Home သတင်း ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲကြား အမျိုးသမီးနှင့်ကလေးသေဆုံးမှု ၁၆ ဦးထိ ရှိလာ

ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲကြား အမျိုးသမီးနှင့်ကလေးသေဆုံးမှု ၁၆ ဦးထိ ရှိလာ

ပိတ်မိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ အရေးပေါ်လိုအပ်နေ

ဆိုဖီ

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံလမ်းကြောတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြား ယမန်နေ့ (နိုဝင်ဘာ ၁၁ အထိ ) အမျိုးသမီးနှင့်ကလေး သေဆုံးမှု ၁၆ ဦးထိ ရှိလာကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများကဆိုသည်။

‘၁၀၂၇ စစ်ဆင်ရေး’တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား အောက်တိုဘာ ၂၇ရက်မှ စတင်လာသည့် တိုက် ပွဲအတွင်း အရပ်သားသေဆုံးမှု ၂၅ဦးရှိခဲ့ရာ ထိုထဲတွင် အမျိုးသမီး ၁၂ဦးနှင့် ကလေးလေးဦးထိရှိလာသည်။

သေဆုံးသူများသည် ကွတ်ခိုင်မြို့နယ်တွင် အမျိုးသမီးသုံးဦး၊ သိန္နီမြို့နယ်တွင် အမျိုးသမီးလေးဦး၊ ပန်ဆိုင်းမြို့တွင် အမျိုးသမီး တစ်ဦး၊ လားရှိုးမြို့နယ်နေအမျိုးသမီးလေးဦးတို့ဖြစ်သည်။

စစ်ပွဲများကြားက စစ်ဘေးရှောင်များကိုတွေ့ရစဉ်
Photo – Received

“ သိန္နီမြို့မှာတော့  အမျိုးသမီးသေတာ လေးဦးထိရှိပြီ။ မနေ့ကဆိုရင် သားအမိ နှစ်ယောက်ပွဲချင်းပြီးသေတာ။ စစ်တပ်က လေကြောင်းလိုင်းနဲ့ ဗုံးကြဲတော့ထိတာပါ။ အခုထိလည်း ဂျက်ရဟတ်ယာဥ်တွေပျံနေဆဲပါ။”ဟု သိန္နီမြို့မှ စစ်ရှောင် အမျိုး သမီးတစ်ဦးက ပြောသည်။

လက်ရှိ သိန္နီမြို့တွင် စစ်ရေးငြိမ်သက်နေသော်လည်း  မြို့အဝင်၊အထွက်မရသဖြင့် ပြည်သူများပိတ်မိနေကြောင်း၊ ကျည်ထိမှန် ဒဏ်ရာရရှိသူများလည်း ဆေးရုံသွားရန်ခက်ခဲနေပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုသနေရကြောင်းလည်း အဆိုပါ စစ် ရှောင်အမျိုးသမီးက ဆိုသည်။

အလားတူ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ၊ အမျိုးသမီးလေးဦး  ကျည်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်း လားရှိုးမြို့နယ် စစ်ဘေးရှောင် ကူညီပေးနေသည့် နန်းစံက သျှမ်း သံတော်ဆင့်ကို ပြောထားသည်။

“ တိုက်ပွဲစတဲ့ အောက်တိုဘာ ၂၇ရက်ကတော့ အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ဆုံးတယ်။ နိုဝင်ဘာ ၉ရက်နေ့က အမျိုးသမီး သုံးဦး လက်နက်ကြီးထိပြီး ပွဲချင်းပြီးဆုံးသွားတယ်။” ဟု လားရှိုးစစ်ရှောင်ကူညီပေးနေသည့် နန်းစံက ပြောသည်။

လားရှိုးမြို့နယ်တွင်လည်း မိုင်းတင်ကျေးရွာအုပ်စုရှိ အမျိုးသမီး သုံးဦးသည် နေအိမ်ပြန်ပြီး နံနက်စာပြင်စဥ်နေစဥ် စစ်ကောင် စီဘက်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။

“ အဲ့ရွာက လူတွေက ညဆိုရင် ဘုန်းကြီးကျောင်းမှာ လာစုပြီး နေကြတယ်။ မနက်ဆိုရင်တော့ ကိုယ့်အိမ်ကိုပြန်ပြီး လုပ်စရာ ရှိတာလုပ်တယ်။ မနက်စာပြင်ဆင်နေချိန် သူတို့အိမ်ကိုလက်နက်ကြီးထိပြီး သူတို့ (၃)ဦး ကျည်ထိပြီးဆုံးသွားတာ။” ဟု လားရှိုးစစ်ရှောင်ကူညီပေးနေသည့် နန်းစံက ဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတကြောတွင် စစ်ရေးပြင်းထန်နေပြီး နေ့စဥ်နှင့်အမျှ အရပ်သားထိခိုက်မှု၊ သေဆုံးမှုများ လာနေသည်။

ထိုစစ်ဘေးရှောင်များအတွက်  စားနပ်ရိက္ခာနှင့် အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း စစ် ဘေးရှောင်ကူညီနေသူများက ပြောသည်။

“ အခု လားရှိုး၊ သိန္နီကို ရောက်လာတဲ့စစ်ရှောင်တွေက ရုတ်တရက် ပြေးလာတော့ ဘာမှ မပါလာဘူး။ အမျိုးသမီးတွေဆိုရင် အတွင်းခံတွေ၊ နောက် ဓမ္မတာလာရင် အသုံးပြုတဲ့ လစဥ်သုံး ပစ္စည်းတွေ အရေးပေါ်လိုအပ်တယ်။ ဆောင်းရာသီရောက် လာပြီဆိုတော့ အခက်အခဲအများကြီးရှိတယ်။” ဟု ရှမ်းမြောက် စစ်ဘေးရှောင်ကူညီနေပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

Author:

Related Articles