Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၁၀ ရက်မှ ၁၇ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

  • ဆားလင်းကြီးတွင် စစ်ရေယာဥ်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မော်တော်ရေယာဉ်တစ်စီးက ချင်းတွင်းမြစ်ဘေးရှိ ဖောင်းကတာ ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

စစ်ကောင်စီကလက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် အသက်(၆၃)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး လက်နက် ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင်လက်နက်ကြီးကြောင့် ဖောင်းကတာကျေးရွာနေ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာတွေရရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

Source – People’s Spring

  • မဟာဖိုဝါဒနဲ့အမျိုးသမီး‌များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့် လူထုသပိတ်ကို အမျိုးသမီးများ ချီတက်ဆန္ဒပြ

မဟာဖိုဝါဒနဲ့အမျိုးသမီး‌များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့ လူထုသပိတ်ကို နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး လောင်းလုံမြို့ကဒေသခံအမျိုးသမီးတွေနဲ့အတူ တနင်္သာရီတိုင်းလောင်းလုံး မြို့နယ်မှာစက်တင်ဘာလ(၁၂)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။

” မုဒိမ်းကောင်တွေနဲ့ဖိုဝါဒ၊ ဖုတ်သဂြိုဟ်ပြာချအဆုံးသတ်ကြ”ဆိုတဲ့ ကြွေးကြော်သံတွေပါဝင်တဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင် ကာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ လိင်အကြမ်းဖက်မှုတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်‌နေ သလိုတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကလည်း ကျူးလွန်နေတာကိုတွေ့ရကြောင်း၊ အဲ့ဒီလုပ်ရပ်တွေကို ပြစ်တင်ရှုံ့ချကြောင်းနဲ့ ကျူးလွန်သူတွေကိုထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်‌ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရကို တောင်းဆို ထားတယ်လို့နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Source – People’s Spring  

  • ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးနေရာ ဆက်ခံသူအမျိုးသမီး ထပ်မံအသတ်ခံရ

သာယာဝတီခရိုင်၊သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက်(၅၀)အရွယ်ဒေါ်သိမ့်သိမ့်လွင်ကို စက်တင် ဘာ (၁၁)ရက်ညနေပိုင်းက အမှတ်(၃၅)စစ်ကောင်စီ ခြေလျင်တပ်ရင်းအနီးရှိ တပ်ရှောင်လမ်းမပေါ်မှာ အနီးကပ်ပစ်ခတ်ခဲ့ တယ်လို့ ‘သာယာဝတီဂဠုန်တပ်ဖွဲ့’ ကထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်နိုဝင်ဘာ ၂၅ ရက်နေ့က ပစ်သတ်ခံခဲ့ရတဲ့ဦးထွန်းထွန်းရဲ့နေရာမှာ စစ်ကောင်စီကအဲ့ဒီအမျိုးသမီးကို ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်သိမ့်သိမ့်လွင်ဟာ သမီးဖြစ်သူကိုဆိုင်ကယ်နဲ့ကြိုပြီး အပြန်လမ်းမှာဦးခေါင်းနဲ့ရင်ဘတ်ကို အနီးကပ် ၃ ချက် ပစ်ခတ်ခံရ ကာပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး သမီးဖြစ်သူဆရာဝန်ကတော့ထိခိုက်မှုမရှိဘူးလို့ စစ်တပ်ရဲ့ တယ်လီဂရမ်စာမျက်နှာတွေ မှာ ဖော်ပြထားပါတယ်။

Source – Myanmar Now

  • ပေါင်မြို့မှာ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ပေါင်မြို့နယ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ရဲတပ်ဖွဲ့ဝင်တဦး ပစ်သတ်ခံရပြီး နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အမျိုးသမီးခြောက်ဦးထက်မနည်းနဲ့အမျိုးသား ဆယ်ဦးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စက်တင်ဘာလ(၇)ရက်က ပေါင်မြို့မရဲစခန်းက ရဲတပ်သားနယ်ထိန်းတဦး လမ်းမှာပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဩဂုတ်လ (၂၇)ရက်က ပေါင်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီလို တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက မြို့နယ်အတွင်းမှာ လုံခြုံရေးတင်းကြပ်ထားကာ တော်လှန်ရေး အင်အားစုတွေ သွားလာလှုပ်ရှားနိုင်တဲ့ကျေးရွာတွေဘက်ကို ဝင်ရောက်ရှာဖွေတာတွေလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲကအချို့ကို ဇင်းကျိုက်နယ်မြေရဲစခန်းမှာထိန်းသိမ်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFနဲ့ ပတ် သက်တယ်လို့ သံသယရှိသူအချို့ကို စစ်ကြောရေးကိုပို့ထားတယ်လို့သိရပါတယ်။

Source – Delta News Agency

  • ဒုက္ခသည်စခန်းနေ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေးမှုများ လိုအပ်နေ 

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းနဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့အမျိုးသမီးတွေအတွက်  ထိရောက်တဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးသင်တန်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းရှိအမျိုးသမီးတွေမှာ ကျန်းမာရေးဗဟုသုတအားနည်းတဲ့အတွက် ကိုယ်ဝန်ပျက်ကျတာ၊ သားအိမ်အပါအဝင် မိန်းမကိုယ်နဲ့ဆက်စပ်တဲ့ရောဂါတွေအဖြစ်များနေတယ်လို့ ကျန်းမာရေးအသိပညာ‌ပေး လုပ်ဆောင်နေသူ တွေဆီက သိရပါ တယ်။ လတ်တလောမှာ IDPs Camp တွေမှာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတွေက ကျန်းမာရေးအသိ ပညာပေးမှုတွေ လုပ်ဆောင်နေပေမယ့် ထိရောက်မှုမရှိဘူးလို့သိရပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေမှာ ကျန်းမာရေးအသိပညာနည်းပါးတဲ့အတွက် မလိုလားအပ်ဘဲကိုယ်ဝန်ရတာ၊ ကိုယ်ဝန် ဖျက်ချတာတွေကို တွေ့နေရတယ်လို့ စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြော ပါတယ်။

IDPs စခန်းတွေမှာသောက်သုံးရေမသန့်ရှင်းတာ၊နေရာထိုင်ခင်းကျဉ်းကျပ်တာ၊အဝတ်အထည်တွေ အထူးသဖြင့် အတွင်းခံ အဝတ်တွေကို ခြောက်သွေ့အောင် နေမလှမ်းနိုင်ဘဲ ဝတ်ဆင်ရတာစတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အတွက် အမျိုး သမီး ကျန်းမာရေး နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်တယ်လို့သိရပါတယ်။

Source – DGM

  • မိုးကောင်းမြို့က အဖမ်းခံရသူ အမျိုးသမီးတစ်ဦး စစ်ကြောရေးမှာ သေဆုံး

ဒေသကာကွယ်ရေးတပ်PDF တွေကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့က စက်သုံးဆီဆိုင်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦးအနက်၊ ဇနီးဖြစ်သူဒေါ်ခင်မာဆွေဟာ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့အတွက် စက်တင်ဘာ(၁၂)ရက်ကသေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဇနီးမောင်နှံနှစ်ဦးဟာစစ်တပ်အာဏာမသိမ်းခင်က NLDပါတီကို ထောက်ခံသူတွေဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ ရိုးရိုးသားသားနေထိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေသာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ(၂)ရက်နေ့ညကရဲနဲ့ စစ်သားအများအပြားဟာမိုးကောင်းမြို့ပေါ်က သူတို့ပိုင်ဆိုင်တဲ့ဇင်ယော် စက်သုံးဆီဆိုင်ကို ဝင်ရောက်စီးနင်းပြီးဆိုင်ဝန်ထမ်း (၂၀)ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။ စက်တင်ဘာ(၃)ရက်နေ့မှာ ပိုင်ရှင်ဦးမိုးကျော်တို့ ဇနီး မောင်နှံကို ထပ်မံဖမ်းဆီးခဲ့တာပါ။

၁၀ရက်နီးပါးအကြာမှာတော့ ဇနီးဖြစ်သူဒေါ်ခင်မာဆွေသေဆုံးသွားပြီ။ အလောင်းလာယူပါလို့ မိုးကောင်းရဲစခန်းက အကြောင်းကြားလာတဲ့အတွက် ကျန်ရစ်တဲ့မိသားစုတွေက ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီလို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

Source – RFA

  • ဆေးကုသခွင့်မရတာကြောင့် ဒေါ်စုအသက်အန္တရာယ်ထိခိုက်မှာ NLD သတိပေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ထိခိုက်အောင် တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ဆေးကုသမှုမပေးသလို စစ်ကောင်စီဟာသူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေရသင့်တဲ့ အခွင့်အရေးတခုမှမပေးဘူးလို့ စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLDက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေမကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေ ယိုယွင်းနေရုံမက၊ သူ့ အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ်စစ်ကောင်စီမှာလုံးဝတာဝန်ရှိတယ်လို့ NLD ပါတီကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာထောင်ထဲမှာ သွားဖုံးနာဝေဒနာခံစားနေရပြီးမူးဝေပျို့အန်ခဲ့တယ်လို့ စက်တင်ဘာလဆန်းပိုင်းက သတင်းတွေထွက်လာခဲ့ပါတယ်။

Source – VOA

  • သထုံတွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်သထုံမြို့နယ်ပိန္နဲတောအလယ်ကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲပြီး ကလေးငယ်တစ်ဦးနဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ၈ရက်နေ့က ပိန္နဲတောတပ်စခန်းကပစ်ခတ်တဲ့ လက်နက်ကြီးလေးလုံးအနက်  ပိန္နဲတောအလယ်ရွာ ကုလားတန်း ကို လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး (၁၃)နှစ်အရွယ် ကလေးငယ်နဲ့(၃၈)နှစ်အရွယ် အမျိုးသမီးတို့ဒဏ်ရာရ ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့နေအိမ်တွေပျက်စီးမှုရှိခဲ့တယ်လို့KNUကထုတ်ပြန်ပါတယ်။

Source – People’s Spring

  • KNU မုန်းမြို့နယ်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံးKNUညောင်လေးပင်ခရိုင်၊တပ်မဟာ(၃) မုန်းမြို့နယ်မိချောင်းခေါင်းကျေးရွာထဲကို စက်တင်ဘာ (၁၀)ရက်နေ့က စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အသက်(၆၁)နှစ် အရွယ်ဒေသခံ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုကထုတ်ပြန်ပါတယ်။

ဒါ့အပြင်စက်တင်ဘာ(၈)ရက်နေ့ကလည်း KNUမုန်းမြို့နယ်၊ထောရေဒဲကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံး(၂)လုံးကြဲချခဲ့တဲ့အတွက် ကျေးရွာအနီးရှိ လယ်ကွက်တွေထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိပေမယ့် ကျေးရွာနေပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေထိုင် ကြရတယ်လို့ KNU က ဆိုထားပါတယ်။

Source – သံလွင်တိုင်းမ်

Author:

Related Articles