Home သတင်း လက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးအချိုးအစား နှစ်ဆတိုးလာ

လက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးအချိုးအစား နှစ်ဆတိုးလာ

သန့်ရှင်းထွန်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ထက် ၂၀၂၃ ခုနှစ် မှာလက်နက်ကိုင်ပဋိပက္ခတွေကြား အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး အချိုးအစားဟာ နှစ်ဆတိုးလာခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာထုတ် ပြန်လိုက်ပါတယ်။

ပဋိပက္ခနဲ့ ဆက်နွယ်ပြီးသေဆုံးခဲ့ရသူတွေရဲ့  ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ကုလသမဂ္ဂကအတည်ပြုထားတဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီးဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ရပ်တွေဟာ ၅၀ ရာခိုင်နှုန်းထိတိုးလာတယ်လို့ ဖော်ပြထားပါတယ်။

စစ်ပွဲဖြစ်ပွားနေတဲ့နေရာတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့တက်ကြွစွာပူးပေါင်းပါဝင်နိုင်ရေးသေချာစေဖို့ အရေးတကြီးလိုအပ်နေကြောင်းကိုယခု လိုစိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ အနေအထားက မီးမောင်းထိုးပြနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ကျား-မ အခြေပြုအကြမ်းဖက်မှုဟာ အကြမ်းဖက်ခံရဖူးတဲ့ သန်းပေါင်းများစွာသော လူပုဂ္ဂိုလ်တွေရဲ့ ဘေးကင်းရေး၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေအပြင် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်မှုနဲ့ နိုင်ငံတွေရဲ့ လုံခြုံရေးတွေကိုပါ ထိခိုက်စေပါတယ်။” လို့  အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒါကြောင့် ကျား-မ အခြေပြုအကြမ်းဖက်မှုတွေကို တားဆီးခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက ကျားမတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေရဲ့  စွမ်းဆောင်နိုင်မှုတွေကိုမြှင့်တင်နိုင်ဖို့ အမေရိကန် အစိုးရကထားရှိတဲ့သန္နိဋ္ဌာန်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ဟာ ၂၀၂၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကိုသာ နှိုင်းယှဉ်ဖော်ပြထားတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် နှိုင်းယှဉ်ချက်ကို မဖော်ပြထားသေးပါဘူး။

အမေရိကန်အစိုးရအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာ လူမှုရေးအရ လက်ခံနေတာတွေကို စိန်ခေါ်ဖို့ အတူရှိကြောင်း၊ အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအဆုံးသတ်ရေး အတွက် အမျိုးသားတွေ ပါဝင်ဆောင်ရွက်ဖို့တိုက်တွန်းကြောင်းနှင့် ကျား -မ အခြေပြုအကြမ်းဖက်မှုတွေဟာ ကမ္ဘာလုံး ဆိုင်ရာလူ့အခွင့်အရေးပြဿနာတစ်ရပ် ဖြစ်ကြောင်းကို ပညာပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Author:

Related Articles