Home သတင်း လစာတိုးပြီး တခြားအကျိုးခံစားခွင့်တွေ ဖြတ်ဦးမှာလား

လစာတိုးပြီး တခြားအကျိုးခံစားခွင့်တွေ ဖြတ်ဦးမှာလား

မေဒေးနေ့အခမ်းအနား တက်ရောက်လာကြတဲ့ ရန်ကုန်မြို့ စက်မှုဇုန်အသီးသီးက တက်ရောက်လာသော အမျိုးသမီးအလုပ်သမများ

၂ ရက်၊ မေလ၊ ၂၀၁၈

မယ်လွန်း။ ။
တနေ့ အနိမ့်ဆုံး လုပ်ခလစာကို (၄၈၀၀) ကျပ်သတ်မှတ်ပေးလျှင် အခြားအကျိုးခံစားခွင့်တွေ ဖြတ်တောက် ဦးမလားဆိုသည့် စိုးရိမ်မှုများ အလုပ်သမ အမျိုးသမီးတွေကြား ရှိနေကြကြောင်း သိရသည်။

“ကျမမေးချင်တာတခုရှိတယ်။ လုပ်ခလစာတိုးလာရင် Bonus (ဘောနပ်စ်) ကြေးတို့၊ OT (Overtime) ကြေး တို့၊ နှစ်ကြေးရတာမျိုးတွေ၊ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက်ရထားတဲ့ အကျိုးတွေ၊ ဘယ်လိုပြောရမလဲ တခြားခံစားခွင့်အကျိုးတွေ အဲဒါတာတွေကို လျော့ချမှာလား၊ လျော့ချခွင့်ရှိလားလို့” ဟု ရန်ကုန်မြို့တွင်ပြု လုပ်သည့် မေဒေးနေ့အခမ်းအနားတွင် တက်ရောက်လာသူ စက်ချုပ်ရုံအလုပ်သမ အမျိုးသမီးတဦးမှပြောသည်။

ပြီးခဲ့သည့် သမ္မတ၏ နှစ်သစ်မိန့်ခွန်းတွင် အလုပ်သမား၏ တနေ့လုပ်အားခကို အနိမ့်ဆုံး (၄၈၀၀)ကျပ် သတ် မှတ်ပေးသွားမည်ဟု ကတိပြုထားသည့်အတိုင်း တနေ့လုပ်ခကို အနိမ့်ဆုံး (၄၈၀၀) ကျပ် စတင်ပေးနေသည့် စက်ရုံအချို့ရှိနေပြီး အချို့လည်း ယခုမေလတွင်လည်း (၄၈၀၀)ကျပ်ပေးရန် အစီအစဉ်များရှိသည်ဟု အလုပ် သမ အမျိုးသမီးများက ဆိုသည်။ သို့သော် လုပ်ခလစာတိုးပေးတိုင်း အခြားအကျိုးခံစားခွင့်များ ဖြတ်သော ကြောင့် လုံလောက်မှုမရှိဟု မူဆောင်းအထည်ချုပ်စက်ရုံ (ယခင် A1 အထည်ချုပ်စက်ရုံ) မှ အလုပ်သမ အမျိုး သမီးတဦးက ဆိုသည်။

“သူတို့က ပြန်ဖြတ်တာက များတယ်။ အခုဆို (၄၈၀၀)ကျပ် တိုးတယ်၊ ဒါပေမဲ့ ကားခက ဘယ်လောက် ပြန်ဖြတ်ဦးမလဲမသိဘူး။ အရင် (၃၉၀၀) ကျပ်မှာတုန်းက ကားခက (၅၅၀၀) ကျပ် ဖြတ်တယ်။”

ဒီလို လုပ်ခလစာတိုးတိုင်း အခြားအကျိုးခံစားခွင့်တွေ ဖြတ်တောက်တဲ့အနေအထားမျိုးကို မဖြစ်စေချင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်မှ ပြောသည်။

“တချို့စက်ရုံတွေဆို လုပ်ခလစာတွေ တိုးတယ်။ လစာတိုးလု့ိ အရင်ကြိုနေတဲ့ ဖယ်ရီတွေ မကြိုပေးတော့ဘူး။ ဒါတွေက မဖြစ်သင့်ဘူး။ တချို့အလုပ်သမားတွေဆို အရမ်းဝေးတဲ့နေရာတွေမှာဆိုရင် ဖယ်ရီတွေ ကြိုပေးဖို့လို တယ်။ အဲဒီလိုကြိုပေးမှသာလျှင် ကျမတို့အလုပ်သမ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် လုံခြုံမယ်”

မေဒေးအခမ်းအနားမှာ ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့တဲ့ မင်္ဂလာဒုံ မဲဆန္ဒနယ်က လွှတ်တော်အမတ် နော်စူစန်နာလှလှစိုး

ထို့ပြင် လက်ရှိ အလုပ်သမားဥပဒေတွင် သတ်မှတ်တော့မည့် အနိမ့်ဆုံး လုပ်ခလစာ တနေ့ (၄၈၀၀) ကျပ်မှာ မလုံလောက်ကြောင်းနှင့် တနေ့ အနိမ့်ဆုံး (၅၆၀၀) ကျပ်ရမှသာ စားဝတ်နေရေးအတွက် အဆင်ပြေနိုင်ကြောင်း ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် အလုပ်သမားနေ့အခမ်းအနားတွင် စက်ချုပ်ရုံအလုပ်သမများမှ ဆိုသည်။

“လုပ်ခလစာတိုးလာတာနဲ့ တပြိုင်တည်း ကုန်ဈေးနှုန်းက တက်လာတာ။ (၁၀၀၀)တန်တွေက (၁၂၀၀) ဖြစ် တယ်။ အဲဒါ ကုန်ဈေးနှုန်းတွေ တကယ်တက်လာတာ။ အရင်တုန်းကဆို ငါး (၁၀) သားကို (၄၀၀) (၅၀၀) ပဲ ရှိတယ်။ အခု ဒီမနက် သွားဝယ်တာ ငါးပြေမ (၁၀)သားက (၇၀၀)၊ (၈၀၀) တဲ့။ အဲဒါ ဈေးအချိုဆုံးငါး” ဟု ကျူး ရစ်မြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမ မမြသီတာမှ ပြောသည်။

မေဒေးနေ့အခမ်းအနား တက်ရောက်လာကြတဲ့ ရန်ကုန်မြို့ စက်မှုဇုန်အသီးသီးက တက်ရောက်လာသော အမျိုးသမီးအလုပ်သမများ

မနေ့က မေဒေးနေ့ (အလုပ်သမားနေ့)မှာပင် မြန်မာ့အမျိုးသမီးသမဂ္ဂမှ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်နေသော အမျိုးသမီးအလုပ် သမားများ၏ အခြေအနေနှင့်ပတ်သက်ပြီး ကမ်ပိန်းဗွီဒီယို မှတ်တမ်းကိုလည်း ထုတ်လွှင့်မိတ်ဆက်ခဲ့ကာ ထို အကြောင်းနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်ထဲတွင် အလုပ် သမားများ၏ ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုရရှိရေးအတွက် အာမခံပေးသည့် နေထိုင်မှု ဝင်ငွေအဆင့်ကို မြှင့်တင်ပေးရန်နှင့် အခြားအမျိုးသမီးအလုပ်သမားများအတွက် လုပ်ငန်းခွင်အတွင်း လိင်ကွဲပြားမှုအပေါ် အခြေခံ သော နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ကင်းဝေးလုံခြုံသည့် လုပ်ငန်းခွင်တခုဖြစ်လာစေရန် အလုပ်ရှင်များမှ ဖန်တီးပေးရန်နှင့် အခြား အလုပ်သမားအခွင့်အရေးဆိုင်ရာ အချက်အလက်များ၊ အာမခံမှုများ၊ အစီအစဉ်များ ပြုလုပ်ပေးရန် ထောက်ပြတောင်းဆိုထားသည်။

မေဒေးနေ့မနက်မှာပင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အလုပ်သမားနေ့တွင် အလုပ်သမားများသို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး အလုပ်သမားများ၏ အခြေအနေ၊ အဆင့်အတန်းမြင့်မားရေးနှင့် အလုပ်သမားအခွင့်အရေး အပြည့်အ၀ ခံစားရရှိရန် အလုပ်ရှင်၊ အလုပ်သမားနှင့်အတူ အစိုးရမှ လုပ်ဆောင်နေကြောင်းနှင့် အလုပ်သမားများကို ထင်ဟပ်စေသော ဥပဒေ သစ်များရေးဆွဲပြဌာန်းနေကြောင်း ပြောကြားခဲ့သည်။ သို့သော် အလုပ်သမားအခွင့်အရေး မလိုက်နာသည့် အလုပ်ရှင်များကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ကြောင်း အမျိုးသမီးခေါင်းဆောင် ဒေါ်ယဉ်မျိုးလှိုင်မှ ပြောသည်။

“တကယ့်လက်တွေ့အခြေအနေမှာ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ ရှိတဲ့ပြဿနာတွေက အများကြီးပဲ။ အစိုးရက ဘယ်လောက်ပဲ ဥပဒေအရ လုပ်ဆောင်ရမယ်ပြောပြော တကယ့်အကောင်အထည် ဖော်တဲ့နေရာမှာ စက်ရုံပိုင်ရှင်တွေက သူတို့မှာရှိတဲ့ ဥပဒေတွေအတိုင်း မလိုက်နာနေတာ တွေ့ရတယ်။ မလိုက် နာတဲ့ ပိုင်ရှင်တွေကို အစိုးရက ထိထိရောက်ရောက် အရေးယူသင့်တယ်။”

(၁၂၈)ကြိမ်မြောက် အလုပ်သမားနေ့အခမ်းအနားအား ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ဘုန်းကြီး ကျောင်းတခုတွင် မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ Action Labor Right၊ အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့၊ လယ်သမားအလုပ်သမားရေး တက်ကြွလှုပ်ရှားသူများအဖွဲ့၊ Farmer၊ Labour Power Group စသည့် လူထုအခြေပြု အဖွဲ့အစည်း (၆)ဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှ အလုပ်သမား အမျိုးသမီး အမျိုးသားပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အလုပ်သ မားများ၏ လက်ရှိကြုံတွေ့နေရသော အခြေအနေများကို ထုတ်ဖော်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။

Related Articles