Home သတင်း တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

ဇွန်လိုင် ၁၀ ရက်မှ ၁၆ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

  • မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရချိန် ကလေးငယ်နဲ့နို့တိုက်မိခင်အပါအဝင် သုံးဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ဝုမ်းခုမ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက်လာရောက် တိုက်ခိုက်ခဲ့ တဲ့အတွက်  ၉ နှစ်အရွယ် မိန်းကလေးငယ်နဲ့ နို့တိုက်မိခင်အပါအဝင် ၃ ဦး သေဆုံးတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူတွေထဲမှာ ကိုးနှစ်အရွယ်မိန်းကလေးငယ်၊(၂၈)နှစ်အရွယ်နို့တိုက်မိခင်နဲ့ အသက်(၆၅)နှစ် အရွယ်အမျိုးသမီးတို့ပါဝင် ပါတယ်။ ဒါ့အပြင် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ(၈)ရက်နေ့က လေကြောင်းနဲ့လာတိုက်ခဲ့တာဖြစ်ပြီး မင်းတပ်မြို့ပေါ်ကအမှတ်(၂၇၄)ခြေလျင်တပ်ရင်းကလည်း တာ ဝေးပစ်အမြှောက်နဲ့ပစ်ကူခဲ့တာကြောင့် လူသေဆုံးတဲ့အထိဖြစ်ခဲ့တာဖြစ်ပါတယ်။

Source – BBC

  • ကလေးမြို့မှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင်(၁၁)ရက်နေ့က စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ တဲ့အတွက် အသက်(၅၀)အရွယ်အမျိုးသမီးသေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

ကလေးမြို့တောင်ဖီလာရပ်ကွက်ထဲက အမှတ်(၁၄)အထက်တန်းကျောင်းအနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ(၁၁)ရက်နေ့မနက်ကလည်း ကလေးမြို့နဲ့(၁၈)မိုင်ဝေးတဲ့ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနားမှာတိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က ကလေးမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

တချို့လက်နက်ကြီးကျည်တွေက တိုက်ပွဲဖြစ်တဲ့နေရာအထိ မရောက်ဘဲကလေးမြို့ ရပ်ကွက်တွေထဲက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့ဆိုပါတယ်။

Source – RFA

  • ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်တွင် စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး မြွေဆိုးကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်မှာ စစ်ဘေးရှောင်နှစ်ဦးမြွေဆိုးကိုက်ခံခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သိရပါတယ်။

ဇူလိုင်လ(၉)ရက်နေ့က ထန်းကုန်းတိုက်နယ်ရှိ စစ်ရှောင်တဲအတွင်းအိပ်နေတဲ့ အသက်(၂၅)နှစ်အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦး မြွေကိုက်ခံခဲ့ရတာဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ(၆)ရက်နေ့ကလည်း ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ်က အသက်(၅၀) အရွယ်အမျိုးသမီးတစ်ဦး မြွေဆိုး ကိုက်ခံခဲ့ရပါသေးတယ်။

ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်မှာလည်း ဇူလိုင်လ(၆)ရက်နေ့က ဒေသခံတစ်ဦးမြွေဆိုးကိုက်ခံရတယ်လို့ ဆိုပါတယ်။ ထန်းကုန်းတိုက်နယ်အတွင်း မြွေဆိပ်ဖြေဆေးတွေအပြင် အခြေခံဆေးဝါးတွေနဲ့အမြဲစွဲသောက်ရတဲ့ သွေးတိုး၊ ဆီးချိုကဲ့သို့ ဆေးဝါးတွေလိုအပ်နေတယ်လို့ဆိုပါတယ်။

ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ချပ်သင်း၊ပင့်သာနဲ့ ထန်းကုန်းတိုက်နယ်တွေဟာ မြွေဆိုးကိုက်ခံရမှု အများဆုံးဒေသတွေ ဖြစ်ပါတယ်။

Source – Mizzima

  • ကလေးမြို့အနောက်ပိုင်းမှာ လက်နက်ကြီးမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တောင်ဖီလာရပ်ကွက်၊ အမှတ် ၁၄ ကျောင်းအနီးကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အမျိုးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်နက်ကြီးကျည်ဟာ အိမ်ထဲကမောင်နှမ နှစ်ယောက်ကိုထိမှန်ခဲ့တာဖြစ်ပြီး အစ်မဖြစ်သူဟာလည်ပင်းကိုမှန်ကာ သေဆုံး ခဲ့ပြီး မောင်ဖြစ်သူလည်းဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာအရေးပေါ်ကုသနေတယ်လို့ဆိုပါတယ်။

အဲ့ဒီလို လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီဘက်က  ပစ်ခတ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ဟာ မြို့တဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ ဒီကနေ့ မနက်ခုနစ်နာရီ လောက်ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

Source – Delta News Agency 

  • လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

လောင်းလုံးမြို့နယ် နခံတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ် ခတ်တဲ့အတွက် အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင်(၁၂)ရက်က ကားသုံးစီးနဲ့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဟာ နခံတောရွာတောင်ပေါ်ကနေပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ နခံတောနှင့်ကပ်လျက် ခမောင်းတောင်ရွာသို့ကျပြီး ရွာခံအမျိုးသမီးတစ်ဦးကို လက်နက်ကြီးစ ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခမရ(၁၀၄)တပ်ရင်းမှ စစ်ကားသုံးစီးဟာ နခံတောရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ရောက်ရှိ လာပြီး နခံတောနဲ့ခမောင်းတောင်ရွာတွေမှာ PDF တွေရှိနေတယ်လို့ဆိုကာ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူမှာ ၁၆ နှစ်ခန့်အရွယ် ခမောင်းတောင်ရွာသူ မယဥ်မာထွေးဖြစ်ပြီး ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရမှုကြောင့် အရေးပေါ်ကုသမှုခံယူခဲ့ပေမယ့် သေဆုံးသွားတာဖြစ်ပါတယ်။

Source – People’s Spring

  • မိုးကုတ်တွင် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းမှာ ဇူလိုင် ၁၂ ရက်က ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးနောက် ရဲစခန်း အနီးနေအိမ်က အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျပ်ပြင်ရဲစခန်းအနီးမှာ ပေါက်ကွဲသံ ၄ ချက်နဲ့ သေနတ်ပစ်သံ ၈ ချက် ကြားခဲ့ရပြီး ဘယ်အဖွဲ့ကပစ်တယ် ဆိုတာကိုတော့ မသိ ရဘူးလို့ အနီးနားဒေသခံတဦးက ဆိုပါတယ်။

ကျပ်ပြင်ရဲစခန်းအနီး နေအိမ်က အမျိုးသမီးတစ်ဦး မျက်လုံးကိုကျည်ထိမှန်ခဲ့ပြီး ဇူလိုင် ၁၂ ရက် နေ့လယ်မှာ သေဆုံးသွားတယ် လို့ သိရပါတယ်။

ကျပ်ပြင်ရဲစခန်းကို ဘယ်အဖွဲ့ကပစ်တယ် ဆိုတာကို မသိရသေးသလို အဖွဲ့အစည်းတွေကလည်း စာထုတ်ပြန်တာ မရှိ သေးပါ ဘူး။ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း စစ်ကြောင်းထိုးမယ်ဆိုပြီး နေရာအနှံ့ ကင်းပုန်းချထားကာ လုံခြုံရေး တွေ ယူထားတယ်လို့ သိရပါတယ်။

Source –DVB

  • မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်

မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ CDM ဆရာမနှစ်ဦးပြန် လည်လွတ်မြောက်လာတယ်လို့ NLD(OC) International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာတာ၀န်ခံက ပြောပါတယ်။

မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ Teman Dessa မြို့ရှိ တိုက်တန်းလျားတစ်ခုကို မလေးရှားလူ၀င်မှုကြီးကြပ်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့က ၀င်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားမဲ့နေထိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားသုံးဦး၊ CDM ဆရာမ နှစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၄၀ ကျော် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆရာမနှစ်ဦးမှာ အသက် ၄၀  ၀န်းကျင်အရွယ် အထက်တန်း ပြဆရာမတစ်ဦးနဲ့ မူလတန်းပြဆရာမတစ်ဦးတို့ဖြစ်ပါတယ်။

စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါ၀င်ခဲ့တာဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေထိုင်ရာမှတဆင့် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ လူ၀င်မှု ကြီးကြပ်ရေးအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံရကာ အကျဉ်းထောင်အတွင်း နှစ်လကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ရုံးချိန်းသုံးကြိမ် မြောက် ရင်ဆိုင်ပြီးချိန်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Source – Mizzima

  • လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးပေါက်ကွဲပြီးနောက် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံခုနှစ်ဦး ဖမ်းဆီး ခံရ

ပဲခူးတိုင်း၊လက်ပံတန်မြို့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဇူလိုင်လ(၁၃)ရက်နေ့ဗုံးပေါက်ကွဲပြီးနောက် ဒေသခံခုနှစ်ဦး ဖမ်းဆီးခံ ထားရတယ်လို့ မြို့ခံတွေကပြောပါတယ်။

လက်ပံတန်းမြို့ ဘီးလင်းတန်း လမ်းမပေါ်မှာ ရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နဲ့ တရားရုံးတွေ ရှိနေပြီး ဗုံးပေါက်ကွဲချိန်မှာ မိတ္တူ ဆိုင်က လူငယ်တစ်ဦးဟာ ပေါက်ကွဲသံကြောင့် နေအိမ်ထဲကို ကြောက်လန့်တကြား ပြေးဝင်ခဲ့တာကို အကြောင်းပြုပြီး အဲဒီ အိမ် က မိသားစုဝင်အားလုံးကို ဖမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီအိမ်မှာနေထိုင်တဲ့ ကိုသက်မင်းထိုက်၊ မြို့မရပ်ကွက် (၂) မှာရှိတဲ့ မိတ္တူဆိုင်က မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ညို၊ ကိုစန်းမင်း၊ ကိုဖြိုးကိုကို၊ ကိုကျော်သီဟ၊ ကိုဖြိုးသီဟနဲ့ ကိုမျိုးသီဟတို့ကို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ  ဗုံးပေါက်ကွဲမှုနဲ့ မသက်ဆိုင်တဲ့ လူတွေဖြစ်ပြီး အဲဒီဖမ်းဆီးခံရသူတွေထဲမှာ ဒေါ်ညိုက ကျန်းမာရေး မကောင်းဘူးလို့ ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေကို  မြို့ပေါ်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုဝင်တွေက ဆက်သွယ်လို့ မရဘူးလို့ ပြောပါတယ်။ အဲဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

Source – RFA

  • ယင်းမာပင်တွင် အသက် ၉၀ အရွယ် အဖွားအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြို့ကြီးရွာက အသက် ၉၀ အရွယ် အဖွားအို တစ်ဦးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)လက်အောက်ခံစစ်ကြောင်းက နေအိမ်နဲ့အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရရှိရပါ တယ်။

ယင်းမာပင်မြို့ကနေ ဇူလိုင် ၁၂ ရက်နေ့မှာ ထွက်လာတဲ့ အာဏာသိမ်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ကြီး ရွာနဲ့ မြေကြက်ဆူရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အကျအဆုံး များခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အာဏာသိမ်းတပ်ဟာ မြို့ကြီးရွာနဲ့ မြောက်နှုံးရွာကို MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့  ၂ ကြိမ်တိုင် ဝေဟင်ကနေ စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို မြို့ကြီးရွာကိုလည်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ခန့် မီးလောင်ပျက်စီး သွားခဲ့ တယ်လို့သိရပါတယ်။  

လေယာဉ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ မြောက်နှုံးရွာမှာလည်း အဆောက်အဦးတစ်လုံး ပြိုကျပျက်စီးခဲ့သလို တခြားနေအိမ်များလည်း လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source – The Irrawaddy

  • မန္တလေး နတ်ဆိုးမြေအောက် PDF အဖွဲ့ခေါင်းဆောင်နဲ့အတူအမျိုးသမီးတစ်ဦး ဆေးကုသွားရင်းဖမ်းဆီးခံရ

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ အခြေစိုက်တဲ့ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နတ်ဆိုးနဲ့အဖွဲ့ဝင်အမျိုးသမီးတစ်ဦးအခုရက်ပိုင်းမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ နီးစပ်တဲ့တော်လှန်ရေးအင်အားစုတွေက အတည်ပြု ပြောဆိုပါတယ်။

ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဇူလိုင် ၈ရက်မနက်ပိုင်းမှာ မန္တလေးချမ်းအေးသာစံမြို့နယ်၊ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇ လမ်း နဲ့ ၇၈ကြားမှာရှိတဲ့  “မဟာဆေးခန်းမှ ငြိမ်းချမ်းအောင်(ခ) အားသစ်(ဗိုလ်နတ်ဆိုး) နဲ့ ပပဝင်းဆိုသူ အမျိုးသမီးနဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ စစ်အုပ်စုကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်နတ်ဆိုးဦးဆောင်တဲ့အဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်းမှာ  ဖောက်ခွဲပစ်ခတ်မှုတွေလုပ်ခဲ့ပြီး အဖွဲ့ဝင်အယောက် ၂၀ ကို လည်း ဖမ်းဆီးဖို့ကျန်နေသေးတယ်လို့ စစ်အုပ်စုက စွပ်စွဲထုတ်ပြန်ထားပါတယ်။

Source – Delta News Agency

Author:

Related Articles