Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာလ ၂၅ ရက်မှဒီဇင်ဘာလ ၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

မြန်မာမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မြင့်တက်လာကြောင်း ဗြိတိန်သံအမတ်ပြော

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အလျင်အမြန်မြင့်တက်လာတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့ကကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ဗြိတိန်သံရုံးအကြီးအကဲက Ken O’Flaherty က ပြောဆိုလိုက်တယ်လို့ သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာဖော်ပြထားပါတယ်။

“လိင်ပိုင်းဆိုင်ရာ နဲ့ ကျား-မ အခြေပြုအကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးစဥ် ကတည်း ကအလျင်အမြန်မြင့်တက်လာပါတယ်။ အကြမ်းဖက်ရာမှာ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေအပြင်ငယ်ရွယ်စဥ် အတင်းအကျပ် လက်ထပ်စေခြင်း များလည်း ပါဝင်ပါတယ်”လို့ဆိုပါတယ်။

အကြမ်းဖက်မှုတွေကိုတားဆီးနိုင်အောင်အားလုံးလက်တွဲလုပ်ဆောင်ဖို့အရေးကြီးကြောင်းလည်း KenO’Flahert က ပြောပါတယ်။

Source – RFA Burmese

တရုတ်မှာ အလုပ်ရဖို့ မြန်မာအမျိုးသမီး သိန်းနဲ့ချီ မူဆယ်မြို့မှာရောက်ရှိ

တရုတ်နိုင်ငံ၊ ရွှေလီမြို့ကအထည်ချုပ်စက်ရုံတွေမှာ အလုပ်ဝင်ရမယ်ဆိုပြီး အလုပ်ပွဲစားတွေကခေါ်ယူခဲ့တာကြောင့် ပြည်တွင်းအထည်ချုပ်စက်ရုံတွေက အမျိုးသမီးတွေသိန်းနဲ့ချီပြီး မူဆယ်မြို့ကို ရောက်နေပြီး ဌာနဆိုင်ရာ ယန္တရားကလည်း မူဆယ်မြို့မှာ အရင်လိုမလည်ပတ်နိုင်တာကြောင့် ဒါကိုမဖြေရှင်းနိုင်ကြောင်း မူဆယ်မြို့ လဝကနဲ့နီးစပ် သူတဦးကပြောပါတယ်။

တရုတ်ဘက်မှာ အလုပ်မသေချာတဲ့အခါမှာ ဒီအမျိုးသမီးတွေကို မူဆယ်မှာထားပြီး ပွဲစားခ ၃ သိန်းယူ၊ ထွက်ပြေး တဲ့ပွဲစားတွေလည်း အများအပြားလည်းရှိနေပြီး တချို့လည်း လူကုန်ကူးသူတွေနဲ့ ချိတ်ဆက်မိပြီး ရရာအလုပ်ကို လုပ်နေကြရတယ်လို့သိရပါတယ်။

တရုတ်ကိုဝင်မဲ့သူတွေပဲ ဒီလိုအခက်အခဲတွေ ရှိနေတာ မဟုတ်ဘဲတရုတ်မှာ အလုပ်ရပြီးသားသူတွေလည်း ဒီရက်ပိုင်းထဲမှာ ပြန်လာနေကြတယ်လို့သိရပါတယ်။ အကြောင်းကတော့အလုပ်ချိန်တိတိကျကျမရှိတာ၊ဒဏ်ကြေးတွေ များတာ၊ အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေကြောင့် ဆက်မလုပ်နိုင်ဘဲ ပြန်လာကြတာပါ။

တကယ်တော့အခုလိုရန်ကုန်စက်မှုဇုံကအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ခေါ်ယူဖို့ ဖြစ်လာတာကတော့ တရုတ် စက်ရုံပိုင်ရှင်တွေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။ သူတို့ကပွဲစားတွေကိုလမ်းစရိတ်ပေးပြီး စက်ချုပ် ကျွမ်းကျင် သူတွေကို ခေါ်ကြတာပါ။အလုပ်ရသွားရင်တော့ ကုန်ကျခဲ့တဲ့ လမ်းစရိတ်အားလုံးကို မြန်မာအလုပ်သမားတွေက တလကိုယွမ်ငွေ ၁,၀၀၀ နှုန်းနဲ့လေးလနီးပါးလစာမယူဘဲတရုတ်အလုပ်ရှင်ကိုအကြွေးအဖြစ်ပြန်ဆပ်ရတယ်လို့ သိရပါတယ်။

Source – VOA Burmese 

ပလက်ဝမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟားလာဝရွာမှာနိုဝင်ဘာ ၂၂ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတဲ့အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူဟာတောင်ယာသွားရင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သွေးထွက်လွန်ပြီးသေဆုံးသွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်ကိုအာရက္ခတပ်တော် (AA)ကသိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် မြေမြှုပ်မိုင်းရှင်းလင်းရေးမလုပ်ရသေးတာကြောင့် ဒေသခံတွေ မကြာခဏမြေမြှုပ်မိုင်း အန္တရာယ်ကြုံနေရတယ်လို့ သူကပြောပါတယ်။

Source – RFA Burmese

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်းကမပြေးနိုင်သည့် အမျိုးသမီးကြီး၂ ဦးကို ပစ်သတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ခြမ်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က သစ်ရုံကျေးရွာရှိ သက်ကြီးအမျိုးသမီးနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ကာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။

သစ်ရုံကျေးရွာနေ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၅ လုံးခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်နဲ့ မြင်းခြံမြို့နယ်၊ ကုက္ကဲအထိုင်တပ်စခန်းမှကားတွေကို အသုံးပြုပြီး ရုတ်တရက်စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ စစ်ကြောင်းရန်ကြောင့်သစ်ရုံ၊ တူရွင်းဘို့နဲ့ ထန်းတောကြီးကျေးရွာတွေမှ ဒေသခံ ၅,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့သိရပါတယ်။

Source – Mizzima

တနင်္သာရီတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာက ဥယျာဥ်ခြံထဲမှာ  နိုဝင်ဘာ ၂၉ ရက်နေ့က အသက် (၂၇)နှစ် အ ရွယ်အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် တဖက်ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီကသိရပါတယ်။

မိုင်းနင်းမိတဲ့အမျိုးသမီးဟာဥယျာဉ်ခြံမှာကွမ်းသီးကောက်ဖို့အတွက်ရမ်းဖိုရွာရဲ့ဆီအုန်းကုန်းကိုဖြတ်တဲ့အချိန်မိုင်း နင်းမိပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တာပါ။

မိုင်းနင်းမိတဲ့နေရာကစစ်ကောင်စီတပ်ဖွဲ့နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုရှိတဲ့ နေရာလည်း ဖြစ် တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။မိုင်းနင်းမိတဲ့လူနာကိုမြိတ်မြို့ဆေးရုံကြီးကို ပို့ဆောင် ခဲ့ပြီး‌လတ်တလောမှာ ဒဏ်ရာကို သွေးထွက်မလွန်အောင် ဆေးကုသထားပြီးတော့ မိုင်းထိတဲ့ ဘယ်ခြေထောက် ကဖြတ်တောက်ဖို့ ရှိ၊မရှိ မသိရသေးဘူးလို့ ပြောပါတယ်။

Source – DVB

ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးရမ်းသန်းပစ်ခတ်၍ ကလေးငယ် ၃ ဦး အပါအဝင်ပြည်သူ ၆ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်လသားကလေး ငယ်အပါအဝင်ပြည်သူ (၆) ဦးသေဆုံးခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ကုန်းပေါရွာကအသက် ၁လခွဲ ခန့်ရှိကလေးငယ်တစ်ဦး၊အသက် ၁နှစ် ကျော်ကလေးငယ် တစ်ဦးနဲ့မိခင် အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့ သစ်ယာကုန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ပေါဦး (၁)မှ အသက် ၁၄နှစ် အရွယ်မိန်းကလေးငယ် တစ်ဦး နဲ့ ရွှေစမ်းရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးသို့ သေဆုံးခဲ့ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Source – People’s Spring

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသူတို့ ၁၆ ရက်တာလှုပ်ရှားမှုတွင် ပိုမိုပူးပေါင်းပါဝင်လာ

၁၆ ရက်တာလှုပ်ရှားမှုကာလမှာ စစ်အာဏာသိမ်း ပဋိပက္ခကာလအတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးအပါအဝင် LGBTQ+ တို့လည်း ထုတ်ဖော်ဆွေးနွေးပါဝင်မှုတွေမှာ ပိုမိုများလာတယ်လို့  LGBTQ+ အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

အထူးသဖြင့် အဓမ္မဖြစ်စဉ်နဲ့စစ်မှုထမ်းဥပဒေကြောင့်အသက်ပြည့်ပြီး LGBTQ+ လူငယ်နဲ့အမျိုးသမီးတို့စိတ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရမှုများနေခြင်းတွေကြောင့်ဖွင့်ဟပြောဆိုကာပူးပေါင်းပါဝင်လာတယ်လို့ LGBTQ+ အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

နိုင်ဝင်ဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ကစပြီး  ၁၆ ရက်တာလှုပ်ရှားတွေကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ခေါင်းစဉ်နဲ့ မွန်၊ကရင်၊ တနင်္သာရီ တို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထက် တိုးချဲ့လှုပ်ရှားလျက်ရှိပါတယ်။

Source – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Author:

Related Articles