Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၃ ရက်ကနေ ၂၉ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို

 စစ်ကောင်စီ ထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်တဲ့အတွက် အကျဉ်းထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ သားဖြစ်သူ ကင်မ်အဲရစ်ကတောင်းဆိုလိုက်ပါတယ်။

မိခင်ဖြစ်သူဟာလာမယ့်နှစ် အသက် ၈၀ ပြည့်တဲ့ အချိန်မှာ ဘဝတစ်လျှောက်လုံးရဲ့ လေးပုံတစ်ပုံလောက်ကို စစ်တပ်ရဲ့ ထိန်း သိမ်းမှုအောက်မှာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး မိခင်ဖြစ်သူကျန်းမာဖို့နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းရုံပဲတတ်နိုင်ပါတယ် လို့ ကင်မ်ကပြောပါတယ်။

မကြာခင်က ဗြိတိန်နိုင်ငံက နိုင်ငံခြားရေးအတွင်းဝန်ဟောင်း သုံးဦး ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့နောက် သားဖြစ်သူ ကင်မ် အဲရစ်ကလည်း အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကိုထားတဲ့ အကျဉ်းထောင်တွေရဲ့ အခြေအနေဟာ ဆိုးဝါးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိန်းသိမ်းခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနဲလ်ကလည်း ပြောထားပါတယ်။

Source – RFA

  အမျိုးသမီးစစ်မှုထမ်းများ အဆက်မပြတ်မွေးထုတ်ပေးနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

 စစ်တပ်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အမျိုးသမီးစစ်မှုထမ်းတွေ ပါဝင်နိုင်ဖို့နဲ့ လေ့ကျင့်မွေးထုတ်ပေးဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့အညီ အမျိုးသမီး စစ်မှုထမ်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၂၃ ရက် ရန်ကုန်တိုင်း၊ မှော်ဘီ စစ်ရေးပြလေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့တဲ့ အမျိုးသမီးဗိုလ်လောင်း အမှတ်စဉ် ၁၁ သင် တန်းဆင်းပွဲ ပြောပါတယ်။

ကာကွယ်ရေးတာဝန်ဟာ တပ်မတော်တခုတည်းနဲ့ ဆိုင်တာမဟုတ်ဘဲ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရမယ့် တာဝန် ဖြစ်တဲ့အပြင်ယုံကြည်အားကိုးရတဲ့ အမျိုးသမီးစစ်မှုထမ်းတွေကို ကြည်း ၊ရေ၊လေ အပြင်  နေရာအသီးသီးမှာ တာဝန် တွေပေးထားကြောင်းနဲ့ စစ်ခေါင်းဆောင် အထပ်ထပ်ပြောဆိုသတိပေးနေတဲ့ တပ်တွင်းတပ်ပြင်စည်းလုံးရေးကိုလည်း အဲဒီ ပွဲမှာ ထပ်ပြောသွားပါတယ်။

အရွယ်ရောက်ပြီးတဲ့ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကပြီး ခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ကြေညာခဲ့ပြီး လူငယ်တွေကိုအဓမ္မစုဆောင်း စစ်သင်တန်းပေးလာတာ အပတ်စဉ် ၈ အထိ ရှိနေပြီဖြစ်ပါတယ်။

 စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၅ မှာ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ကြေညာပြီးတဲ့ နောက်ပိုင်းတိုင်းဒေသကြီး တချို့ မြို့နယ်တွေမှာ နာမည်စာရင်း ကောက်ခံတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အမျိုးသမီးစစ်မှုထမ်း တွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

လက်ရှိအချိန်မှာလည်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအများစုမှာ လူငယ်တွေစစ်သင်တန်းပေးဖို့ အတင်းအဓမ္မစုဆောင်း ခံနေရသလို ညဘက်တွေမှာ ပေါ်တာဆွဲခံရတဲ့ အခြေအနေတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး၊ လူပျောက်တိုင် ကြားမှုတွေမှာလည်း လူငယ်အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ပါဝင်လာတာကြောင့် လူငယ်တွေနဲ့ မိဘတွေဟာစိုး ရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

 Source -DVB

ဖြူဖြူထွေး၏ ပရုတ်ဆီကြော်ငြာတွင် အငြင်းပွားဖွယ်အသုံးအနှုံးများကြောင့် လူမှုကွန်ရက်တွင် ပြစ်တင်ဝေဖန်ခံနေရ

ဖြူဖြူထွေးက ဟောင်စုဟူသောနာမည်ဖြင့် တရုတ်ဆေးပရုတ်ဆီ ကြော်ငြာရိုက်ကူးရာတွင် စစ်ကောင်စီရဲ့ ထိန်းသိမ်းခြင်း ခံထားရတဲ့အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်ကိုသေးသိမ်စေတဲ့ စကားလုံးအသုံး အနှုန်းများတမင်ရည်ညွှန်းထားတယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေအကြား ပြစ်တင်ဝေဖန်မှုများစွာရှိနေတယ်လို့ သိရပါ တယ်။

ကြော်ငြာဗီဒီယိုမှာ အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားတဲ့ ဖြူဖြူထွေးက နောက်တွဲဆံထုံးမှာ ပုံစံမတူ အရောင်မတူတဲ့ ပန်း ငါး မျိုးကို ပန်ဆင်ထားတာ၊ မယ်တော်ဟောင်စုဆိုတဲ့ အသုံးအနှုန်းကို ထပ်တလဲလဲ အသုံးပြုတာ၊ ချဲဂဏန်း ပေးတယ်လို့ဆိုကာ ၇၉ ဂဏန်း ပြောဆိုတာကိုလူအများသတိပြုထောက်ပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် နိုင်ငံတကာ အ သိုင်းအဝိုင်းမှာတောင်းဆိုလာချိန်နဲ့ တိုက်ဆိုင်စွာထွက်ပေါ်လာတဲ့ ၁၅ မိနစ် ၄၀ စက္ကန့်ရှည်လျားတဲ့ဗီဒီယိုမှာ တွဲဖက်သရုပ် ဆောင် ကလေးသရုပ်ဆောင်ခန့်ကျော်ရဲ့ အမည်ကိုမောင်ပုဟုပေးထားခြင်းကလည်း လက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင် ကို ရည်ညွှန်းတယ်လို့ ဆိုကြပါတယ်။  

ကြော်ငြာဗီဒီယိုကိုစတင်ထုတ်လွှင့်ချိန်မှာ ဖြူဖြူထွေးက “ခြံစည်းရိုးကြီးမယ်တော်ဟောင်စုဘဝ” ဆိုတဲ့ခေါင်းစဉ်ပေးခဲ့ပြီး လူအများဝေဖန်ချိန်မှာ “ခြံစည်းရိုးကြီးမယ်တော် ဟောင်စုဘဝ ကဲပြော ဘာရောဂါကုပေးရမလဲပြော” လို့ ပြင်ဆင်ခဲ့ကာ ထိုမှ တစ်ဆင့် “ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြောဘာရောဂါကုပေးရမလဲ”ပြော ဆိုတာ ထပ်မံပြောင်းလဲ ရေးသားခဲ့ပါတယ်။

ခြံစည်းရိုးဆိုသော အသုံးအနှုံးမှာ ခြံစည်းရိုးကြက်ဆူပင်ဆိုတဲ့ အသုံးအနှုန်းကို ရေးသားခြင်းဖြစ်တယ်လို့ ပရိသတ်တချို့က ယူဆကြပြီး ယခင်စစ်အုပ်စုဟောင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နိုင်ငံတဝှမ်း ခြံစည်းရိုးကြက်ဆူပင်များ စိုက်ခိုင်း စေခဲ့ကာ ကြက်ဆူ၏အတိုကောက် ကဆ အသံထွက်မှာ ထိုစဉ်က နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံနေခဲ့ရသော ဒီမိုကရေစီ လိုလားသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗေဒင်သဘောအရ ကက်ကင်းရိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲ မှုများစွာရှိခဲ့ပါတယ်။

ဖြူဖြူထွေးကို ကြော်ငြာအပ်ခဲ့တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Rgo47 ကို ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဖြစ်ခဲ့ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိမ်း၏သား ဦးအေးချမ်းက ပိုင်ဆိုင်ရာ ၎င်းတို့ဆက်နွယ်မှုမှာ ထောက်ပြစရာဖြစ်နေပြီး ရေတပ် ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဏာသိမ်းရန်တိုက်တွန်းပေးခဲ့ဖူးကြောင်း ကိုယ်တိုင် ဝန်ခံထားပြီး ဦးအေးချမ်းမှာ နိုင်ငံတကာအစည်းအဝေးများတွင် လက်ရှိ မြန်မာစာနယ်ဇင်းကောင်စီ (MPC) ကိုယ်စားပြုကာ စစ်တပ်အာဏာသိမ်းမှုကိုအမွှန်းတင်ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကို တိုက်ခိုက်ပြောဆိုလေ့ရှိပါတယ်။

Source – Mizzima News

ရွှေပြည်သာမှာ အိမ်အကူမိန်းကလေးကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အိမ်ရှင်လင်မယားကို အမှုဖွင့်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ဆေးရုံတက် ဆေးကုသမှုခံရတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အိမ်ရှင်လင်မယားကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိန်းကလေးငယ်ဘက်က ကူညီဆောင်ရွက် ပေး နေတဲ့သူဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ၂၅ ရက်ကွက်နေ ဦးစံထွေး၊ ဒေါ်သန္တာစိုးတို့ရဲ့နေအိမ်မှာ ကလေးထိန်းအဖြစ် အလုပ်ဝင်ရောက် လုပ် ကိုင်နေတဲ့ မိန်းကလေးကို အိမ်ရှင်လင်မယားအပါအဝင် အိမ်ရှိ အလုပ်သမားကပါ ဝင်ရောက်ရိုက်နှက်၊ ညှဥ်းပန်းလို့ ဝဲချို စောင်းပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ ကျောကုန်းဖူးရောင် ညိုမည်းစွဲ၊ ယာဘက်ပခုံးဒဏ်ရာ၊ ဝဲဘက် လက်မောင်းနာကျင် ဒဏ် ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ ယာဘက်လက်ဖျံဒဏ်ရာ၊ ဝဲဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေသလုံး ဒဏ်ရာတွေ ရရှိ ခဲ့တဲ့အပြင် နံရိုး ၂ ချောင်းနဲ့ လက်ချောင်းတစ်ချောင်းကျိုးဒဏ်ရာတို့ ရရှိခဲ့တဲ့အတွက် အင်းစိန်ဆေးရုံမှာ ဆေးကုသခံ ရတဲ့ အထိ ဖြစ်ခဲ့တာလို့ ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။

 ရိုက်နှက်ခံရတဲ့ မိန်းကလေးဟာ မိသားစုစားဝတ်နေရေးကြောင့် အဲဒီအိမ်မှာ ဇူလိုင်လကတည်းက ကလေးထိန်း အလုပ်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်ပြီး စတင်ဝင်ရောက်စဥ်က နေစားငြိမ်း တစ်လကို ငွေကျပ် တစ်သိန်းရမယ် ဆိုပေမဲ့ အလုပ်ဝင်ပြီးနောက် အိမ်အကူအလုပ်တွေကိုပါ လုပ်ကိုင်ရသလို ဒုတိယလမှစတင်ကာ ငွေကျပ် ၇၀၀၀၀ ပဲရခဲ့ပါတယ်။ အလုပ်စဝင်တဲ့နေ့ကစပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မရရှိခဲ့သလို အပြင်ဧည့်သည်နဲ့လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲဆေးရုံတက်မှ မိသားစုနဲ့ တွေ့ခွင့်ရတာလို့သိရ ပါတယ်။

မိန်းကလေးငယ်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေကို လှော်ကားရဲစခန်းမှာ ပုဒ်မ ၃၂၃ သာမန်နာကျင်စေမှု၊ ပုဒ်မ ၃၂၅ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၅၄  ကာယိန္ဒြေပျက်စီးစေပြီးအနိုင်အထက်ပြုမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှုတို့နဲ့ အမှု ဖွင့် တိုင်ကြားထားပြီး လက်ရှိမှာ  အာမခံယူထားတယ်လို့သူကပြောပါတယ်။

Source -DVB

PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ရေးဒေသခံ အမျိုးသမီးနှစ်ဦး ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခံရ

မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံအမျိုးသမီး နှစ်ဦး မှာ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ခုမှာ ဈေးရောင်းနေတဲ့ မငယ်ငယ်အပါဝင် ဒေသခံအမျိုးသမီးနှစ်ဦးကို PDF ထောက်ပို့စွပ်စွဲ ချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီ နောက် သူတို့နှစ်ဦးကို သုံးလကျော်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့က ရေးခရိုင်တရားရုံးကနေ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

 ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ရေးဒေသခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ထံ ပို့ဆောင် လိုက်ပြီလို့ မြို့ခံတွေကပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း ရေးမြို့အောင်မေတ္တာ ရပ်ကွက်နေ ဒေသခံအမျိုးသမီးတွေဖြစ်တဲ့ မနန်းရီနဲ့ မမိုးခိုင်တို့ကိုလည်း စစ်ကောင်စီက PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။

Source – သံလွင်တိုင်းမ်

မုံရွာမှာ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်း မှာ ရှိတဲ့ ပစ္စည်းအဟောင်းဝယ်ယူတဲ့ဆိုင် တစ်ဆိုင်ထဲကို ပြန်ပေးဆွဲအဖွဲ့လို့ ယူဆ ရသူတချို့က ဝင်ရောက်ခဲ့ပြီး ဆိုင်အတွင်းက အမျိုးသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားရာရုန်းကန်တဲ့အတွက်  သေနတ်နဲ့ ပစ်သတ် ခံရမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ခံ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

ဆိုင်အတွင်းဝင်ရောက်လာပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားရာမှာ ယင်းအမျိုးသမီးက မလိုက်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးရုံပို့နေချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရသူက အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်နေတဲ့သူဖြစ်ပြီး ပြန်ပေးဆွဲသူတွေဟာ အမျိုးသား နှစ် ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Source –BBC

မွေးစားမိဘတွေနှိပ်စက်မှုကြောင့် ပြင်းထန်ဒဏ်ရာရကာအမှုရင်ဆိုင်နေတဲ့ အုတ်တွင်းမြို့နယ်ကမိန်းကလေးငယ် ဆေးကု သရင်း သေဆုံး

 မွေးစားမိဘတွေနှိပ်စက်မှုကြောင့် ပြင်းထန်ဒဏ်ရာတွေရကာ ကူညီဝန်းရံသူတွေအကူအညီနဲ့ တရားစွဲဆို အမှုရင်ဆိုင်နေရတဲ့ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က ငါးနှစ် အရွယ်မိန်းကလေးငယ်ဟာ တောင်ငူဆေးရုံကြီးမှာ ကုသမှုခံယူနေချိန် ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

 အဲဒီမိန်းကလေးငယ်ဟာ နှိပ်စက်ခံရမှုအတွက် တရားရင်ဆိုင်ရင်း အခုသီတင်းပတ်အတွင်း ကျောက်ကပ် ဝေဒနာခံစားလာရ တာကြောင့် ဆေးရုံတက်ကုသမှုခံနေရာက ရက်ပိုင်းအကြာ မှာသေဆုံးသွားတာလို့ ကလေးငယ်ကို ကူညီပေးနေတဲ့ တောင်ငူ မြို့ခံ လူမှုကူညီရေးလုပ်ကိုင်သူ ကိုကျော်သူရက ပြောပါတယ်။

 ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့နေ့တွင်းချင်းပဲ ခရစ်ယာန်ဘာသာရေးထုံးတမ်း အရ သင်္ဂြိုလ်လိုက်ပါတယ်။ အသက် သုံးနှစ်ဝန်းကျင်လောက်မှာမွေးစားမိဘတွေဆီခေါ်သွားခံရပြီးတစ်နှစ်ကျော်လောက်အကြာမှာဒဏ်ရာ၊ဒဏ်ချက်တွေနဲ့ အဘိုး၊ အဘွားတွေဆီ ပြန်ရောက်လာခဲ့တဲ့ ကလေးငယ်ဟာ သေဆုံးချိန်မှာ အသက်ငါးနှစ်ရှိနေပါပြီ။

မိန်းကလေးငယ်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကတစ်ဆင့် လူသိများလာတဲ့ နောက်မွေးစား မိဘတွေကို သက်ဆိုင်ရာက ဖမ်းဆီး၊ တရားစွဲဆိုကာ နှစ်ဖက်အမှုရင်ဆိုင်နေတာ လပိုင်းသာရှိသေးပြီး  တရားခွင်မှာ ကလေး ငယ်ကိုစစ်ဆေးမှုမလုပ်ရသေးပေမဲ့ ကနဦးထွက်ဆိုချက်မှတ်တမ်းတွေတော့ အမှုဖြစ်စဉ်မှာ ပါဝင်နေတာကြောင့် အဲဒီထွက် ဆိုချက်၊လက်ရှိကလေးငယ်သေဆုံးချိန် ဆေးစစ်ချက်၊ မှုခင်းဆရာဝန်မှတ်ချက်တွေ နဲ့ ကျူးလွန်သူတွေကို မူလကထက် ပိုမို ပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်အောင်ကြိုး စားသွားမယ် လို့လည်း သူကဆိုပါတယ်။

လက်ရှိသေဆုံးသွားတဲ့ကလေးငယ်ဟာ မွေးစားမိဘတွေဆီကနေ အဘိုးအဘွားရင်းတွေရဲ့နေအိမ်ကို ပြန်ရောက် လာချိန်မှာ ဓားခုတ်ခံရတဲ့ဒဏ်ရာ၊ နှာခေါင်းရိုးကျိုးနေတဲ့ဒဏ်ရာတွေ ပါလာသလို ပါးစပ်ထဲကိုရေနွေးပူနဲ့ လောင်းချခံရတာ၊မျက်နှာကို လက်သီးနဲ့အထိုးခံရတာတွေကို ကလေးက ပြန်ပြောပြထားသလို မွေးစားအဖေဖြစ်သူက မုဒိမ်းမှုနှစ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ မိန်းကလေးငယ်က အဘိုး၊ အဘွားတွေကို ပြောပြထားပြီး တရားရင်ဆိုင်ချိန် အမှုအခင်းအတွင်း မုဒိမ်းမှုနဲ့ ပတ်သက်လို့က လေးငယ်ရဲ့ ထွက်ဆိုချက်၊ ဆေးစစ်ချက်တွေလည်းပါဝင်နေပါတယ်။

Source -Delta News Agency

Author:

Related Articles