Home သတင်း ရခိုင်ကအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ

ရခိုင်ကအမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် င/တန်ပျင်းကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးက အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း မုဒိမ်းကျင့်ရာမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ကိုကိုအောင် ကဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ၊ ခရမ (၂၀၅) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားသုံးဦးတို့ဟာ င/တန်ပျင်းကျေးရွာအတွင်း စစ်ကြောင်း ဝင်လာချိန် အမျိုးသမီးကြီးတစ်ဦးနှင့် သမီးဖြစ်သူ အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိပြီးဖမ်းဆီးခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးထားချိန် သမီးဖြစ်သူကို သူတို့နေတဲ့နေအိမ်နောက်ဘက်ကို ခေါ်သွားပြီးတော့ တပ်ကြပ်ကြီး ကျော်မျိုးဦးက စတင်မုဒိမ်းကျင့်ခဲ့ပြီး နောက်ထပ် ဒုတပ်ကြပ် သူရနိုင်၊ တပ်သား ချစ်ဦး၊ တပ်သား မျိုးအောင်နှင့် တပ်သား ကိုကိုအောင်တို့က အစဉ်လိုက် မုဒိမ်းကျင့်ခဲ့တာလို့ ဝန်ခံထွက်ဆိုထားပါတယ်။

“ကောင်မလေးက ငိုယိုပြီးတော့ပြောတယ်။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့ဆိုပြီး။”လို့ မုဒိမ်းကျင့်ခါနီးအချိန်ဖြစ်စဉ်ကို တပ်သား ကိုကိုအောင်က ပြန်ပြောပြပါတယ်။

မုဒိမ်းကျင့်ပြီးချိန်မှာ နေအိမ်အပြင်ဘက်ကို ဆွဲထုတ်လာပြီးမိခင်ဖြစ်သူကို သေနတ်နဲ့ ပထမဆုံး ပစ်သတ်ခဲ့ပြီး သမီးဖြစ်သူကိုလည်း ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်ချိန်မှာ မသေတဲ့အတွက် လည်ပင်းကို ဓားနဲ့လှီးသတ် ခဲ့တယ်လို့ ပြောပါတယ်။

အုပ်စုဖွဲ့မုဒိမ်းကျင့်သူတွေထဲမှာ ပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ဦးဟာ တိုက်ပွဲမှာ ကျဆုံး သွားခဲ့ပြီး တပ်သား ကိုကိုအောင် တစ်ဦးကိုသာ ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးရမိခဲ့တာလို့ AA ရဲ့ မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေကို အုပ်စုဖွဲ့မုဒိမ်း ကျင့်တဲ့ဖြစ်စဉ်တွေ ရှိနေတယ်လို့သိရပါတယ်။

Author:

Related Articles