Home သတင်း ပဲခူးတိုင်းမှာ အမျိုးသမီးများကို ရပ်ကွက်ရုံးခေါ်ယူမဲနိူက်ခိုင်းပြီး မဲပေါက်ပါက အိမ်ရှိအမျိုးသားတစ်ဦးကို စစ်သင်တန်းတက်ခိုင်း

ပဲခူးတိုင်းမှာ အမျိုးသမီးများကို ရပ်ကွက်ရုံးခေါ်ယူမဲနိူက်ခိုင်းပြီး မဲပေါက်ပါက အိမ်ရှိအမျိုးသားတစ်ဦးကို စစ်သင်တန်းတက်ခိုင်း

မေတမာ 

ပဲခူးတိုင်းထဲက မြို့နယ်အများစုနဲ့ ကျေးရွာတွေမှာ စစ်တပ်က ဒေသခံအမျိုးသမီးတွေကို အစည်းအဝေးခေါ်  မဲနှိုက်ခိုင်းကာ ပေါက်တဲ့အိမ်မှာ အမျိုးသားတစ်ဦးက စစ်သင်တန်းတက်ပြီး စစ်မှုထမ်းရမှာဖြစ်လို့ စိုးရိမ်သောကဖြစ်နေရတယ်လို့ ဒေသခံ အမျိုးသမီးတွေက HI ကို ပြောပါတယ်။ 

စစ်တပ်က ဇန်နဝါရီ ၁၁ ရက်ကစလို့ ပဲခူးတိုင်းထဲက မြို့နယ်နဲ့ ကျေးရွာအများစုက အမျိုးသားတွေကို တစ်အိမ်တစ်ယောက် နှုန်းနဲ့ အဓမ္မတပ်သားစုဆောင်းခေါ်ယူနေတာဖြစ်တယ်။ 

ဒီလိုခေါ်ယူနေတာကြောင့် ဒေသခံအမျိုးသမီးတွေဖြစ်တဲ့မိခင်တွေ၊ ဇနီးမယားတွေ၊ ညီမတွေ၊ အဒေါ်တွေက စစ်ထဲလိုက်ရ မယ့်အမျိုးသားတွေအတွက် ပူပန်သောကရောက်နေကြတာပါ။

အကယ်၍ မဲမပေါက်ခဲ့ရင်လည်း ပေါက်တဲ့သူနဲ့ သူ့မိသားစုတွေကို ထောက်ပံ့ပေးရမယ်လို့ သက်ဆိုင်ရာရပ်ကျေးဥက္ကဋ္ဌတွေ က ပြောထားပါတယ်။ သို့သော် ဘယ်ရွေ့ဘယ်မျှ၊ ဘယ်လိုထောက်ပံ့ပေးရမယ်ဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံအမျိုးသမီးတွေညှိနှိုင်းနေဆဲလို့ သိရပါတယ်။

တချို့ရွာတွေမှာတော့ မဲမပေါက်တဲ့သူတွေက မဲပေါက်တဲ့သူတွေကို ဆန်၊ ဆီ၊ ဆားနဲ့ ငွေသား ၁၀ သိန်းပေးရမယ်လို့ တောင်း ဆိုတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo – Received

“ကျမကတော့ ၁၀ သိန်းမပြောနဲ့ တစ်သောင်းတောင်ပေးဖို့မရှိဘူး။ ကလေးမွေးထားတာမကြာသေးတော့ အလုပ်မလုပ်နိုင် သေးဘူး။ ယောက်ျားရှာတာစားနေရတာ။ သူမရှိရင် ဒီကလေးတွေနဲ့ ကျမဘယ်လိုလုပ်မလဲ။ သူသွားလို့ရပါဦးတော့ စစ်ပွဲ ထဲသေသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြီးတွေးတွေးပြီး ညတိုင်းအိပ်မပျော်ဘူး။ နောက်ဆုံးမရရင်တော့ ကျမကို သာ ဖမ်းသွားပါတော့လို့ ပြောလိုက်တော့မယ်။”လို့ ဝေါမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တချို့အမျိုးသမီးတွေကတော့ မဲသွားမနှိုက်ကြပါဘူး။ ဒီလိုမဲသွားမနှိုက်တဲ့အမျိုးသမီးတွေကိုတော့ ပေါက်မဲလို့ သတ်မှတ်မှာ ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောဆိုထားတယ်လို့ ဆိုပါတယ်။  ငွေကြေးတတ်နိုင်တဲ့အမျိုးသမီးတွေကတော့ မဲသွားမနှိုက် ဘဲ ထောက်ပံ့ကြေးလိုမျိုး လျော်ကြေးပေးဖို့ ပြင်ဆင်နေကြပါတယ်။ 

ဒိုက်ဦးဒေသခံဖြစ်ပြီး အမျိုးသမီးတွေချည့် ငါးဦးနေထိုင်နေတဲ့ဒေါ်စောကလည်း“ကျမဆို အိပ်မပျော်၊ စားလည်းမဝင်ဘူး။ ဘာလို့ဆိုကျမတို့မှာ မိန်းမတွေပဲရှိတာ။ အဲ့ဒါပေးစရာလူလည်းမရှိဘူး။ ငွေလည်းမရှိဘူးဆိုတော့ အိမ်သိမ်းမယ်တဲ့လေ။ အဲ့မှာကျမသွေးစောင့်တက်သွားလို့ ဆေးခန်းပြထားရတယ်။”လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၁ ရက်က ရပ်ကျေးဥက္ကဋ္ဌတွေကို သက်ဆိုင်ရာနယ်မြေမှာရှိတဲ့စစ်တပ်က အစည်းအဝေးခေါ်ကာ စစ်အင်အား တိုးချဲ့ဖို့ ရွာတစ်ရွာမှာ အနည်းဆုံးအမျိုးသား ၃၀ ဦးပေးရမယ်ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ဆယ်အိမ်မှူး တစ်ဦးက HI ကိုပြောပါတယ်။ 

ဇန်နဝါရီ ၁၂ ရက်မှာတော့ ဒိုက်ဦး၊ ဝေါ၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ရေတာရှည်၊ ဘုရားကြီး စတဲ့ မြို့နယ်မှ ကျေးရွာဥက္ကဋ္ဌတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဦးဆောင်ပြီး အမျိုးသမီးတွေကို မဲနှိုက်ခိုင်းနေတာပါ။

ရပ်ကျေးဥက္ကဋ္ဌတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကဦးဆောင်ပြီး ရပ်ကွက်၊ ကျေးရွာတွေထဲ ကားနဲ့လှည့်လည်ကာ တစ်အိမ်ကို အမျိုးသား တစ်ယောက်စစ်မှုထမ်းဖို့ အမျိုးသမီးတွေကို အစည်းအဝေးတက်ဖို့ခေါ်ယူကာ မဲနှိုက်ခိုင်းခဲ့တာပါ။

ဘုရားကြီးမြို့နယ်၊ တောစွန်းရွာဒေသခံ အမျိုးသမီးတစ်ဦးက“လူကြီးအိမ်ကို ခေါ်လိုက်တယ်။ ယောက်ျားလေးတွေကို မခေါ်ဘဲ မိန်းကလေးတွေချည်း အစည်းအဝေးပြီး မဲနှိုက်ခိုင်းတယ်။ ပေါက်တဲ့အိမ်က ယောက်ျားလေးတွေက စစ်သင်တန်း သွားရမယ်။ သူတို့ခေါ်တဲ့ဆီ စစ်တိုက်ထွက်ရမယ်တဲ့။”လို့ ပြောပါတယ်။

Photo – Received

စစ်တပ်က အခုလိုတပ်သားသစ်စုဆောင်းတဲ့နေရာမှာ မြို့နယ်တစ်ခုနဲ့တစ်ခု မတူသလို ရွာတွေမှာလည်း အပိုင်းလိုက်ခေါ် ယူတာမတူကြပါဘူး။ အပိုင်း ၁၀ ပိုင်းကျော်ရှိတဲ့တောစွန်းရွာဆိုရင် တစ်ပိုင်းကို စစ်သင်တန်းတက်ဖို့ ရှစ်ယောက်တောင်းတာ ဖြစ်တယ်။

စစ်သင်တန်းကာလက ၁၅ ရက်တက်ရမှာဖြစ်ပြီး သင်တန်းပြီးရင် သူတို့ပို့တဲ့နေရာကို စစ်တိုက်ထွက်ရမှာပါ။ အသက်အား ဖြင့် အသက် ၂၀ ကနေ ၅၀ လို့ဆိုပေမယ့် တချို့အိမ်မှာရှိတဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသားတွေပါ ခေါ်ဆောင်သွား တယ် လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းရှိ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ရေတာရှည်စတဲ့မြို့နယ်တွေလည်း တပ်သား သစ်ခေါ်ယူနေပါတယ်။

 ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄.၈ သန်းရှိတဲ့ပဲခူးတိုင်းမှာ မြို့နယ်(၂၈)ခုရှိပြီး ကျေးရွာအုပ်စု ပေါင်း (၁,၄၁၄)စုနဲ့ ကျေးရွာပေါင်း (၆,၂၈၇)ရွာရှိနေတာဖြစ်တယ်။

Author:

Related Articles