုန်းတီးမှုကိုအခြေခံတဲ့နှိပ်စက်မှုက LGBTတွေမှာပိုခံနေရတယ်။”လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှ အတည်ပြုကြေငြာခဲ့တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းမှာလည်း အပိုဒ်(၂) လူတိုင်း အသားအရောင် လိင်ကိုးကွယ်သည့်ဘာသာ ကျား-မ မရွေးတန်းတူညီမျှ၊ အပိုဒ်(၃) လူတိုင်း အသက်ရှင်ခွင့်၊ လုံခြုံခွင့် အပိုဒ်(၅)မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ၊ အပိုဒ်(၉)မည်သူ့ကိုမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်း ကိုဖြစ်စေ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ၊ အပိုဒ်(၁၀) အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံယူရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သောတရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်လို့ဖော်ပြထားပါတယ်။

သို့သော်လည်းလက်ရှိမြန်မာနိုင်ငံရဲ့အနေအထားက ဒီအခွင့်အရေးအားလုံးနဲ့ ဆန့်ကျင်ဘက်မှာဖြစ်နေပါတယ်။

စစ်ကြောရေးနဲ့ ရဲစခန်းမှာရိုက်နှက်လို့ စစ်ဆေးမေးမြန်းမှုတွေပြီးတဲ့အခါ မစောဟန်နွေဦးကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့တယ်။ ရမာန်နှစ်ပတ်နဲ့ ရဲစခန်းမှာနေရပြီးနောက် အိုးဘို အကျဉ်းထောင်ကထောင်တွင်းအချုပ်ကို ရောက်တဲ့ အခါ စစ်ကြောရေးနဲ့ ရဲစခန်းမှာလို ညှင်းပန်းနှိပ်စက်တာမရှိပေမယ့် LGBTIQ တစ်ဦးအနေနဲ့ အဆင်မပြေတဲ့ ကိစ္စရပ် တွေကြုံခဲ့ရတယ်။

တရားရုံးကနေ အမိန့်ချပြီးတဲ့သူတွေအတွက် LGBT ဆို သီးသန့်အဆောင်ရှိပေမယ့်၊ ထောင်တွင်းအချုပ်မှာထားတဲ့ အခါ သီးသန့်အဆောင်မထားဘဲ အမျိုးသားတွေနဲ့ရောနှောထားတဲ့အတွက် Transgender အဖြစ်နေထိုင်သူ မစောဟန် နွေဦး အတွက် အခက်တွေ့စေပါတယ်။

“အင်္ကျီတွေဘာတွေဆို ပုဆိုးတွေဘာတွေပဲပေးဝတ်တယ်။ မိန်းကလေးအဝတ်စားမဝတ်ရဘူးဆိုတော့ အခက်အခဲ တွေ့ရတာပေါ့။ အဝတ်အစားပြသနာ ရေမိုးချိုးတဲ့ပြသနာတော့ တော်တော်ခက်ရတယ်။ ညီမကိုယ်တိုင်လည်း Transgender အမျိုးသမီးကဲ့သို့ ခံယူနေထိုင်ပြီးပြီဆိုတော့” လို့ မစောဟန်နွေဦးကပြောပါတယ်။

ဒါပေမယ့် စိတ်ဓာတ်နဲ့ယုံကြည်မှုက အဝတ်အစားအပေါ် မူတည်တာမဟုတ်ဘူးဆိုတဲ့ခံယူချက်နဲ့ လိုက်လျော ညီထွေဖြစ် အောင်နေထိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ထောင်တွင်းအချုပ်မှာနေရတဲ့အခါ အခြားအကျဉ်းသားတွေကို သူက အမျိုးသမီးကဲ့သို့နေထိုင် သူဖြစ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး အကျဉ်းသားအများစုကလည်း နိုင်ရေး ပုဒ်မတွေနဲ့ ရောက်ရှိလာတာဖြစ်တဲ့အတွက် အဆင်ပြေတယ်လို့ဆိုပါတယ်။

“ငါတို့တောင်ဒီလိုခံရရင်တခြားမိန်းကလေးတွေ ဘယ်လိုဖြစ်မှာလဲပေါ့ အမျိုးသမီးတွေကို သွားတွေးမိတယ် သူတို့တွေ ဘယ်လောက် တောင်ကြုံနေရလဲဆိုပြီးဖြစ်မိတယ်။ အခုချိန်ထိလည်းတော်တော်ကြီးကိုစိတ်ပူတုန်း။”လို့ မစောဟန်နွေဦး ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ အမျိုးသား၊အမျိုးသမီး မရွေး ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်သလို LGBTIQ တွေအပေါ်မှာလည်း ယောကျာ်းမဟုတ် မိန်းမ မဟုတ်ဆိုပြီး ပိုနှိပ်စက်ညှင်းပန်းတာတွေ ရှိတယ်လို့ အကျဉ်းထောင်တွေ ကနေ လွတ်မြောက်လာတဲ့ LGBTIQ တွေက ပြောပါတယ်။

“LGBT တွေ ဖြစ်နေ လို့ဆိုပြီး ပိုနှိပ်စက်တယ်။ မိန်းမလိုနေတဲ့အတွက်ကြောင့်လှောင်ပြောင်တယ် စော်ကားတယ်။ မင်းတို့အခြောက်တွေက နိုင်ငံရေးလုပ်ရမှာမဟုတ်ဘူး မင်းတို့က ဒါ ပဲလုပ်ရမှာဆိုပြီး သူတို့ဟာတွေ ထုတ်ပြတယ်။” လို့ ပဲခူးတိုင်းဒေသကြီးမှာ နေထိုင်တဲ့ LGBT တစ်ဦးဖြစ်သူ ကိုဟန်ဇင်ထူး ကပြောတယ်။

ကိုဟန်ဇင်ထူးက ဧပြီလမှာ ပဲခူးတိုင်းဒေသကြီးရှိ နယ်မြို့လေးတစ်ခုက သူငယ်ချင်းဖြစ်သူနေအိမ်မှာ နေထိုင်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး မေလမှာ ပြန်လည်လွတ်မြောက်လာတာပါ။

ကိုဟန်ဇင်ထူးတို့ တည်းခိုနေထိုင်တဲ့ နေအိမ်က မိန်းကလေးတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ နေရာကို ဓာတ်ပုံရိုက်တာကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရတယ်။ အဆိုပါအမျိုးသမီးလေးနဲ့ ဆက်စပ်ပြီး နေအိမ်မှာရှိတဲ့ ကိုဟန်ဇင်ထူးနဲ့ သူငယ်ချင်းဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံရသူသုံးဦးလုံးကို အသားနာကျင်အောင်ရိုက်နှက်သလို၊ ကိုဟန်ဇင်ထူးနဲ့ သူ ငယ်ချင်းဖြစ်သူမှာ LGBTIQ တွေမှန်းသိတဲ့အတွက် နှိမ့်ချပြောဆိုတာတွေ လိင်ပိုင်းဆိုင်ရာထိပါးစေတဲ့အပြုအမှုတွေ လုပ်ခဲ့ပါတယ်။

“ကျွန်တော့်ကို လက်ထိပ်ခတ်ပြီးရိုက်တာ ရာဘာတုတ်နဲ့၊ စစ်သားနှစ်ယောက်က တင်ပါးကနေခြေထောက်အထိရိုက်တာ ညိုပုတ်ပြီးတော့ လမ်းတောင်မလျှောက်နိုင်ဘူး၊ ပစ်လဲသွားလည်းမရဘူး ဆွဲထူပြီးရိုက်တယ်။” လို့ ကိုဟန်ဇင်ထူး ကစစ်ကြောရေးမှာ ကြုံတွေ့ခဲ့တာတွေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကိုဟန်ဇင်ထူးကို ယင်းတည်းခိုနေထိုင်ရာ မြို့နယ်က ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အကြောင်းကို ထုတ်ဖော်ဝန်ခံ ခိုင်းပေမယ့် သူကထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ အတွက် ပိုပြီးရိုက်နှက်တာလို့ဆက်ပြော ပါတယ်။

ရဲစခန်းမှာ တစ်ရက်လုံး ရိုက်နှက်နှိပ်စက်ပြီးတော့ ကိုဟန်ဇင်ထူးကို အကျဉ်းထောင်ကို ပို့ခဲ့တယ်။ အကျဉ်းထောင် အတွင်းက ယောကျာ်းလေးဆောင်မှာ ထားတော့ LGBTIQ ဖြစ်ပေမယ့်လည်း အများနဲ့တန်းတူနေထိုင်ရပြီး ထောင်ဝန်ထမ်း တစ်ချို့က လှောင်ပြောင်ဖိနှိပ်တဲ့ စကားတွေ ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်မှာ တစ်လကျော်ကျော်နေခဲ့ရပြီးနောက် ပြန်လွတ်လာပေမယ့်လည်း စစ်ကြောရေးမှာ ညှင်းပန်းမှု တွေက ခြောက်အိမ်မက်တစ်ခုဖြစ်နေဆဲလို့ ဆိုပါတယ်။

စစ်ကြောရေးမှာ ရိုက်နှက်တာတွေကြောင့် ခန္ဓာကိုယ်မှာ အညိုအမည်းဒဏ်ရာတွေ ထင်ကျန်နေသလို၊ လက်ရှိအချိန်ထိ အာရုံကြောနဲ့ သက်ဆိုင်တဲ့ဆေးဝါးတွေ သောက်သုံးနေရပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံနေရတယ် လို့ပြောတယ်။

Photo Credit – LGBT Community Yangon

“အရင်တုန်းက သူတို့ကို မုန်းတာပဲရှိခဲ့တယ်။ နောက်ပိုင်းကျတော့ သူတို့ယူနီဖောင်းတွေမြင်ရင် ကိုယ့်အနားဖြတ်သွား တဲ့အခါ၊ သူတို့နားဖြတ်ရမှာတို့ဆို အရမ်းကြောက်တယ်။ သူတို့က ကိုယ့်ကို ဘာမှ မလုပ်ဘူးဆိုရင်တောင် အရမ်းကြောက် တယ် ငါ့ကို ခေါ်ပြီးတော့။ နှိပ်စက်မှာလားဖမ်းမှာလားပေါ့” လို ကိုဟန်ဇင်ထူးက ပြောပါတယ်။

စစ်ကြောရေးတွေမှာ ဆိုးရွားတဲ့ အတွေ့အကြုံတွေကို ခံရတဲ့ LGBTIQ တွေက မစောဟန်နွေဦးတို့ ကိုဟန်ဇင်ထူး တို့တင်မကပါဘူး။ မိမိကိုယ်ကို LGBTIQ လို့ ထုတ်ဖော်မပြောတဲ့သူတွေ၊ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ခံရပေမယ့် သူတို့ရဲ့ အတွေ့အကြုံတွေကို ဖွင့်ဟမပြော ဖြစ်ကြတဲ့ LGBTIQ တွေလည်း အများအပြားပါ။

“ကျွန်တော်တို့ကိုတချို့ကရင်ဖွင့်တာတွေရှိပေမယ့် အကုန်လုံးပြန်မပြောကြဘူး။ တချို့ငယ်သေးတာလည်းဖြစ်မယ်။ အမဲစက်ကြီးဖြစ်မှာ လည်းကြောက်ရင်ကြောက်မယ်။” လို့ ရန်ကုန် LGBT သပိတ်စစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ အသျှားကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မုံရွာမြို့မှာ နေထိုင်တဲ့ LGBTIQ တစ်ဦးကို ဖမ်းဆီးရိုက်နှက်ပြီး လှောင်ပြောင် နှိမ့်ချတဲ့သဘောနဲ့ အတွင်းခံသာဝတ်ဆင်စေပြီးလူမြင်ကွင်းမှာ ဓာတ်ပုံရိုက်ကာ ၎င်း အမျိုးသမီးရဲ့ လူမှုကွန်ယက်မှာ ပြန်တင်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

အသက် နှစ်ဆယ်ကျော်အရွယ်သာရှိတဲ့ အဆိုပါ LGBTIQ ဟာဆိုရင် အမျိုးသမီးကဲ့သို့ပြောင်းလဲနေထိုင်သူ (Transgender-woman) တစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါ Transgenderwoman ဖြစ်သူမခင်ခင်(အမည်လွှဲ)နဲ့ သူ့ခင်ပွန်းတို့ကို နိုဝင်ဘာဒုတိယပတ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကနေအိမ်မှာ ဖမ်းဆီးသွားပြီး အဲဒီ အမျိုးသမီးကိုရိုက်နှက်စစ်ဆေးမေးမြန်းသလို လှောင်ပြောင်နှိမ့်ချလိုတဲ့ သဘောနဲ့ ခန္ဓာကိုယ်က အဝတ်အစားတွေချွတ်လို့ လူမြင်ကွင်းမှာ ဓာတ်ပုံရိုက်ခံခဲ့ရတာလို့ယင်း Transgender အမျိုးသမီး ကြုံရတဲ့ ဖြစ်စဉ်ကို မုံရွာ LGBT သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ မြင့်မြတ် က ပြောပါတယ်။

“အရှက်လုံရုံလောက်အဝတ်အစားပဲ ဝတ်ထားပြီးတော့ ရိုက်နှက်ပြီး၊ အရှက်ခွဲတဲ့ ဓာတ်ပုံတွေရိုက်ပြီး သူ့အကောင့်မှာ ပြန်တင်ထားတာ၊ တမင်လုပ်တာဖြစ်ပါတယ်။”လို့ မြင့်မြတ်ကပြောပါတယ်။

အဲဒီ Transgender အမျိုးသမီးက PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးတယ်လို့ ယူဆထားပြီး၊ အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းကို ဖမ်းဆီးသွားတဲ့ရက်၊ ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့ပေမယ့်၊သူ့ကိုတော့ ဖမ်းဆီးထား ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ကာလ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ LGBTIQ တွေပါဝင်မှုရှိခဲ့ပေမယ့် ယခုအခြေအနေလောက် အထိ ထင်ထင်ရှားရှား သတ္တိရှိရှိနဲ့ ပါဝင်မှု နည်းပါးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ အရင်အချိန်တွေတုန်းက စစ်ကြောရေးတွေ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက်မှု နှိမ်ချဆက်ဆံမှုတွေရှိကောင်းရှိခဲ့ပေမယ့် LGBTIQတွေ အများဆုံးကြုံရတာက မှောင်ရိပ်ခိုမှု၊ပြည့်တန်ဆာနဲ့ဆက်စပ်တဲ့ သာမန်ရာဇဝတ်မှု အခြေအနေသာဖြစ်တယ်လို့ဆိုတယ်။

“LGBTလို့ပြောတဲ့ လိင်စိတ်ဆိုတဲ့ဟာကလည်း ကိုဗစ်လို သာမိုမီတာနဲ့ တိုင်းလို့ရတာမဟုတ်ဘူး။ နိုင်ငံရေးမှာပါဝင်တဲ့ တချို့တလေ တွေရှိပေမဲ့ အခုလောက်ထိ မများခဲ့သေးဘူးပေါ့။ ဖြစ်တာတွေတော့ရှိခဲ့မှာပါ ကျွန်တော်တို့ထင်ထင်ရှားရှား မသိခဲ့တာ” လို့ ဦးအောင်မျိုးမင်း ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးက ပျက်ပြားနေတဲ့အတွက် LGBTIQ တွေအပေါ် အနိုင်ကျင့် အကြမ်းဖက် နှိပ်စက်မှု အခြေအနေတွေကို နိုင်ငံတကာရဲ့ အကူအညီနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပြီးဒီလို ကျူးလွန်တဲ့ အကြောင်းအရာတွေကို အချက်အလက်အစီရင်ခံစာတွေ စုဆောင်းတာ ထုတ်ပြန်တာတွေ ကို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ဆိုင်ရာဝန်ကြီး ဌာနတွေက ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုအချက်အလက်အစီရင်ခံစာတွေကိုလည်း နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံတဲ့အခါ ပြောဆို ဆွေးနွေး သလို၊ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၊ LGBTဆိုင်ရာ အထူးကိုယ်စားလှယ်တွေဆီကို ပေးပို့ထားပြီး ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဆက်ပြောပါတယ်။

စစ်အာဏာရှင်တွေက ဖမ်းဆီးခံရတဲ့ သူတွေနဲ့ပတ်သတ်ပြီး စစ်ကြောရေးမှာ ဆိုးရွားတဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ကိုပြုလုပ်လေ့ရှိပါတယ်။ ဒီလိုညှင်းပန်းနှိပ်စက်မှုတွေက LGBTIQ တွေတင်မက အမျိုးသားအမျိုးသမီး ကြီးငယ်မရွေး ပြည်သူအားလုံးကြုံတွေ့နေရတာဖြစ်ပြီး LGBTIQတွေကတော့သူတို့ရဲ့ လူ့ဂုဏ်သိက္ခာကိုပိုပြီးတော့ ထိခိုက်နစ်နာအောင် ပြုမှုလုပ်ဆောင်ခံရတယ်လို့ ဒုရဲမှုးဟောင်းမိုးရန်နိုင်က မှတ်ချက်ပြုပါတယ်။

ဒီလို ပြည်သူတွေအားလုံးကိုညှင်းပန်းနှိပ်စက်တာတွေက ဥပဒေနဲ့ မညီဘဲ နိုင်ငံတော်က တရားဝင်ပြဌာန်းထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄ကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄မှာ လူ့ရဲ့ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကို ဖြစ်စေထိုခိုက်နစ်နာစေခြင်းမရှိစေရဘူးလို့ပြဌာန်းထားပါတယ်။

“LGBT တွေကို နှိပ်စက်တာရော အခြားပြည်သူတွေကို နှိပ်စက်တာရော က ဥပဒေနဲ့ မညီပါဘူး၊ ဒီဥပဒေ ကို စစ်အာဏာ ရှင်တွေက သူတို့ကိုယ်တိုင်ချိုးဖောက်နေတယ်လို့ ပြောလို့ရပါတယ်လို့” ဒုရဲမှုးဟောင်းကပြောပါတယ်။

ယခင်ကတည်းကLGBT တွေကို လူ့အသိုင်းအဝိုင်းက လှောင်ပြောင်နှိမ့်ချတာတွေ ရှိခဲ့သလို၊ လက်ရှိမှာလည်း ဆိုးရွားတဲ့ညှင်းပန်းနှိပ်စက်မှုတွေ ဥပေဒချိုးဖောက်တဲ့ကိစ္စရပ်တွေ ရှိနေတဲ့အတွက် နောင်ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်လာတဲ့အခါ LGBT တွေကို အကာအကွယ်ပေးစောင့်ရှောက်မယ့် ဥပဒေတစ်ရပ်ရေးဆွဲပြဌာန်းမယ်ဆိုရင် ပိုသင့်တော်မယ်လို့ ဒုရဲမှုးဟောင်းကဆိုပါတယ်။

LGBTIQ တွေအပေါ် လှောင်ပြောင်နှိမ့်ချမှုတွေက အရင်ကတည်းကရှိခဲ့သလို၊အာဏာရှိ အဖွဲ့အစည်းတစ်ချို့ရဲ့ ပစ်မှတ်ထား ညှင်းပန်းမှုတွေလည်း ကြုံခဲ့ရတယ်။ LGBTIQ တွေဟာ ညအချိန်အပြင်ထွက်ရင်တောင် မှောင်ရိပ်ခိုမှု၊ ပြည့်တန်ဆာမှု စတာတွေနဲ့ ဖမ်းဆီး ခံရပြီး ငွေညှစ်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေကိုလည်း ယခင်ကာလတွေ တုန်းက အမြဲတစေ ကြုံတွေ့ရတယ်လို့ LGBTIQ တွေက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့လာရာမှ လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ လျော့ကျခဲ့ပြီး LGBTIQ နဲ့သက်ဆိုင်တဲ့အခွင့်အရေးအချို့တောင်းဆိုတာတွေလုပ်ခွင့်ရခဲ့တယ်၊ ဒီအတွက်ကြောင့် ယခင်ကာလအခြေ အနေဆိုးတွေကို ထပ်မကြုံချင်တော့လို့ LGBTIQ တွေကလည်း တက်စွမ်းတဲ့နေရာတွေက နေ တိုက်ပွဲဝင်နေတာ လို့ဆိုတယ်။

“စစ်ဖိနပ်အောက်မှာ နာလန်မထူနိုင်ဘူး ခေါင်းပြန်မထူနိုင်တော့ဘူးဆိုရင်၊ အထူးသဖြင့်လူနည်းစု အခွင့်အရေးတွေက အကုန် ဆုံးရှုံးသွားပြီဆို ရှေ့ဆက်ပြီးတော့ ဘယ်လိုဆက်သွားရမလဲဆိုတာတွေးတောင်မတွေးဝံ့ဘူး” လို့ မုံရွာLGBT သပိတ် ဦးဆောင်သူ မြင့်မြတ်ကဆက်ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက်ဖိနှိပ်တာတွေ ဆက်တိုက်လုပ်နေပေမယ့် “သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေသော အခြောက်” “ခြောက်ပေမယ့် ကြောက်မနေဘူး “စတဲ့စာသား တွေနဲ့ ပျောက်ကြားသပိတ်တွေမှာ ပါဝင်တာ၊ LGBT သပိတ်တွေကို ရန်ကုန်နဲ့ နယ်မြို့တွေမှာ အရှိန်အဟုန် မပျက် လုပ်ဆောင်နေပါတယ်။

“LGBT တွေဆို အကြောက်တရားနဲ့ တွဲမြင်တယ်။ ပိုပြီးပွင့်လင်းမြင်သာတဲ့ စကားနဲ့ပြောရင် အခြောက်ဆိုရင် ကြောက်တယ်။ ခြောက်တာနဲ့ အကြောက်တရားက အတူတူတွဲမရှိဘူး၊ ဒါကြောင့်လမ်းပေါ်ထွက်နေတာမြေပေါ် သပိတ်စစ် ကြောင်းတွေထွက်လို့ရသည်အထိ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အာဏာရှင်ကို နောက်ဆုံးအချိန်ထိ တော်လှန်နေမှာ ဖြစ်ပါတယ်။”လို့ မြင့်မြတ်ကပြောပါတယ်။

လူ့ဘဝရဲ့ ငရဲခန်းလို့ လို့ ခိုင်းနှိုင်းကြတဲ့ စစ်ကြောရေးကနှိပ်စက်ညှင်းပန်းမှုတွေက ရက်စက်ဆိုးရွားလွန်းတဲ့အတွက် ရိုက်နှက်ညှင်းပန်းတဲ့ဒဏ်ကို မခံနိုင်ဘဲ သေဆုံးသွားတဲ့သူတွေလည်းတပုံတပင်ရှိခဲ့ပါတယ်။ မစောဟန်နွေဦး ကိုယ်တိုင် လည်း ဆိုးဆိုးရွားရွားခံစားခဲ့ရပေမယ့် ကိုယ်လုပ်ဆောင်တဲ့ တော်လှန်ရေးခံယူချက်အပေါ် စိတ်အားတင်းပြီး နေထိုင်ဖြတ်သန်း ရတယ်လို့ ဆိုပါတယ်။

” နောက်ဆုတ်ဖို့လုံးဝမဖြစ်နိုင်ဘူး ရှေ့ဆက်သွားနေမယ် ခြေထောက်လေးတစ်ကွက်ဝင်လို့ရရင် ခြေတစ်ချောင်းစာ လုပ်မယ် လက်လေးတစ်ကွက်ဝင်လို့ရရင် လက်တစ်ကွက်စာလုပ်မယ်။ ဆက်လုပ်နေဦးမှာ၊ အားလုံးနဲ့ အတူတူရပ်တည် နေဦးမှာပဲ။” လို့ မစောဟန်နွေဦးကဆိုပါတယ်။

Author:

Related Articles