ရှင်ငြိမ်း
ချင်းပြည်နယ်ကဒေသခံတချို့ဟာ မြင့်မားလွန်းပြီးတက်ရခက်တဲ့ သစ်ပင်ပင်စည်တွေကြားမှာ အမြစ်တွယ်နေတဲ့သစ်ခွပင်တွေရှာဖွေကာအသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလည်းရှိပါတယ်။
ဒါပေမဲ့ သစ်ခွပင်ရှာသူအများစုက အမျိုးသားတွေဖြစ်ပြီး လူမှုအသိုင်းအဝိုင်းမှာလည်း သစ်ပင်တက်တာက အမျိုးသားတွေရဲ့ အလုပ်လို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။
“မိန်းကလေးတွေ သစ်ပင်ပေါ်တက်တာကို ဘုရားမကြိုက်တဲ့အတွက်မတက်ရဘူး။ တက်ရင်ဘုရားကအပြစ်ပေးမှာတဲ့။ အဲ့ဒါကြောင့် ငါ့ကိုပေးမတက်တာ။”လို့ အသက် ၁၃ နှစ် အရွယ်ဇွာအီးကရှင်းပြပါတယ်။
သို့ပေမဲ့ ဇွာအီးကတော့ အစဉ်အလာကို ချေဖျက်ပြီး သစ်ခွပင်ရှာတဲ့အလုပ်ကို လုပ်ကိုင်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ သူဟာ အသက် ၅ နှစ် အရွယ်လောက်ထဲက ဖခင်၊ အစ်ကိုဖြစ်သူနဲ့အတူ တောထဲလိုက်ရတဲ့ မိန်းကလေးပါ။
တောထဲသွားတိုင်း ဖခင်ကအစဉ်အလာအရ သားကြီးဖြစ်သူကိုသစ်ပင်တက်တာ၊ တောလိုက်တာသင်ပေးပေမယ့် ဇွာအီးကိုတော့ထင်းရှာဖို့သာခိုင်းစေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ထက်မြက်တဲ့ဇွာအီးဟာ ဖခင်ရဲ့သင်ပြမှုတွေကို အမြင်နဲ့တတ်မြောက်ခဲ့ပါတယ်။
“ငါ့အပါးက ငါတို့ကို တောထဲလွှတ်လိုက်တာ အကိုက ငါ့ကို သစ်ပင်တက်ခိုင်းတယ်။ ပြန်ဆင်းတော့ အကောင်ကိုက်တာ ယောင်ပြီး လက်လွှတ်မိလို့ ပြုတ်ကျတယ်။ အဲ့ဒါကို ဘုရားကအပြစ်ပေးတာဆိုပြီး အပါးကလည်း ငါ့ကိုရိုက်တယ်။”လို့ သူက ပြောပါတယ်။
ဇွာအီးဟာ သစ်ပင်ခိုးတက်လို့ မကြာခဏအရိုက်ခံရပေမယ့် အမှတ်မရှိဘဲ ဖခင်လစ်တိုင်း ခိုးတက်နေခဲ့တာဖြစ်ပါတယ်။
သားဖြစ်သူကိုတောထဲလွှတ်လိုက်တိုင်းအဆင်မပြေတာတွေခဏခဏဖြစ်လာလို့ စိတ်ပျက်လာပေမယ့် သမီးကိုတော့အစဉ်အလာတွေကျော်လွန်ပြီး သင်ပေးရမှာကို စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
“ကျနော်တို့ဓလေ့မှာက မိန်းကလေးတွေ သစ်ပင်တက်လို့မရဘူး။ ဒါပေမဲ့သူကကျနော်ထက်တောင် သစ်ပင်တက်ကျွမ်းကျင်တယ်။ ဒါကိုသိပေမယ့် ကျနော်တက်ခိုင်းလိုက်ရင် ရွာလူကြီးတွေက ဇွာအီးကို အပြစ်တင်မှာ မကောင်းပြောမှာ ကျနော် စိုးရိမ်လို့ မတက်ခိုင်းခဲ့ဘူး။”လို့ သူက ရှင်းပြပါတယ်။
ဖခင်ဖြစ်သူတီဘီရောဂါအပြင်းအထန်ခံစားရပြီး အလုပ်မလုပ်နိုင်တော့ အသက် ၉ နှစ်အရွယ်နဲ့ ဇွာအီးဟာသစ်ခွပင်ရှာပြီး မိသားစုတာဝန်ကို ထမ်းခဲ့ရတာဖြစ်ပါတယ်။
ဒီလိုအစဉ်အလာတွေကိုကျော်ပြီး ဇွာအီးက သစ်ပင်တက်စီးပွားရှာတာဟာ ဘုရားမကြိုက်တဲ့အလုပ်ဖြစ်လို့ လင်ကောင်းသားကောင်းမရနိုင်ဘူး။ မိန်းမကောင်းမဟုတ်ဘူးလို့ ဝိုင်းဝန်းပြစ်တင်ဝေဖန်ခဲ့ကြတာပါ။
တချို့ဆိုရင်ချင်းရိုးရာအရ ဒီလိုအစဉ်အလာကျော်လွန်တဲ့ အမျိုးသမီးလေးတွေရှိနေတာက ရွာညစ်ပတ်တယ်ဆိုတဲ့အယူအဆနဲ့ ဇွာအီးကို ရွာပြင်ထုတ်ရမယ်ဆိုတဲ့အထိပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ဇွာအီးရဲ့ ဖခင်ကတော့“ရွာလူကြီးတွေကိုအကျိုးအကြောင်းပြောပြပြီး တောင်းပန်တာ ငွေပေးတာတွေတော့လုပ်ခဲ့ရတယ်။” လို့ ပြောပါတယ်။
ဇွာအီးမှာ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး သူက ဒုတိယဖြစ်သလို သမီးကြီးလည်းဖြစ်ပါတယ်။ အစ်ကိုနဲ့ သူ့အောက်မှာ မောင်ငယ်နဲ့ ညီမငယ်တစ်ယောက်စီရှိနေတာပါ။ အဖေက တောလိုက်မုဆိုးဖြစ်ပြီး အမေကတော့ ရလာတဲ့သားကောင်တွေကို ရောင်းကာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အေးချမ်းစွာနေခဲ့ကြသူတွေဖြစ်ပါတယ်။
ဒါပေမဲ့ ဖခင်နာမကျန်းဖြစ်တော့ ဇွာအီးကကျောင်းတက်ချင်တဲ့ဆန္ဒကို စွန့်လွှတ်ပြီး သစ်ခွပင်ရှာရင်း မိသားစုကို ရှာဖွေ ကျွေးမွေးခဲ့ပါတယ်။ အစ်ကိုနဲ့ သူ့အောက်က မောင်နှမတွေကိုလည်း သူက ကျောင်းထားပေးခဲ့တာဖြစ်ပါတယ်။
“အပင်တစ်ပင်ရောင်းရင် ငါ့မိသားစု သုံး၊ လေးလလောက် ထမင်းစားလို့ရတယ်။ အရင်ကတစ်လကိုတစ်ပင်လောက်ရတယ်။ အခု မရတော့ဘူး။ ဗုံးကြဲခံရလို့ သစ်ပင်တွေမီးလောင်တော့ သစ်ခွပင်တွေ ရှားသွားပြီ။”လို့ ဇွာအီးက ပြောပါတယ်။
ဒါ့ပေမဲ့ လက်ရှိချင်းပြည်နယ်မှာ ရှားပါးသစ်ခွတွေ နုတ်ယူတာ၊ ရောင်းဝယ်ဖောက်ကားတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာဖြစ်ပါတယ်။ အကြောင်းကတော့ရှားပါးသစ်ခွနဲ့ တောင်ဇလပ်ပန်းတွေ မျိုးတုံးပျောက်ကွယ်မှုကနေ ကာကွယ်ဖို့ရည် ရွယ်ချက်နဲ့ တားမြစ်နေတာပါ။
အမှန်တော့ သစ်ခွရှာရတာကလည်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ နေ့ အလင်းရောင်ရှိသလောက်တောထဲကိုတိုးပြီး သစ် ပင်ပင်စည်တွေမှာ သစ်ခွပင်တွေကို လိုက်ရှာရတာဖြစ်ပါတယ်။
တောတောင်ထဲက သဘာဝအတိုင်းပေါက်တဲ့ သစ်ခွအများစုကခပ်မြင့်မြင့်ပင်စည်တွေပေါ်မှာ ရေညှိတွေဝိုင်းပတ်ပြီးပေါက် လေ့ရှိသလို တချို့သစ်ခွတွေကတော့ တောတောင်ထဲကသဘာဝကျောက်ဆောင်ကမ်းပါးတွေနဲ့ စမ်းချောင်းတွေနားမှာပေါက် လေ့ရှိတာကြောင့် နုတ်ယူဖို့ခက်ခဲပါတယ်။
မြင့်လွန်းပြီး တက်ရခက်တဲ့ သစ်ပင်တွေပေါ်မှာ အမြစ်တွယ်နေတဲ့ သစ်ခွတစ်ပင်ရဖို့ဆိုရင် သစ်ပင်တက်တိုင်း နုတ်ယူလို့ရတာမဟုတ်ပါ။ အပင်အနေအထား၊ ဘေးအန္တရာယ်ရှိ မရှိလည်း ချိန်ဆရတယ်လို့ ဇွာအီးက ရှင်းပြပါတယ်။
ရှားပါးသစ်ခွတွေကို တရုတ်နိုင်ငံသားတွေ အများဆုံးဝယ်ယူပြီး သစ်ခွကို အလှအပအတွက်သုံးကြသလို တချို့ကဆေးဖော် စပ်တဲ့နေရာတွေမှာလည်း အသုံးပြုတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်တာတွေ၊ ကျောင်းတွေပိတ်ရတာတွေကြောင့် ဇွာအီးတို့လို ကလေးငယ်တွေဟာမိသားစုစားဝတ်နေရေးအတွက် ကျောင်းနေအရွယ်နဲ့ အလုပ်လုပ်နေကြရတာဖြစ်ပါတယ်။
“လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေက အိမ်ထောင်မိသားစုတွေရဲ့ ထိခိုက်လွယ်တဲ့အခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ကလေးအလုပ်သမားတွေကို အားကိုးအားထားပြုရတဲ့အခြေအနေဖြစ်တယ်။”လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ILO(မြန်မာ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr Donglin Li က ပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ကပ်ဘေးတွေက ကလေးငယ်တွေကိုလုပ်ငန်းခွင်ထဲရောက်လာဖို့ တွန်းပို့နေတဲ့ အဓိကအကြောင်းတရားတွေဖြစ်တယ်လို့ ILO က ထောက်ပြထားပါတယ်။
ILO ရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရမြန်မာနိုင်ငံမှာ ဇွာအီးလို စာသင်ကျောင်းကို ကျောခိုင်းပြီး ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသူ တစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။
အသက် (၅) နှစ်မှ (၁၇) နှစ်ကြားရှိ မြန်မာနိုင်ငံရဲ့ ကလေး (၁၂) သန်းလောက်ထဲက ကလေး(၁၀) ဦးနှုန်းမှာ (၁) ဦးက ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတယ်လို့ ILO က ဆိုထားပါတယ်။
ဒါ့အပြင် ကလေးလုပ်သားတစ်သန်းကျော်ထဲကထက်ဝက်ကျော်ဟာ သူတို့ရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုး မှုကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ဘေးအန္တရာယ်ရှိတဲ့အလုပ်တွေမှာလုပ်ကိုင်နေရတယ်လို့ ထောက်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးကကျေးရွာတစ်ခုမှာနေထိုင်တဲ့ အိသက်ဆိုသူဟာလည်း အသက် ၁၁ နှစ်အရွယ်မှာ လမ်းခင်း ကျောက်ထုရင်း အစထိမှန်ကာ ညာဘက်မျက်လုံးကွယ်ခဲ့ရတာဖြစ်ပါတယ်။
“အဲဒီနေ့က ကျောက်ထုရင်း မျက်လုံးတစ်ဖက်က အေးသွားပြီး အရည်တွေကျလာတာတော့ သိတယ်။ အဲ့မှာအားလုံးက ဆေးရုံပို့ပေးတယ်။ ကုပေးတာပေါ့။ အကုန်လုံးက စောင့်ရှောက်လို့ အသက်ရှင်တာ။”လို့ အိသက်က ပြောပါတယ်။
အသားဖြူဖြူ ခန္ဓာကိုယ်လုံးလုံးတုတ်တုတ်နဲ့ မြင်သူတိုင်းချစ်ကြတဲ့အိသက်ဟာ ဖခင်မရှိဘဲ မွေးခဲ့ရတဲ့ကလေးဖြစ်ပြီး မိခင်ကလည်း စိတ်ကျန်းမာရေးမကောင်းသူဖြစ်တာကြောင့် ရွာကဝိုင်းဝန်းစောင့်ရှောက်ထားရသူဖြစ်ပါတယ်။
သူဟာ အသက် ၄၊ ၅ နှစ်အရွယ်ထဲက ရပ်ကွက်မှ ဟိုလူခေါ်ခိုင်း၊ ဒီလူခေါ်ခိုင်းနဲ့ ထမင်းကျွေးလိုက် အဝတ်ပေးလိုက်နဲ့နေ လာခဲ့ရတာပါ။ အသက် ၇ နှစ်လောက်မှာ မုံရွာမြို့ပေါ်က အိမ်တစ်အိမ်မှာတစ်လ ငါးသောင်းနဲ့အိမ်အကူသွားလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့သူ့မိခင်ကသမီးမရှိတာနဲ့ ရွာထဲသောင်းကျန်းနေတာကြောင့် ၂ လလောက်နေပြီးပြန်လာခဲ့ရပါတယ်။
“ရွာပြန်ရောက်တော့ ဘုန်းဘုန်းကြီးကကျောင်းထားပေးမယ်ပြောတယ်။ သမီးကမတက်ချင်တော့တာ။ ပိုက်ဆံပဲရှာချင်တယ်။ ပိုက်ဆံမရှိတော့ ပင်ပန်းတာတွေလုပ်ရတယ်လေ။ ပိုက်ဆံရှိရင်အိမ်လေးသေချာပြင်ပြီး အမေ့ကိုထားချင်တယ်။”လို့ သူက ပြောပါတယ်။
သူ့မှာခိုင်းထားတဲ့အလုပ်တွေမရှိတဲ့အချိန်ဆို ရွာထဲကသက်ကြီးဘိုးဘွားတွေကို အဖော်လုပ်ပေးတတ်တာကြောင့် ရွာက ဘိုးဘွားတွေရဲ့ အသဲကျော်ဆိုလည်းဟုတ်ပါတယ်။
သူ့ ၁၀ နှစ်အရွယ်လောက်မှာ ပန်းရံလုပ်တဲ့အမျိုးသမီးအဖွဲ့နဲ့ လိုက်ပြီး တစ်နေ့ ၇၀၀၀ ကျပ်နဲ့အလုပ်လုပ်ပါတယ်။ ၁ နှစ်အတွင်းအိမ်လေးလည်း ပြင်နိုင်သလိုစုဆောင်းငွေလည်းရလာတဲ့အတွက် အလုပ်မှာပျော်လာခဲ့ပါတယ်။
ပန်းရံအလုပ်ကနားသွားတော့ လမ်းခင်းကျောက်သွားသယ်မယ်ဆိုတော့ အိသက်လည်းလိုက်သွားခဲ့တာဖြစ်ပါတယ်။ လမ်းခင်းကျောက်သယ်တာက တစ်နေ့ ငွေတစ်သောင်းခွဲရပေမယ့် အန္တရာယ်တော့များပါတယ်။
ကားပေါ်ကကျလာတဲ့ကျောက်တွေကိုအမျိုးသမီးတွေကသယ်မ,ရွေ့ပြီးလိုချင်တဲ့အရွယ်အစားရအောင်ထုခွဲရပါတယ်။ သယ်ရင်း မ,ရင်းနဲ့ မတော်တဆခြေထောက်ပေါ်ပြုတ်ကျတာတွေလည်း ဖြစ်နိုင်ပါတယ်။
ထုခွဲရာမှာလည်း မျက်လုံးထိမှန်နိုင်သလို ကျောက်တွေရှတာလည်းဖြစ်တတ်ပြီး ကျောက်မှုန့်တွေလည်းရှူရလို့ အသက်ရှူ လမ်းကြောင်းလည်း အန္တရာယ်ဖြစ်စေပါတယ်။
“အဲဒီမှာလုပ်တာ ၁၅ ရက်လောက်ပဲရှိသေးတာ။ မျက်စိထိတော့ နောက်ပိုင်းအလုပ်မလုပ်ရတော့ဘူး။ တော်တော်ကြာမှ ရပ်ကွက်ထဲကအလုပ်တွေပြန်လုပ်ခွင့်ရတာ။ အခုတော့ ရပ်ကွက်ထဲက အလှူမင်္ဂပွဲတွေမှာအကူပေါ့။”လို့အိသက်ကပြောပါတယ်။
သူရဲ့ အနာဂတ်ရည်မှန်းချက်က မိခင်ဖြစ်သူနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
HI သတင်းဌာနရဲ့ လေ့လာထားချက်အရ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတွေဟာ မိသားစုစားဝတ်နေရေးပြေလည်စေဖို့ မြို့နယ်တွေမှာ ဆိုက်ကားနင်းတာ၊ အုတ်သယ်၊ ပန်းရံ၊ ကျောက်တူးတာ၊ ကမ်းနားတွေမှာ အထုတ်ထမ်းတာ၊ ငါးဖမ်းလိုက်တာ၊ စွန့်ပစ်ပစ္စည်းတွေ ကောက်တာစတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
ဝေးလံခေါင်ဖျားတဲ့ဒေသတွေ၊ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်တဲ့ဒေသက မိန်းကလေးငယ်တွေဆိုရင် ဆေးမြစ်ဆေးဥတူးတာ၊ ရှားပါးသစ်ခွတွေရှာဖွေတာ၊ တောင်တက်လမ်းတွေကို နေ့စားအထမ်းလိုက်တာနဲ့ တောင်ယာလယ်လုပ်တာစတဲ့အလုပ်တွေ မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေရတာပါ။
ဆေးမြစ်ဆေးဥရှာရတာတို့၊ ရှားပါးသစ်ခွရှာဖွေတာတို့က မိသားစုစားဖို့လုံလောက်အောင်ရပေမယ့် အန္တရာယ်များလွန်းပါတယ်။ ဒါ့အပြင် ဒေသရဲ့ အအေးဒဏ်ကြောင့် အသက်ဆုံးရှုံးပြီး အိမ်ပြန်မလာနိုင်တော့သလို ချောက်ကမ်းပါးတွေထဲကျကာ အသက်ရှင်လျက်ဘဝသေသွားရသူ မိန်းကလေးငယ်တွေလည်းရှိနေပါတယ်။
အဆိုပါလုပ်ငန်းတွေက မိသားစုစားဝတ်နေရေးဖူလုံပေမယ့်သူတို့တွေဟာ သေမင်းကိုအံတုပြီး ဝမ်းစာရှာဖြည့်တင်းနေကြရတာဖြစ်ပါတယ်။