Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၁၈ ရက်ကနေ ၂၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • ထောင်ဒဏ်ချခံထားရတဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဌကို အကြမ်းဖက်မှုနဲ့ ထပ်မံတရားစွဲ

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည နဲ့ ထပ်မံတရားစွဲလိုက်တယ်လို့ ယင်းသမဂ္ဂအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မဆုရည်လင်းက ၂၀၂၂ ခုနှစ် မတ်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတာ ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအတွင်းမှာ အကြမ်းဖက်မှုနဲ့ထပ်မံစွဲဆိုခံရတာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို တတိယနှစ်အဝေးသင်တတ်ရောက်နေတဲ့ အသက် ၂၀ ကျော် အရွယ် မဆုရည်လင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကဆန္ဒပြပွဲတစ်ခုကို သွားဖို့ပြင်ဆင်နေရင်း ဖမ်းဆီးခံလိုက်ရ တာဖြစ်ပါတယ်။

Source-RFA

  • ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး ကျည်ခွံတွေနဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဆန်ခလပူရီမှာ M-16 သေနတ်ကျည်ဆံ အတောင့် ၉၀၀ကျော်၊ ကျည်ကပ်၂၀ခုနဲ့ အတူ မြန်မာ အမျိုးသမီးတစ်ယောက်ကို စက်တင်ဘာ ၁၆ ရက်က ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ကန်ချနာပူရီခရိုင်၊ ဆန်ခလပူရီမှာရှိတဲ့ ပုဂ္ဂလိကပါဆယ်ပို့တဲ့ ကုမ္ပဏီတခုက မသင်္ကာဖွယ်ပါဆယ်ထုတ်တွေ့တဲ့အတွက် ရဲ တပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျည်ဆံတွေတွေ့ရှိခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ပါဆယ်ပါ လိပ်စာအတိုင်း အထုပ်ကိုချပြီးစောင့်ကြည့်နေချိန် အမျိုးသမီးတစ်ဦးထွက်လာပြီး ကောက်ခဲ့တာကြောင့်ဖမ်းဆီးခဲ့ပါတယ်။

ယင်းမြန်မာအမျိုးသမီးကို တရားမဝင်ပြည်ဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Source –BBC

  • ဘီးလင်းမြို့က ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်အမျိုးသမီး သေနတ်နဲ့ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးအနောက်ရွာက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်အမျိုးသမီးတစ်ဦးကို လက်နက်ကိုင် လူတစ်စုက သေနတ်နဲ့ပစ်ခတ်ခဲ့တဲအတွက် ​နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ညနေမှာ ဒေါ်ကေသီ​နေအိမ်မှာရှိနေစဉ် လက်နက်ကိုင်လူတစ်စု လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ​သေနတ်နဲ့ပစ်ခတ်ခံရတာ​ကြောင့် ညာဘက် မျက်လုံး၊ ညာလက်ခုံ၊ ဆီးခုံ၊ ရင်ညွန့်နဲ့ ဝမ်းဗိုက်တို့မှာ ဖောက်ဝင်ဒဏ်ရာတွေရရှိ​ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

Source-DVB

  • စစ်ကောင်စီတပ်က မုန်းတွင် အမျိုးသမီး ၃ ဦးအား ဖမ်းကာ နေအိမ်များမီးရှို့

ပဲခူးတိုင်းအရှေ့ခြမ်း၊ မုန်းမြို့နယ်၊ ငထွေစုတ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၃ ဦး ကို ဖမ်းဆီးကာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ကရင်အမျိုးသား အစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီး ၃ ဦးမှာ အသက် ၆၀ အရွယ် နော်ဒိုဂေ၊ အသက် ၅၀ အရွယ် နော်ဒိုင်ရီစိုးနှင့် အသက် ၃၀ အရွယ် မမြသန်းစိန်တို့ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် အခြားသော ဒေသခံ ၁,၆၀၀ နီးပါးမှာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Source-The Irrwaddy News

  • စဉ့်ကူးမြို့နယ်က မိသားစုဝင်သုံးဦးကို ပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် မိုးကုတ်-မန္တလေး ကားလမ်းဘေးမှာ ဖွင့်လှစ်ထားတဲ့ ထမင်းဆိုင်မှ အသက် ၁၃ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင်သုံးဦးကို ပျူစောထီးပြည်သူ့စစ်အဖွဲ့က စက်တင်ဘာ ၁၆ညပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှသိရပါတယ်

ပြီးခဲ့တဲ့လက ပျူ​​စောထီး​ခေါင်း​ဆောင်ရဲ့သားဖြစ်သူက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ယင်းထမင်းဆိုင်မှာ သတ်ဖြတ် ခဲ့တဲ့အတွက် ဆိုင်ရှင်​တွေကိုစစ်ဆေးမေးမြန်းရန်ဖမ်းဆီးပြီး ထမင်းဆိုင်ရှင်လင်မယားနဲ့၁၃ နှစ် အရွယ် မိန်းကလေးငယ်တို့ကို ညောင်ဝန်းရွာနားမှာပစ်သတ်ခဲ့တာပါ။

Source-Myanmar Now

  • စစ်ကောင်စီဖမ်းထားတဲ့ အမျိုးသမီးရေးလှုပ်ရှားသူ ကျန်းမာရေးမကောင်းလို့ အရေးပေါ်ဆေးကုသခံယူခဲ့ရ

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ စစ်တွေမြို့က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးက  စက်တင်ဘာ ၁၈ ရက် ရုံးထုတ်မှာ ကျန်းမာရေးမကောင်းလို့ အရေးပေါ်ဆေးရုံတက်ကုသမှုခံယူခဲ့ရတယ် လို့မိသားစုနဲ့နီးစပ်သူတွေ က ပြောပါတယ်။

အသက် ၆၇နှစ်အရွယ် ဒေါ်ညိုအေးမှာ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါခံစား​နေရပြီး ပြီးခဲ့တဲ့အပတ်ကလည်း စစ်တွေ အကျဉ်းထောင်ထဲမှာ နေမကောင်းဖြစ်နေပေမယ့် ဆေးဝါးနဲ့အစားအစာတွေပို့ခွင့်မရဘူးလို့ မိသားစု၀င်က ပြောပါတယ်။

စစ်ကောင်စီက ​​ဒေါ်ညို​အေးကို စစ်တွေဆန်ပြသနာနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲ ကာ ထောင်ထဲမှာ ဖမ်းဆီးချုပ်​နှောင်ထားတာဖြစ်ပါပြီး သူအပါအဝင် စစ်တွေဆန်ပြသနာနေ့ အခမ်းအနားကျင်းပခဲ့တဲ့ ကျောင်းသား လူငယ်အချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

ရခိုင်အမျိုးသမီးကွန်ရက်ကို တည်ထောင်သူ  ဒေါ်ညို​အေးက အမျိုးသမီးအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦး ဖြစ်ပြီး စစ်ဘေးရှောင်အမျိူးသမီးတွေ၊ မုန်တိုင်းဒဏ်သင့်သူတွေကိုလည်း ကူညီပေးနေသူတစ်ဦး ဖြစ်ပါတယ်။

Source-Delta News Agency

  • ULA တရားရုံးတွင် အမှုနိုင်ထားသည့်ကျောက်ဖြူမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး လူပြန်ပေးမှုပုဒ်မနှစ်ခုဖြင့် တရားစွဲ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နယ်မြေ တရားရုံးမှာ အမှုအနိုင်ရရှိခဲ့တဲ့ကျောက်ဖြူမြို့က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကို  စစ်ကောင်စီကဖမ်းဆီးပြီး လူပြန်ပေးမှုပုဒ်မ ၃၆၅ အပါအဝင် ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့မမိုးစန္ဒာက ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်​နေ လျှပ်စစ်ဝန်ထမ်း မပြည့်ဖြိုးစံကို ငွေကျပ် သိန်း ၄၀ ချေးထားပြီး သုံးလေးနှစ်အထိ အတိုးနှင့်အရင်းပါ ပြန်မဆပ်တာ​ကြောင့် ယခုနှစ် အစောပိုင်းက ULA နယ်မြေ တရားရုံးမှာ ငွေကြေးရလိုမှုနဲ့ တရားလိုလုပ် တရားစွဲဆိုခဲ့ပါတယ်။

ULA တရားရုံးက မပြည့်ဖြိုးစံကို ထောင်ဒဏ် ၆လ (သို့မဟုတ်) ချေးငွေများပြန်ဆပ်ရန် အမိန့်ချမှတ်ခဲ့တဲ့အတွက် ငွေပြန် ဆပ် ခဲ့ပြီး အမှုပြီးပြတ်ခဲ့ပါတယ်။ အမှုပြီးပြတ်ပြီးနောက်ဩဂုတ် ၂ ရက်နေ့မှာမမိုးစန္ဒာကို စစ်ကောင်စီကဖမ်းဆီးပြီး မပြည့် ဖြိုးစံရဲ့ ဖခင်ဖြစ်သူဦးသာလှက တရားလိုပြုလုပ်ကာ လူပြန်ပေးမှုပုဒ်မ ၃၆၅အပါအဝင် ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါ တယ်။

Source – Narinjara

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆေးကုသခွင့်ရဖို့ မလေးရှားလွှတ်တော်အမတ်တွေ တောင်းဆို 

စစ်ကောင်စီကဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ကျန်းမာရေး စောင့် ရှောက်ကုသမှုတွေ ခံယူခွင့်ပေးဖို့  စစ်ကောင်စီကို မလေးရှား လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်က နေပြည်တော်အကျဉ်းထောင်ရဲ့ အဆက်အသွယ်တွေကိုကိုးကားပြီး သူ့ မိခင်ဟာ အားနည်းပြီး ကျန်းမာရေးအခြေအနေ အတော်လေး ဆုတ်ယုတ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပြီး အလွန်အမင်းသွားကိုက်တဲ့ဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အစားအသောက်ပျက်ပြီး မူးဝေတာ၊ အားနည်းတာတွေ ခံစားနေရတယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က မလေးရှားလွှတ်တော်ရဲ့ အမတ် ၂၂၂ ဦးအနက် ၁၃၅ ဦးက ပူးတွဲ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအတွက် လေးလေးနက်နက်စိုးရိမ်ကြောင်း မြန်မာစစ်ဗိုလ်ချုပ်တွေ အနေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အမြန်ဆုံး ခွင့်ပြုပေးဖို့လည်း ဖိအားပေးတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမြန်မာစစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်းဘူးဆိုတဲ့ သတင်းတွေကို ငြင်းပယ် ထားပြီး သတင်းရင်းမြစ်တွေရဲ့အဆိုအရ အကျဉ်းထောင်တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပက တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်တွေနဲ့ ကုသခွင့်ပေးဖို့ ထောက်ခံခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

Source-Delta News Agency

  • စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ်မှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာရခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဈေးသစ်ရွာကို စက်တင်ဘာ ၁၈ ရက် နေ့လယ်က စစ်ကောင်စီလေကြောင်းကာကွယ်ရေး တပ်ဖြစ်တဲ့ အင်ကြင်းမြိုင်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်နှစ်ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် အသက် ၅၀အရွယ် အမျိုးသမီးကြီးတစ်ယောက် လက်နက်ကြီးကျည်ထိမှန်သေဆုံးကာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ အသက် ၁ လသား ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

Source- DVB

  • စစ်ကိုင်းမြို့မှာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်နှစ်ဦး ဖမ်းဆီးခံရပြီး နေအိမ်တွေ ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ကိုယ်ပိုင်ကျောင်းပိုင်ရှင် အမျိုးသမီးတစ်ဦးအပါအဝင်လုပ်ငန်းရှင်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးယင်းတို့ရဲ့လုပ်ငန်းနဲ့နေအိမ်တွေကို ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိ ရင်သွေးရတနာကိုယ်ပိုင်ကျောင်းပိုင်ရှင် ဒေါ်ထားထားဦးကို CDM ကျောင်းဆရာမတွေကို အလုပ်ခန့်တာပြင် NUG က ဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင်ကျောင်းတွေနဲ့ ပက်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် နောက်တနေ့ ညပိုင်းမှာစာသင်ကျောင်းကို ချိပ် ပိတ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် ဈေးလမ်းထဲရှိ Hello Mobile ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကိုဆိုသူကို စစ်ကောင်စီတပ်တွေက ယခုလ ၂၀ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် သူရဲ့ ဖုန်းအရောင်းဆိုင်ကို ယင်းနေ့ ညပိုင်းမှာ စစ် ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

လက်ရှိမှာဖမ်းဆီးခံထားရတဲ့ ကိုယ်ပိုင်ကျောင်းပိုင်ရှင်နဲ့ ဖုန်းအရောင်းဆိုင်ရှင်ကို စစ်ကိုင်းမြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Source-Delta News Agency

  • မူဆယ်မြို့ KTV မှာ အမျိုးသမီးတစ်ဦး မူးယစ်ဆေးဝါးသုံးပြီး သေဆုံး

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ရှိ V8 KTV မှာ အသက်၁၉နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး K (Ketamine) မူးယစ် ဆေးဝါးသုံးပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးက နမ့်ဖတ်ကာ ဈေးအနီးနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အားရုန်းဆိုသူဖြစ်ပြီး၊ ဆေးအသုံး လွန်တာကြောင့် သတိလစ်သွားရာကနေ သေဆုံးခဲ့တာပါ။

မူဆယ်မြို့မှာရှိတဲ့ KTV တွေမှာ  K ( Ketamine)၊ Happy Water (ခိုင်ချင်းရွှေ) နဲ့ E (Ecstasy) စတဲ့ မူးယစ်ဆေးတွေ အဓိက သုံးစွဲနေပြီး ကိုဗစ်ကာလလွန်ပြီးနောက် ပိုမိုခေတ်စားလာကာ သေဆုံးသူတွေလည်းများလာတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

Source- DVB

  • စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နှစ်ကလေးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့သဲကုန်းရွာကို စစ်ကောင်စီက MI -35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် နှစ်နှစ်အရွယ်မောင်နေသူရိန်ဦးနဲ့ မိခင်ဖြစ်သူ အသက် ၃၁နှစ်အရွယ် ဒေါ်ဝတ် ရည်အောင်၊ အသက်၂၂နှစ် အရွယ် မပြည့်ပြည့်ဝင်းနဲ့ အသက်၃၅နှစ်အရွယ် ကိုတရုတ်ကြီးဆိုသူတို့ဖြစ်ပြီး ကလေးငယ်မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ် လို့သိရပါတယ်။(

Source- RFA  

  • သထုံမြို့နယ်မှာ အသက်၁၈နှစ်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို PDF တွေနဲ့ ဆက်သွယ်လို့ဆိုကာ ဖမ်းဆီး

မွန်ပြည်နယ်၊ သထုံမြို့မှာနေထိုင်တဲ့ အသက်၁၈နှစ်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အချက် အလက်တွေမျှဝေပြီး PDFတွေနဲ့ ဆက်သွယ်တယ်လို့ဆိုကာ စက်တင်ဘာ ၂၂ရက်‌နေ့က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အသက်၁၈နှစ်ပြည့်ရန် လပိုင်းသာလိုတော့တဲ့ မသန်းသန်းအေး (ခ)အေးချမ်းမေ ကို ဆိုရှယ်မီဒီယာမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အချက်အလက်တွေမျှဝေတယ်လို့ဆိုကာ နေအိမ်အနီးမှာပဲ ဖမ်းဆီးခဲ့ပြီး လက်ကိုင်ဖုန်းကို စစ်ဆေးကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီးဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာ မသန်းသန်းအေး (ခ)အေးချမ်းမေ ကို ပုဒ်မ ၅၀၅ -က နဲ့ အရေးယူဖို့ သထုံမြို့မရဲစခန်းမှာ ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။

Source- DVB

Author:

Related Articles