Home သတင်း ကရင်နီပြည်အရေး အမျိုးသမီးများ ပိုမိုလုပ်ဆောင်မည်

ကရင်နီပြည်အရေး အမျိုးသမီးများ ပိုမိုလုပ်ဆောင်မည်

Women forum

နော်မေ။

ကရင်နီ(ကယား) ပြည်နယ် အရေးတွင် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်နှင့် ပြည်နယ်တွင်း အမျိုးသမီးများ ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်အတွက် ကရင်နီပြည်နယ် အရပ်ဘက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများစုပေါင်း၍ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအရေးကို လုပ်ဆောင်နေသော စကူးဘားအဖွဲ့မှ ဒေါ်နန်းနှင်းရီမှ တွေ့ဆုံပွဲကို အမျိုးသမီးများအကြား ချိတ်ဆက်မှု အားကောင်းစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

“အမျိုးသမီးတွေ ချိတ်ဆက်မှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် စုစည်းမှု အားကောင်းလာစေတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ထင်းတစ်ချောင်းတည်းဆို ချိုးဖို့လွယ်ကူတယ် ထင်းစည်းလိုက်မယ်ဆိုရင် ချိုးဖို့ခက်တယ် အဲဒါကြောင့် အမျိုးသမီးတစ်ဦးတည်းမဟုတ်ဘဲ အားလုံးစုစည်းပြီး လုပ်ဆောင်ဖို့”

တွေ့ဆုံပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဟိုတယ်လွိုင်ကော်တွင် ဒီဇင်ဘာလ ၁၂ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းမှ လက်ထောက် ညွန်ကြားရေးမှူးဦးမြင့်ဇော်မှ ကယားပြည်နယ်တွင်း အမျိုးသမီးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် အောင်မြင်မှုများရှိကြောင်းကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကယားပြည်နယ်မှာ အမျိုးသမီးအဖွဲ့အစည်း အများကြီးရှိတယ်၊ စည်းလုံးမှုလည်းရှိကြတယ်၊ ဖြစ်လာတဲ့ပြသနာတွေကို ဖြေရှင်းပေးရာမှာ ကာယကံရှင်က စိတ်ကျေနပ်မှုမရသညှ့်တိုင်အောင် အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်၊ အမျိုးသမီးတွေဟာ ခွဲခြားခံနေရတယ်၊ အကြမ်းဖက်ခံနေရတယ် ခေါင်းဆောင်မှုနေရာတွေမှာ ပါဝင်ခွင့်မရဘူး။ အမျိုးသမီးတွေကို ရပ်ရွာရေးတွေမှာကအစ မိသားစုအတွင်းမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေရအောင် ဆွေးနွေးပေးခဲ့နိုင်ပါတယ်။”

ကရင်နီကျောင်းသားလူငယ်များသမဂ္ဂမှ ကိုဘီထူးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ကရင်နီနိုင်ငံရေးနှင့် လက်ရှိနိုင်ငံရေးအခြေအနေတွင် အမျိုးသမီးပါဝင်မှု အားနည်းနေသေးကြောင်း ပြောသည်။

တွေ့ဆုံပွဲတွင် ကရင်နီပြည်နယ်အခြေစိုက် အမျိုးသမီးအဖွဲ့များမှ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှု များနှင့် လုပ်ငန်းစိန်ခေါ်မှုများ၊ အမျိုးသမီးများ၏ လက်ရှိအခြေအနေအဆင့်အတန်းများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ဆွေးနွေးချက်များနှင့် တောင်းဆိုချက်များကို သက်ဆိုင်ရာဌာနများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အိတ်ဖွင့်စာ ပေးပို့ခဲ့ပါသည်။

ဆွေးနွေးပွဲကို လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့နယ်၊ ခဲမဖြူ၊ မော်ချီး၊ ဖရူဆိုမြို့နယ်၊ ဒီးမောဆိုမြို့နယ်၊ ဖယ်ခုံမြို့နှင့် မိုးဗြဲမှ အမျိုးသမီးများသာမက အမျိုးသားများပါ စုစုပေါင်း လူဦးရေ (၇၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Related Articles