ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံရက် စုစုပေါင်း ၁၉နှစ်ရှိပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုစုပေါင်း အကျဥ်းကျနှစ်ဟာ ဇန်နဝါရီ လ ၁၄ ရက်နေ့မှာ ၁၉ နှစ်ပြည့်သွားပြီလို့ ဘားမားကမ်ပိန်း ယူကေကထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နောက်ဆုံးအကျဥ်းချခံလိုက်ရတာ ဖြစ် ပြီး ဒီအကြိမ်ဟာ စတုတ္ထအကြိမ် အကျဥ်းချခံရတာ ဖြစ်တယ်လို့ ဘားမား ကမ်ပိန်း ယူကေက သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ထုတ်ပြန်လိုက်တာပါ။ စစ်ကောင်စီက ဥပဒေမဲ့ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသားအားလုံးကို လွှတ်ပေးဖို့လည်း ဘားမားကမ်ပိန်း ယူကေက တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲတိုင်းမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အကြီးအကျယ်ထောက်ခံ လုပ်ပိုင်ခွင့် ပေးခဲ့ပေမဲ့၊ စစ်တပ်ကိုတော့ ပြည်သူတွေက ဘယ်တုန်းကမှ အဲဒီလိုလုပ်ပိုင်ခွင့် မပေးခဲ့တဲ့အတွက် စစ်ကောင်စီ ဟာ တရားဝင်မှုမရှိဘူးလို့လည်း ဘားမားကမ်ပိန်း ယူကေက ဆိုပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အဆိုအရ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဥ်းသား ၂၁၅၀၇ ဦးရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီထဲကတစ်ယောက် ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းကတည်းက ကလေး ၅၈၉ ယောက် အပါအဝင် လူပေါင်း ၂၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
Source –VOA
ဆီဆိုင်မြို့ကို ဗုံးကြဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ဖြီကျွတ်ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီး ၂ ဗုံးထိမှန် သေဆုံးပြီး၊ နောက်ထပ် အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခဲ့တာဖြစ်ပြီး၊ သေဆုံးခဲ့ကြသူတွေက တောင်ယာက ပြန်လာတဲ့ အမျိုးသမီး ၃ ဦး ထဲက သားအမိ ၂ ဦး ဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်တုန်းကလည်း စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်ကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးပေးခန်းအပါအဝင် အဆောက်အဦးတချို့ ထိမှန်ခဲ့တယ်လို့သိ ရပါတယ်။
Source –BBC
ငါန်းဇွန်းမြို့မှာ စစ်ကောင်စီလက်ချက်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူလေးဦးသေဆုံး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပန်ကျင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင် ရောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ကာ ရွာကို မီးရှို့ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းက ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဇုန်ကနေ စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၁၇၀က လက်ပန်ကျင်းတောင်ရွာကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ အမျိုးသား နှစ်ဦး၊ နောက်ထပ် အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပါတယ်။
Source –DVB
ထောက်ခံစာအတုလုပ်ရောင်းမှုဖြင့် အမျိုးသမီးခြောက်ဦးအပါအဝင် လူကိုးဦးကို စစ်ကောင်စီဖမ်းဆီး
နိုင်ငံသားမှတ်ပုံတင်ကတ်၊ အလုပ်သမားမှတ်ပုံတင်ကတ်အပြင် ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေ အတုလုပ် ရောင်းချသူ အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသား သုံးဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ထောက်ခံစာတွေ အတုလုပ်ရောင်းနေ တယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေဖမ်းဆီးခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုး သမီးတစ်ဦးကို ဇန်နဝါရီ ၈ ရက်နေ့မှာ ဖမ်းမိခဲ့ပြီးနောက် ရန်ကုန်မြို့မှာ ကျန်တဲ့ ရှစ်ဦးကို ဆက်စပ်ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်နေ့ ညမှာသတင်းထုတ်ပြန်ခဲ့ပါတယ် ။
အလုပ်သမားကတ်အတု၊ ထောက်ခံစာအတုတွေကို တစ်ကတ် ငွေကျပ် သုံးသောင်းနဲ့ ရောင်းချနေတာဖြစ်ပြီး ဒီကိစ္စနဲ့ဆက်စပ်သူ နောက်ထပ်သုံးဦးကို ဆက်လက်ဖမ်းမိဖို့ ဆောင်ရွက်နေသလို လက်ရှိ ဖမ်းမိထားသူ ကိုးဦးကို ဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Source – RFA
နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ တူမဖြစ်သူ ထောင်နှစ်ရှည်ချမှတ်ခံရ
နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ သူ့ရဲ့ တူမဖြစ်သူ မစုမြတ်ထက်တို့ကို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထောင်ဆယ်နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်နီမိုလှိုင်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီထားတဲ့ သူ့ရဲ့ တူမဖြစ်သူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းရဲ့ ရုံးချိန်းကို သွားရောက်ချိန် သင်္ဃန်းကျွန်းခရိုင် တရားရုံးထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မစုမြတ်ထက်ကိုတော့ ဒေါ်နီမိုလှိုင် ဖမ်းဆီးခံရပြီး နောက်မှ ထပ်မံဖမ်းဆီး ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့ မဆုရည် လင်းကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နီမိုလှိုင်ကို ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဆယ်နှစ်ချလိုက် တာပါ။ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရတဲ့ ဒေါ်နီမိုလှိုင်မှာ နှလုံးရောဂါအခံရှိပြီး ရာသီဥတုကြောင့် သူ့ရဲ့ ကျန်းမာ ရေးအခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါ်နီမိုလှိုင်ဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟို လူငယ်အထောက်အကူပြုအဖွဲ့ရဲ့ သင်္ဃန်ကျွန်းမြို့နယ် လူငယ်တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီအချိန်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်နှစ် ချခံရတဲ့အပြင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာ ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး သရက်အကျဉ်းထောင်မှာ ထောင်ဒဏ်ငါးနှစ် အကျဉ်းချခံခဲ့ရပါတယ်။
Source – RFA
ဖားကန့် နွံကန်ပြိုကျမှု ကလေး၆ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါအဝင် ရုပ်အလောင်း ၃၁ ဦး ရှာဖွေတွေ့ရှိ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှု အတွင်း အသက် ၁၀ နှစ် အောက် ကလေးငယ်ခြောက်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကိုရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက် နံနက် ၁နာရီခန့်မှာ ဖြစ်ပွားခဲ့တဲ့ နွံကန်ပြိုကျမှုကြောင့် နေအိမ် ၅၇ လုံးပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံးရှာဖွေခဲ့ကြရာ ဇန်နဝါရီလ ၁၃ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦး၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအပါအဝင် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၅ ဦးရဲ့ ရုပ်အလောင်းတွေ ရှာတွေ့ခဲ့တယ်လို့ သိရပါ တယ်။
ပျောက်ဆုံးကြောင်းစာရင်းပေးထားပြီး ရှာမတွေ့သူ သုံးဦးကျန်သေးသော်လည်း ရှာဖွေမှုရပ်ဆိုင်းလိုက်တဲ့အတွက် ပျောက်ဆုံးစာရင်းတွင်သာ ထည့်ထားရပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူတွေမှာ ဖားကန့်မြို့နယ်တွင် နေထိုင်သူ များအပြင် အခြားမြို့နယ်များမှ လာရောက်အလုပ်လုပ်ကိုင်နေသူများ ပါဝင်တယ်လို့ သိရပါတယ်။
Source – Mizzima
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်းလှုပ်ရှားမှု သားဖြစ်သူပြုလုပ်
နေပြည်တော်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာ ဖြစ်ပြီး အဲ့ဒီအထိမ်းအမှတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ်ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်းလှုပ်ရှားမှုအဖြစ် သားဖြစ်သူ ကင်အဲရစ်က အစားအသောက် အချက်အပြုတ် ဗီဒီယိုတွေကို လူမှုကွန်ယက်မှာတင်ပြီး လူသိများအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်း ဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။ လတ်တလော အချိန်ထိ သူ့ကို ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို ထောင်ဝင်စာတွေ့ခွင့်လည်းမရဘဲ ရှေ့နေ အဖွဲ့ ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံး တွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန် ၂ နှစ်ကျော် ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတာ ဖြစ်ပါတယ်။
သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ တွေ့ဆုံချိန်တွေမှာ မကြာခဏ ဖြေကြားနေသလို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတခု ဖွင့်လှစ်ပြီးတော့လည်း မိခင်လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ ဘက်ကနေ တက်တက်ကြွကြွ လုပ်ဆောင် နေတာပါ။
Source – DVB
ချင်းမိုင်ဘူတာ၌ အမျိုးသမီး ၇ ဦး အပါအဝင် အထောက်အထားမဲ့ မြန်မာ ၁၃ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီးနောက် ချင်းမိုင်မှ ဘန်ကောက်သို့ ရထားဖြင့် သွားရောက်မည့် မြန်မာ နိုင်ငံသား ၁၃ ဦးကို ချင်းမိုင်ဘူတာမှာ ဇန်နဝါရီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။
ဘန်ကောက်သို့ ရထားဖြင့်သွားရန် အုပ်စုလိုက်စောင့်နေကြတယ်လို့ သတင်းပေး တိုင်ကြားချက်ရရှိတဲ့အတွက် ချင်းမိုင် လဝကအဖွဲ့က စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၇ ဦး တို့ကိုဖမ်းဆီးခဲ့ပါ တယ်။
ယင်းတို့က တာချီလိတ်-မယ်ဆိုင်မှတဆင့် တောလမ်းအတိုင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကာ ပစ်ကပ်ကား နဲ့ ချင်းမိုင်မြို့ကို ရောက်ရှိလာကြောင်း၊ ယင်းတို့ကိုခေါ်ဆောင်လာတဲ့ ပွဲစားကချင်းမိုင်ဘူတာသို့ ပို့ ဆောင်ပေးခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားနိုင်ရန် ရထားလမ်းကြောင်းနဲ့ ပို့ဆောင်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ယင်းတို့ကို မယ့်ပင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမှာ ဖြစ်တယ်လို့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
Source –The Irrawaddy