Home သတင်း တစ်ပတ်တွင်း အမျိုးသမီး ဖြစ်ရပ်များ

တစ်ပတ်တွင်း အမျိုးသမီး ဖြစ်ရပ်များ

ဒီဇင်ဘာရက်ကနေ ရက်အတွင်းတစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

ပြင်ဦးလွင်ရှိ မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ် ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီး ဆရာတော် အရှင်ဝါသဝက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာစော်ကားပြီး အသက်အန္တရာယ် ခြိမ်း ခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကျူးလွန်ခံရသူတချို့နဲ့ အနီးကပ်နေထိုင်ခဲ့သူတချို့ကပြောပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတွေနဲ့ တရားစခန်းဝင်လာတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး သီလရှင် ဝတ်ခိုင်းပြီး ကျောင်းထိုင် ဘုန်းကြီးကသာသနာအတွက် ပါရမီ ဖြည့်ဖက် လုပ်ဆောင်ရမည်ဟု စည်းရုံးသိမ်းသွင်းသလို၊ မျိုးဆက်ပွားရမယ်လို့ဆိုကာ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ စော်ကားတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခံရသော အမျိုးသမီးများကိုလည်း ကျောင်းတိုက်အတွင်း ပိတ်လှောင်ပြီး ရိုက်နှက်နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ ပြီးထုတ်ဖော် ပြောဆိုရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းဆရာတော်မှာ လက်တွေ့ အသုံးချဗုဒ္ဓဓမ္မနှင့် ဘဝအောင်မြင်ရေး Online သင်တန်း၊ GOALS International Company Limited တို့ကို တည်ထောင်ထားပြီး လစဉ်ဝင်ငွေ သိန်းထောင်ချီရရှိနေတယ်လို့ ဆရာတော်နဲ့ နီးကပ်နေထိုင်ခဲ့ဖူးသူများက ပြောပါတယ်။

အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင်ဘုန်းကြီးကို အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF) ထံတွင်အမှုဖွင့်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source –  Khit Thit Media

ကရင်နီပြည်နယ်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး  ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်

ကရင်နီပြည်နယ်ထဲက မြို့နယ်တွေနဲ့ ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နိုဝင်ဘာ ၂၅ ရက်ကစပြီး ဒီဇင်ဘာ ၁၀ ရက်အထိ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး  ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ပြည်သူ လူထုနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KNWO) တာဝန်ရှိသူက ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်စခန်းမှာ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာ ၂၅ ရက်မှာ ပထမဆုံးစတင်ခဲ့ပြီးစစ် ရှောင်တွေနဲ့ သက်ဆိုင်ရာအကြီးအကဲတွေ အပါအဝင် အယောက် ၁,၀၀၀ ကျော်တက်ရောက်ကာ အသိပညာပေး ဟောပြော မှုတွေ၊ ကြွေးကြော်မှုတွေနဲ့ ခွဲခြားဆက်ဆံမှု မရှိစေဖို့တွေအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ နယ်နဲ့ တခြားဒေသတွေမှာလည်း ၁၆ ရက်တာ လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အမျိူးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်စေဖို့အတွက် အမျိုးသမီးသီးသန့် အစည်းအဝေး ခေါ်ယူတာမျိုး မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာမျှဝေတာ၊ အိမ်ထောင်ရှင် စုံတွဲတွေကြားနားလည်မှုရှိပြီး အိမ်တွင်းအကြမ်းဖက်မှုလျော့ကျရေး အတွက်ပါ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဒီးမော့ဆိုမှာ အမျိုးသမီး ဘောလုံးအသင်းတွေ တည်ထောင်ပြီး ယုံကြည်ရာကို အိပ်မက်မက်ခွင့်ရှိကြောင်းနဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့အတွက် လှုပ်ရှားမှုတွေလည်း အဖွဲ့အစည်းအသီးသီးက ပြုလုပ်နေတယ်လို့သိ ရပါတယ်။

Source –  DVB

မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ခြောက်သန်းကျော် အခက်အခဲမျိုးစုံရင်ဆိုင်နေရပြီး တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်

မြန်မာနိုင်ငံမှာ မသန်းစွမ်းသူ ခြောက်သန်းကျော်ဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲက တစ်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာကျရောက်တဲ့ အပြည် ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့မှာ ထုတ်ပြန်ပါတယ်။

မသန်စွမ်း မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပိုပြီးဖြစ် နိုင်ခြေရှိတဲ့ အခြေအနေတွေမှာ ပါဝင်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပြီး ဥရောပသမဂ္ဂအနေနဲ့ မသန်စွမ်းသူတွေရဲ့ အားနည်းချက်တွေကို အကာအကွယ်ပေးရေးနဲ့ ထောက်ပံ့ကူညီရေးတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မသန်စွမ်းမှုအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ၊ အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ ပဋိပက္ခနဲ့ ရာသီဥတု ကပ် ဘေးတွေကြောင့် မသန်စွမ်းသူတွေဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမဲ့ လူမှုအသိုက်အဝန်းမှာ မသန်စွမ်းသူ တွေဟာ အပြောင်းအလဲဖန်တီးသူတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ် (Antonio Guterres) ကပြောပါတယ်။

မြန်မာနိုင်ငံက မသန်စွမ်းမှုတွေက မြေမြှုပ်မိုင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တိုးလာနေ တယ်လို့ မသန်စွမ်းသူများအခွင့်အရေး လှုပ်ရှားနေသူတွေကဆိုပြီး စစ်ဖြစ်နေတဲ့မြန်မာနိုင်ငံဟာ ကမ္ဘာမှာမြေမြှုပ်မိုင်း ကြောင့် သေဆုံးသူအများဆုံးဖြစ်လာသလို ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ လူတစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL)ရဲ့  နိုဝင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source –  RFA

ဆီဆိုင်မြို့နယ်၊နောင်ရင်းရွာကိုစစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သားအမိနှစ်ဦး သေဆုံး  

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို တပ်နဲ့ လက်အောက်ခံ PNO အဖွဲ့က ဒရုန်းနဲ့ဗုံးကျဲ တိုက်ခိုက် ခဲ့ တာကြောင့်  အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ မိခင်ဖြစ်သူတို့သေဆုံးပြီး ဖခင်ဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ တယ်လို့ PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာရှိ မိသားစုဝင် ၃ ဦးမှာ ၎င်းတို့ပိုင်ပြောင်းခြံ အတွင်းပြောင်းချိုးနေစဉ်စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်တို့ကဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ပအိုဝ်းဒေသကို စစ်ကြောင်းထိုးပြီး ပအိုဝ်းကျေးရွာတွေကို ဗုံးကျဲတိုက်ခိုက်တာ ပအိုဝ်းပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးတာ ပအိုဝ်း ပြည်သူတွေကို သတ်ဖြတ်တာတွေ အဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။

Source –  Khit Thit

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး အမေရိကန်သံရုံး တိုက်တွန်း

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အမျိုးသားတွေ ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှု တစ်စိတ် တစ်ပိုင်း အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၃ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခကြား အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးအရေ အတွက်နှစ်ဆတိုးလာပြီး ဒါဟာ ပဋိပက္ခနဲ့ ဆက်နွှယ်ပြီး သေဆုံးခဲ့ရသူတွေရဲ့ လေးဆယ် ရာခိုင်နှုန်းဖြစ်တယ်လို့လည်း ဖော် ပြထားပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ဆက်နွှယ်ပြီးလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်တွေဟာလည်း ငါးဆယ်ရာခိုင်နှုန်းတိုး လာတယ်လို့ဆိုပါတယ်။ ဒါကြောင့်စစ်ဖြစ်နေတဲ့နေရာတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့အ ရေးတကြီးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုလို့ သတ်မှတ်ပြီး အသိပညာပေးလှုံ့ဆော်မှုနဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေ ကြပါတယ်။

Source –  RFA

လိင်အကြမ်းဖက်မှုကြောင့် ဂျပန်ရောက် မြန်မာလုပ်သား အလုပ်နှင့် ထောင်ဒဏ် ၆နှစ် ချမှတ်ခံရ

ဂျပန်နိုင်ငံ ကရူးရှုးခရိုင် ဆဂ(Saga)မြို့မှာ အလုပ်သင်ဗီဇာနဲ့ မွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကိုသူရဆိုသူက တစ်နိုင်ငံတည်းသားအချင်းချင်း လိင်အကြမ်းဖက်မှုကျူးလွန်တဲ့အတွက်  ပုဒ်မ ၆၆ အပုဒ်ခွဲ ၃၂ အရ အမှု ဖွင့်တရားစွဲခံရပြီး နိုဝင်ဘာလအတွင်း အလုပ်နှင့် ထောင်ဒဏ် ၆နှစ် ချမှတ်ခံခဲ့ရပါတယ်။

ယင်းအမျိုးသားကိုလုပ်ငန်းခွင်တူ၊ နေထိုင်သည့်အဆောင်တူ မြန်မာအမျိုးသမီးတစ်ဦးက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကာ သုံးလအကြာတွင် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် တရားခံသည် ဆဂ (Saga) အကျဉ်းထောင်တွင်အ ကျဉ်းကျနေတယ်လို့သိရပါတယ်။

ပြစ်မှုကျူးလွန်သူမှာ ဂျပန်နိုင်ငံတွင်သတ်မှတ်ထားတဲ့ ကာလအထိ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကာ ပြစ်ဒဏ်ကျခံပြီးပါက ရဲမှ တဆင့် ဂျပန်လူဝင်မှုကြီးကြပ်ရေးထံလွှဲပြောင်းပေးပြီး မြန်မာပြည်ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံ၏ ဥပဒေ ပုဒ်မ ၆၆ ၊ အပုဒ်ခွဲ ၃၂သည် လိင်မဖွယ်မရာပြုမူ၊ လိင်အကြမ်းဖက်မှုဖြစ်ကာ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်ခုနှစ်နှစ်ဖြစ်ပြီး ၂၀၂၄ခုနှစ်အတွင်း ဂျပန်ရောက် မြန်မာလူမျိုးအတွင်း အဖြစ်ပွားဆုံး အမှုများမှာ ရန်ဖြစ်မှု၊ ခိုးမှု၊ ငွေကြေးလိမ်လည်မှု၊ ဗီဒီယိုခိုးရိုက်ကာခြိမ်းခြောက်မှုနဲ့ ကာမလိမ်လည်မှုများ ဖြစ်တယ်လို့ ဂျပန်တွင်အနေကြာပြီဖြစ်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

 Source – Mizzima

စစ်ကောင်စီတပ်ကြောင့် သုံးလအတွင်း အမျိုးသမီး ၁၅၀ သေဆုံး

 ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သုံးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၅၀ ဦးသေဆုံးခဲ့ပြီး   အဲဒီအထဲက သေဆုံးသူ ၁၀၇ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက သေဆုံးသူ ၃၄ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဒီဇင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၃၀ဦး ပါဝင်နေပြီး ဒီသုံးလတာကာလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၄၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းက ၁၃ ဦးနဲ့ ဖမ်းဆီးခံရသူအများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။

AAPP ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့အထိစာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၀၁၇ ဦး သေဆုံးခဲ့ပြီး ၂၁,၂၀၁ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

Source –  RFA

တောင်ကုတ်မှာ စစ်တပ်က လေကြောင်းဗုံးကြဲလို့ စစ်ဘေးရှောင်သားအမိနှစ်ဦးသေဆုံး၊

 တောင်ကုတ်မြို့နယ်ခရိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်သားအမိနှစ်ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ခရိုင်ရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲချခဲ့တာကြောင့် အဲဒီ ရွာမှာ ခိုလှုံနေကြတဲ့ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်ရပ်ကွက်က အသက် ၇၁ နှစ်အရွယ် ဒေါ်မသိန်းနဲ့ သာယာအေးရွာက ၁၇ နှစ်အရွယ်မောင်ကျော်သက်နိုင်တို့ သေဆုံးပြီးစစ်ရှောင်နဲ့ အရပ်သားကလေးငယ်အပါအဝင်အမျိုးသမီးတွေအများအပြား ဒဏ်ရာရခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ မြို့နယ် တွေနဲ့ တိုက်ပွဲဖြစ်နေဆဲ မြို့နယ်တွေမှာ အရပ်ဖက်နေရာတွေကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုတွေ ရက် ဆက်နီးပါးလုပ်နေပြီး အရပ်သားသေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

Source – Delta News Agency

 စစ်ပဋိပက္ခကြောင့် တစ်လအတွင်း အမျိုးသမီး ၆၁ ဦး သေဆုံး၊

 မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ၂၀၂၄ခုနှစ် ၊ နိုဝင်ဘာလတစ်လအတွင်း စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီး ၆၁ ဦးသေဆုံးပြီးလေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု မှာ အမျိုးသမီး ၃၇ ဦး၊ တခြား လက်နက်ကြီးကြောင့် ၁၆ဦး၊ မတရားသတ်ဖြတ် မှုကြောင့် ၅ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ဦးနဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးတို့ပါဝင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၆၃ ဦးရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၂ ဦး၊ လက်နက်ကြီးကြောင့် ၁၆ ဦး ၊ မတရားသတ်ဖြတ်မှုကြောင့် ၂ ဦး၊ အဓမ္မ ပြုကျင့်မှုကြောင့် ၂ ဦး နဲ့ မီးရှို့မှုကြောင့် ၁ ဦး ဖြစ်ပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသတွေကတော့ ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဖြစ်ပြီး၊ အဆိုပါ ဒေသတွေထဲက ရှမ်းပြည်နယ် မြောက်ပိုင်းကတော့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနဲ့ ရခိုင်ပြည်နယ်က ဒုတိယ ဖြစ်ပါတယ်။

အာဏာသိမ်းကာလကြာမြင့်လာတာနဲ့အမျှ စစ်ကောင်စီက စစ်ရေး၊ နိုင်ငံရေးတွေမှာ ဆုံးရှုံးမှုများလာတဲ့အခါ အရပ်သားနေထိုင်ရာ အရပ်တွေကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဆောင်နေပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ အသက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုကို ကြုံတွေ့နေရပါတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို တိုက် ဖျက်ပြီး မြန်မာနိုင်ငံမှာတရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ ကိုလည်းBWU ကတိုက်တွန်းထားပါတယ် ။

Source –  ကန္တာရဝတီတိုင်း ( မ် )

မြင်းခြံမြို့နယ်မှာ လက်နက်ကြီးမှန်ပြီး မိသားစုဝင် ၃ ဦး သေဆုံး၊

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မြောက်ခြမ်းရှစ်မိုင်ခန့်အကွာရှိ သစ်ရုံ ကျေးရွာတွင်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက မြင်းခြံမြို့ အထိုင်တပ်စခန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သစ်ရုံကျေးရွာနေ ဦးအောင်နိုင်ဝင်း၊ ဒေါ်မာမာအေးနှင့်အတူ အသက် ၂၀ အရွယ် သမီးဖြစ်သူတို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား တာဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် တစ်နာရီအကြာ နံနက် ၆ နာရီ ခန့်မှာ  လယ်သစ်ကျေးရွာစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတို့ ပူးပေါင်းကာ သစ်ရုံကျေးရွာကိုဝင်ရောက်စီးနင်းပြီး နေအိမ် ၂၀၀ ခန့် ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

 Source – Mizzima

Author:

Related Articles