Home သတင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမှာ အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမှာ အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီကျော်မှာ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းမိသားစုဝင်တွေထဲက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီသေဆုံးဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးတွေဟာ ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်(AA)ဘက်က လက်ရ ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေဖြစ်ပြီး သူတို့ဟာ မကြာမီအချိန်အတွင်းမှာ ပြန်လွတ်ပေးဖို့ စီစဉ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူ ၂၈ ဦးထဲမှာ ၂၁ ဦးဟာ အမျိုးသမီးတွေဖြစ်ကြပြီး ကျန် ၇ ဦးမှာ အမျိုးသားတချို့နဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ ဒဏ်ရာရသူ ၂၅ ဦးမှာ အမျိုးသမီး ၁၇ ဦး၊ အမျိုးသားနှင့်ကလေးငယ် ၈ ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။

မြောက်ဦးမြို့နယ်၊ ရမ်းချောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတချို့၊
ဓာတ်ပုံ-AA Infodesk

ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးကုသပေးနေပေမယ့် နောက်ထပ်အသက်သေဆုံးမှုဖြစ်နိုင်ခြေရှိသူတွေလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေပြီး ယခုရက်ပိုင်းအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုကိုခပ်စိပ်စိပ်ပြုလုပ်လာတာ တွေ့ရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်သူတွေဟာ ညဘက်မအိပ်ရဲတာ၊ စိတ်လုံခြုံမှုမရှိတာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

Author:

Related Articles