ခင်ဘုန်းမို့
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ သတင်းမီဒီယာတိုက်တွေကိုပိတ်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် သတင်းမီဒီယာလုပ်ငန်းတွေဟာ ရပ်တည်ဖို့ခက်ခဲလာကြသလို သတင်းသမားတွေဟာလည်း သတင်းလုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။
စစ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ စစ်ကောင်စီက ပိတ်သိမ်းတဲ့သတင်းမီဒီယာ (၁၅) ခုအထိရှိခဲ့ပါတယ်။ သတင်းသမား (၅) ဦးသေဆုံးခဲ့သလို တရားစွဲဆိုခံထားရသူ (၁၂၁) ဦး ထိရှိခဲ့ပြီး ထိန်းသိမ်းခံထားရသူ (၅၀) ရှိတဲ့အနက် အမျိုးသမီး (၇)ဦး ပါဝင်ပါတယ်လို့ ဖမ်းဆီးခံရတဲ့သတင်းထောက်တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
အချိန်မရွေးဖမ်းဆီးထောင်ချခံရနိုင်တာ၊ သတ်ဖြတ်ခံရနိုင်တာ၊ နေအိမ်ချိပ်ပိတ်ခံရနိုင်တာ စတဲ့စိန်ခေါ်မှု တွေများ စွာကြားကနေပြည်သူတွေကို သတင်းအချက်အလက်အမှန်တွေတင်ပြနိုင်ဖို့အတွက် သတင်းအလုပ်ကိုစွန့်စား လုပ်ကိုင်နေကြတဲ့သတင်းထောက်တွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်နေပါတယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုသုံးနှစ်ကျော်လာတာနဲ့အမျှ တော်လှန်ရေးကာလအတွင်း မရေမတွက်နိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကလည်းဒုနဲ့ဒေးဖြစ်သလို ဒီကာလအတွင်းမှာ စစ်ပွဲသတင်းတွေ၊ သေကြေပျက်စီးမှုတွေ၊ဖြစ်ရပ်ဆိုးတွေကို ထိတွေ့မှတ်တမ်းတင်နေကြရသူတွေထဲ အမျိုးသမီးသတင်းသမားတွေလည်းပါဝင်နေပြီး သူတို့မှာစိတ်ပိုင်း ဆိုင်ရာထိခိုက်မှုတွေ ရှိနေပါတယ်။
စစ်ကောင်စီဟာ စစ်ကြောရေးမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေကျူးလွန်လေ့ရှိတာကို ကြားသိနေတာကြောင့် ကိုယ်တိုင်ဖမ်းဆီးခံရတဲ့အခါမှာလည်း အလားတူဖြစ်စဉ်တွေကြုံတွေ့ခံစားရမှာကို အမျိုးသမီးသတင်းသမားတွေဟာ စိုးရိမ်ချက်တွေရှိပါတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြားမှာ သတင်းသမားအဖြစ်ရပ်တည်နေသူအမျိုးသမီးတစ်ဦးကတော့ သတင်းထောက်လုပ်သက် (၇) နှစ် နီးပါးရှိနေပြီဖြစ်တဲ့ အသက် (၂၅) နှစ်အရွယ် ဂျူးဂျူး (အမည်လွှဲ)လည်းပါဝင်ပါတယ်။
စစ်အာဏာမသိမ်းခင်က ပြည်တွင်းရုပ်သံသတင်းဌာနတခုမှာ Producer(ပရိုဂျူဆာ) အဖြစ်လုပ်ကိုင်နေခဲ့ပေမယ့် ကိုဗစ်ကာလဖြစ်တော့ အလုပ်တွေရပ်နားထားခဲ့ရပြီး အာဏာသိမ်းမှုဖြစ်လာတော့ လူထုသပိတ်တွေကို သတင်း ရယူခဲ့ပါတယ်။ ကိုယ်တိုင်ဖမ်းဆီးခံရမှာကို မကြောက်ပေမယ့် ကိုယ့်ရဲ့မိသားစုဝင်တွေ ဒုက္ခရောက်မှာကို ပိုပြီး စိုးရိမ်တာကြောင့်လုံခြုံရေးကိုအထူးဂရုစိုက်နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုနေထိုင်နေရင်းကပင် သူ့ရဲ့မိသားစုဝင်ဖြစ်တဲ့ ဦးလေးဖြစ်သူဟာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့အတွက် လုံခြုံရေးစိုးရိမ်စရာဖြစ်လာပါတယ်။ စစ်အာဏာမသိမ်းခင်ကတည်းက သတင်းသမားအဖြစ်လုပ်ကိုင်ခဲ့ဖူးတာကိုသိနေတဲ့အတွက် ဦးလေးဖြစ်သူဟာ မိသားစုအတွင်းရေး အဆင်မပြေမှုတွေနဲ့ပေါင်းကာ ဂျူးဂျူးတို့အိမ်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြတာ၊ အလုပ်အကြောင်းကိုသွားပြောပြတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်သူဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေခံစားခဲ့ရပြီး မိသားစုဝင်တွေနဲ့ခွဲကာတစ်ဦးထဲ ရှောင်တိမ်းနေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုလိုက် တခြားနေရာကိုရွေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။
“တစ်ယောက်ထဲနေတာကြာတဲ့အခါ Psycho(စိတ်)တွေဖောက်ပြီးတော့ ငါကတော့လုံခြုံတာဟုတ်တယ်။ ငါ့မိသားစုကိုထိခိုက်မလားမသိဘူးဆိုပြီး စိုးရိမ်စိတ်တွေဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေဖြစ်လာတယ်”လို့ ဂျူးဂျူးက သူ့ခံစားချက်ကိုဖွင့်ဟခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ သတင်းအလုပ်ကို ခဏနားပြီး စုဆောင်းထားတာလေးတွေနဲ့ရပ်တည်ခဲ့ပါတယ်။ အချိန် ကြာလာတဲ့အခါမှာတော့ မိသားစုစားဝတ်နေရေးလည်းရှိသလို တစ်ဖက်ကလည်းတော်လှန်ရေးကာလမှာ သတင်းအမှန်တွေတင်ပြဖို့ တာဝန်ရှိတယ်လို့ခံစားရတဲ့အတွက် သတင်းအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ ပြည်တွင်းမှာနေထိုင်ကာ သတင်းအလုပ်ကိုဆက်လက်လုပ်ကိုင်ရင်း ဖမ်းဆီးမှုတွေများလာတဲ့အခါ ပြည်ပကိုတစ်ဦးထဲပြောင်းရွေ့ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
တစ်ဖက်မှာအိမ်ကိုလွမ်းတဲ့စိတ် တစ်ဖက်မှာပြန်လို့မရတဲ့စိတ် နှစ်ခုကြားထဲမှာ ရှင်သန်ရတဲ့အခါ အရမ်းမွန်းကြပ် ပြီးထွက်ပေါက်မရှိပိတ်မိနေတယ်လို့ သူကဖွင့်ဟပါတယ်။ အရင်တုန်းကတော့ ဂျူးဂျူးအနေနဲ့ သတင်းသမားအဖြစ်လုပ်ကိုင်တာကိုမိသားစုကအားပေးတာမျိုးမရှိခဲ့ပေမယ့် လက်ရှိမှာတော့အဆင်ပြေအောင်နေဖို့ တိုက်တွန်းကြတယ်လိုဆိုပါတယ်။
“မြန်မာနိုင်ငံမှာသတင်းထောက်လုပ်ရင် ထောင်နှုတ်ခမ်းနင်းပြီးတော့ အလုပ်လုပ်တယ်ဆိုတဲ့ အတွေးမျိုးရှိခဲ့တာ။ ထောင်နှုတ်ခမ်းနင်းပြီးလုပ်ရတဲ့အလုပ်ကို နင်မို့လို့လုပ်ချင်တာလို့ပြောကြတာရှိတယ်။ ဒါပေမယ့်အခုတော့ ကိုယ်လုပ်ချင်တဲ့အရာကိုလုပ် အလုံခြုံဆုံးဖြစ်အောင်နေ၊ စိတ်အဆင်ပြေအောင်နေ၊ ပျော်အောင်နေဖို့ပြောကြတယ်” လို့ဂျူးဂျူးကပြောပြပါတယ်။
သူ့အနေနဲ့ မိသားစုလုံခြုံရေးအတွက် သန်းခေါင်စာရင်းထဲကထုတ်ခိုင်းပြီး သေလူတစ်ယောက်လိုသတ်မှတ်ထားခိုင်းပါတယ်။
တကိုယ်ရည်စိန်ခေါ်မှုတွေအပြင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကိုဖတ်ရတဲ့အခါ၊ တချို့ တိုက်ပွဲသတင်းတွေ၊ လူအသေအပျောက်သတင်းတွေကို ဆက်သွယ်မေးမြန်းရတဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ထပ်မံကြုံရပြန်ပါတယ်။
“ကိုယ်နဲ့နာမည်တူတဲ့လူတွေလည်လှီးသတ်ခံလိုက်ရတာတို့ အရှင်လတ်လတ်ဓားနဲ့ခုတ်သတ်လိုက်တာမျိုးတွေကြားဖူးတာရှိတယ်။ နာမည်လွှဲလားတော့မသိပေမယ့် နာမည်တူတာမျိုးတွေသတင်းတွေမှာဖတ်မိတယ်။ အဲ့ဒီနေရာမှာငါသာဆိုရင် ဆိုတဲ့အတွေးက သတင်းသမားအနေနဲ့မဟုတ်ပေမယ့် Personal အရငါသာဆိုရင်ဆိုတဲ့ အတွေးက အရမ်းစိတ်ပင်ပန်းတယ်။ စိတ်ထဲကနေထုတ်လို့မရဘူး”လို့ဂျူးဂျူးက သူ့ခံစားချက်ကိုပြောပြပါတယ်။
ထိခိုက်မှုကြီးမားတဲ့ဖြစ်စဉ်တွေကိုကြားရပြီးတဲ့နောက်မှာ လူကအရုပ်ကြိုးပျက်ဖြစ်ပြီး ဘာမှဆက်လုပ်ချင်စိတ်မရှိတော့တာ၊ သတင်းတွေလည်းဆက်မရေးချင်တော့သလို လူတွေနဲ့လည်းစကားမပြောချင်တာမျိုးတွေ ခံစားရပါတယ်။
“အဲ့အခါ ဘယ်လိုနည်းနဲ့ဖြေရှင်းလဲဆို ဘယ်သူနဲ့မှမတွေ့ချင်ဘူး။ အားလုံးကိုဆိတ်သုန်းသွားတဲ့ပုံစံနဲ့နေချင်တယ်။ မေ့ပလိုက်ချင်တယ်။ ဒါပေမယ့် ဒီဟာတွေကမေ့လို့မရဘူး။ စိတ်ထဲမှာအမြဲ စွဲကျန်နေတယ်။ မေ့ပစ်ဖို့အတွက် မေ့ယူတာမျိုးရှိပေမယ့် မေ့မသွားဘူး။ စိတ်ကအမြဲညစ်နေတယ်”လို့ ဂျူးဂျူးကပြောပြပါတယ်။
ဒါ့အပြင် အင်တာဗျူး ဖြေဆိုပေးသူတွေရဲ့လုံခြုံရေးအတွက်လည်း စိတ်ပူပန်ရတာမျိုးတွေရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေများလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေ ရှိလာပါတယ်။
ဆေးလိပ်တွေအများကြီးသောက်ဖြစ်တာ၊ ဗိုက်မဆာဘဲအစားတွေအများကြီးစားတာ၊ အစပ်အရသာကိုအများကြီးစားမိတာ၊ အိပ်မပျော်တာ၊ ရင်းနှီးသူတွေနဲ့ရော မရင်းနှီးသူတွေနဲ့ပါမတွေ့ချင်တော့တာ စတာတွေကြုံတွေ့ရပါတယ်။
“စိတ်တွေအရမ်းပင်ပန်းလာရင် ငရုတ်သီးများများ စပ်စေမယ့်အရာတွေစားလိုက်တယ်။ အစပ်စားလိုက်တဲ့အခါ ပါးစပ်ထဲထုံထုံဖြစ်ပြီး ဘာမှပြောလို့မရတဲ့အခြေအနေမျိုးကိုရချင်လို့”လို့ဂျုးဂျူးကပြောပါတယ်။
ဒီလိုရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့်အရာတွေနဲ့ ဖြတ်သန်းနေရတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် တက်လာတာ၊ အစပ်တွေကြောင့် ကျောအောင့်တာ၊ ဆီးကျင်တာ၊ စိတ်ဖိစီးမှုကြောင့် ဓမ္မတာမမှန်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်လာပါတယ်။
ဂျူးဂျူးတယောက် မျက်စိရှေ့မှာ တော်လှန်ရေးလှုပ်ရှားမှုဆောင်ရွက်တဲ့ လူငယ်တစ်စုအဖမ်းခံရတာကို မျက်ဝါးထင်ထင်ကြုံခဲ့ဖူးပါတယ်။
ဒီအခါမှာဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ်တွေအတွက် စိတ်ပူမှုမျိုးဖြစ်ခဲ့သလို ကိုယ်တိုင်ကြုံတွေ့ခဲ့ရင် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
“ သူတို့ကသူတို့လိုချင်တဲ့အဖြေမရမချင်း သူတို့က နည်းမျိူးစုံနဲ့ စစ်ဆေးမှာရိုက်နှက်ကြမှာပဲ ရိုက်နှက်တာက ခံနိုင်တယ် ဒါပေမယ့် ကိုယ့်ကို rape လုပ်မှာလား ကိုယ်ထိလက်ရောက်ကျူးလွန်မလား စတဲ့အတွေးမျိုး ဝင်လာတဲ့အခါ ကျောချမ်းတယ်၊ အဲ့လိုအတွေးမျိူးတွေက အကြိမ်ကြိမ်လူကိုသတ်တယ်၊ “ လို့ဂျူးဂျူးက ပြောပါတယ်။
ဂျူးဂျူးနည်းတူ ပြည်ပမှာအခြေစိုက်ပြီး အမျိုးသမီးသတင်းသမားအဖြစ်ရပ်တည်နေတာကတော့ အသက်(၂၆) နှစ်အရွယ် ရတနာပါ။
စစ်အာဏာမသိမ်းခင်က စီးပွားရေးနဲ့ပတ်သက်တာတွေလုပ်ကိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ လွတ်မြောက်နယ်မြေရောက်ပြီးထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့်သတင်းမီဒီယာသင်တန်းတတ်ပြီးတော့သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အရင်ကတည်းကစာအုပ်ဖတ်ရတာ၊ စာရေးရတာ ကြိုက်နှစ်သက်တဲ့အတွက် ဒီအသက်မွေးဝမ်းကျောင်းအလုပ်ကနှစ်သက်စရာကောင်းခဲ့ပါတယ်။
“အဲ့မှာစပြီး သတင်းသမားတွေရဲ့အကြောင်းကောင်းကောင်းသိလာတယ်။ ကောင်းကောင်းလေ့လာရတယ်။ ကိုယ်တိုင်လည်း ကိုယ့်အနီးနားတဝိုက်မှာ သတင်းဖြစ်နေပြီးတော့ သတင်းဖြစ်လို့ဖြစ်မှန်းမသိတဲ့ အကြောင်းအရာတွေ ပြည်သူတွေသိသင့်တဲ့အချက်အလက်ဆိုတာ မပြောပြနိုင်တာတွေ အများကြီးရှိခဲ့တယ်။ အဲ့ဒါတွေ ပြောပြချင်လာတယ်။ လုပ်ချင်တယ်ဆိုပြီး စပြီးလုပ်ဖြစ်လာတယ်”လို့ သတင်းသမားတစ်ဦး အဖြစ်ရပ်တည်ခဲ့ပုံ အကြောင်း ကိုပြောပြပါတယ်။
၂၀၂၂ ခုနှစ်အောက်တိုဘာလကစတင်ပြီး စစ်ကောင်စီက ပိတ်သိမ်းထားပြီး ပြည်ပမှာအခြေစိုက်တဲ့ မီဒီယာ တစ်ခုမှာဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ တောထဲကနေပဋိပက္ခအခြေအနေ သတင်းတွေတင်ဆက်ရင်း ၂၀၂၄ ခုနှစ်မှာတော့ မဲဆောက်ကိုရောက်ခဲ့ပါတယ်။
မဲဆောက်ကိုရောက်လာတဲ့အခါမှာ အရာအားလုံးက အဆင်ပြေတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ တရားဝင် အထောက်အထားမရှိတဲ့အတွက်စိုးတထိတ်ထိတ်နဲ့မဲဆောက်မှာနေရပါတယ်။ အပြင်ထွက်ရင်ရဲဖမ်းမှာကြောက်ရသလို အိမ်ထဲမှာနေရင်းလည်း လာဝင်ဖမ်းနိုင်တာကိုကြားဖူးထားတော့ မလုံခြုံမှုတွေက အပြည့်ပါပဲ။
ထိုင်းရဲဖမ်းတာလည်းခံခဲ့ရဖူးသလို ရဲစခန်းကိုလည်းရောက်ဖူးတယ်လို့ ရတနာကဆက်ပြောပါတယ်။ ရဲမြင်တာနဲ့ ကြောက်နေပြီးအဲ့လိုကြောက်တဲ့စိတ်ကနေလူတွေကိုကြောက်လာတဲ့အထိဖြစ်လာခဲ့ပါတယ်။ မဲဆောက်ရောက်တဲ့ အစောပိုင်းကာလတွေမှာ စိုးရိမ်စိတ်များပြီးအိပ်မပျော်တာ၊စိတ်ဖိစီးမှုများတာ၊ အာရုံမစိုက်နိုင်တာ၊အလုပ်မလုပ် နိုင်တာ စတဲ့အခြေအနေအထိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
“အိပ်လည်းအိပ်မပျော်ဘူး။ အိမ်ပဲပြန်ချင်တာ အထဲမှာဘယ်လိုပဲ နေရနေရနေမယ်ဆိုပြီးပြန်ချင်တာ”လို့ရတနာက ဖွင့်ဟပါတယ်။
နောက်ပိုင်းတော့ လုပ်စရာရှိတာကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့အားတင်းပြီး လုပ်ကိုင်ခဲ့ပါတယ်။
သတင်းအလုပ်နဲ့ပတ်သက်ပြီးအခက်အခဲကတော့မြန်မာပြည်ကသတင်းတွေကိုဆက်သွယ်ရယူရတဲ့အခါ သတင်းအရင်းမြစ်ရှားတာ၊ ဆက်သွယ်ရတာ ခက်ခဲတာ၊ ဆက်သွယ်ရေးစရိတ်ကြီးတာ စတဲ့ ပြဿနာတွေ ကြုံရပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာအင်တာနက်နဲ့ဖုန်းလိုင်းမရတဲ့အတွက်လည်းဖုန်းခေါ်ဆိုရခက်ခဲတာတွေကြုံ တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့နှစ်လလောက်က ပြည်တွင်းက မိတ်ဆွေသတင်းသမားနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်ကြောင့်လည်း သူတို့နဲ့ဆက်သွယ်ထားတာတွေကို စစ်ကောင်စီဘက်ကတွေ့ရှိသွားပြီး အိမ်ကိုလာရှာတာမျိုးတွေ၊ ဂိတ်တွေမှာ ဓာတ်ပုံနဲ့စစ်ဆေးတာမျိုးတွေလည်းကြုံတွေ့ဖူးတယ်လို့ ရတနာကဆိုပါတယ်။ ရုပ်သံ သတင်းတွေ တည်းဖြတ်ရတဲ့အခါမှာလည်း ရုပ်ပျက်ဆင်းပျက်သေကြေနေတဲ့ရုပ်ပုံတွေတည်းဖြတ်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြုံရပါတယ်။
“တခါတလေကျရင် ရင်တလှပ်လှပ်တုန်လာတာမျိုးတွေဖြစ်လာတယ်။ တခါတလေကျရင် ငိုချလိုက်တာမျိုးတွေအထိ ဖြစ်တယ်။ အိမ်မက်တွေထိမက်တာမျိုးတွေကြုံဖူးတယ်။ အိပ်မက်တွေထဲမှာ အဲ့လိုဓာတ်ပုံတွေကို စိတ်စွဲပြီးတော့ အကုန်အသတ်ခံရတာမျိုးတွေကိုယ့်ဘေးကလူတွေကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ အသတ်ခံရတာမျိုးတွေမက်လာတယ်”လို့ ရတနာကပြောပြပါတယ်။
ညဘက်တွေအိပ်မပျော်တာ၊ စိတ်ဖိစီးမှုကြောင့်အစားအသောက်အလွန်အကျွံစားတာနဲ့ အိပ်ရေးပျက်တာတွေကြောင့် ခန္ဓာကိုယ်အလေးချိန်လည်းတိုးလာပါတယ်။
ပုံမှန်အချိန်ဆိုရင်သည်းခံစိတ်များပေမယ့် ဓမ္မတာလာချိန်မှာတော့ တင်းကြပ်တဲ့စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကြောင့်လူတွေကို သည်းမခံနိုင်တာ၊ အလုပ်မှာအာရုံမစိုက်နိုင်တာ၊ စိတ်တိုလွယ်တာ၊ ရန်လိုတာ စတဲ့ခံစားမှုတွေ ခံစားလာရတယ်လို့ ရတနာကဖွင့်ဟပါတယ်။
“တခါတလေဘယ်လိုဖြစ်လဲဆို သားအိမ်တောင်သွားထုတ်လိုက်ချင်တယ်။ အဲ့လိုဆို ဓမ္မတာမဖြစ်တော့ဘူး ဆိုတဲ့ ပုံစံ တွေးမိတာတွေရှိတယ်”လို့ရတနာကဆိုပါတယ်။
နောက်ပိုင်းမှာတော့စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပေးတဲ့ ဆရာမတစ်ယောက်နဲ့ဆုံပြီး ခံစားချက်တွေကို ရင်ဖွင့် ပြောပြကာစိတ်ဖြေလျော့နိုင်မယ့် နည်းလမ်းတွေရခဲ့ပါတယ်။ အရင်ကဆို အသေအပျောက်သတင်းတွေမရေးချင်တာမျိုးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ရေးပြီးရင်ခေါင်းထဲက လုံးဝထုတ်နိုင်အောင်သုံးလေးရက်လောက်အချိန် ယူပြီးထုတ်ပစ်တာမျိုးလုပ်ဖြစ်ပါတယ်။
ဂျူးဂျူးနဲ့ရတနာနည်းတူစိန်ခေါ်မှုတွေကြား အမျိုးသမီးသတင်းသမားအဖြစ်ရပ်တည်နေသူကတော့ သတင်းသမားလုပ်သက် (၁၀)နှစ်နီးပါးရှိပြီဖြစ်တဲ့ အသက် (၃၁)နှစ်အရွယ် ဆုလာဘ်ဖြူပါ။
ဆုလာဘ်ဖြူဟာ၂၀၁၉ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ အလုပ်သမားထုရဲ့အခြေအနေတွေကိုတင်ဆက်နေတဲ့ Myanmar Labour News သတင်းဌာနရဲ့ ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။
ပြည်တွင်းမှာရှိနေတဲ့ စက်ရုံအလုပ်သမားတွေရဲ့အခြေအနေတွေ၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုတွေ၊ အလုပ်သမား ထုခံစားနေရတဲ့မတရားမှုအခြေအနေတွေ၊ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အကြောင်းအရာတွေ စတာတွေကို လက်ရှိအချိန်ထိ တင်ဆက်နေသူဖြစ်ပါတယ်။
“အလုပ်သမားထုတွေ၊ ပြည်သူတွေရဲ့ ဘဝအခြေအနေကိုသိရှိရတဲ့အတွက် သတင်းထောက်မလုပ်လို့လည်း မဖြစ်ဘူး။ ကျွန်မတို့က မျက်မြင်သက်သေဖြစ်နေတဲ့အတွက် ဒီဟာတွေနဲ့ပတ်သက်ပြီး ရတဲ့နည်းနဲ့လုပ်သွားမယ်” လို့ မဆုလာဘ်ဖြူက သူ့ခံယူချက်ကိုပြောပါတယ်။
အာဏာသိမ်းဖို့ကြိုးပမ်းနေတဲ့ကာလမှာ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် မြေပြင်မှာသတင်းရယူတဲ့အခါ ကင်မရာကိုင်ပြီးသွားလို့မရတာ၊ သတင်းသမားအဖြစ် ပေါ်ပေါ်ထင်ထင်သွားလာလှုပ်ရှားလို့မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ သတင်းသမားအလုပ်ကနေရတဲ့ ငွေကြေးကလည်း ပြည်တွင်းမှာကုန်ဈေးနှုန်းကြီးမှုကြောင့် စားဝတ်နေရေးအတွက် လုံလောက်အောင်မဖြေရှင်းနိုင်ပါဘူး။ သတင်းမှန်ကိုတင်ပြရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ သာလုပ်နေကြတာလို့ မဆုလာဘ်ဖြူကပြောပါတယ်။
အာဏာသိမ်းကာလအစောပိုင်းကနေ လက်ရှိသုံးနှစ်ကျော်ကြာတဲ့အချိန်အထိ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကလည်း စိုးရိမ်စရာအခြေအနေ အပြည့်ပါပဲ။
“ဘယ်အချိန်အဖမ်းခံရမယ်၊ ငါဘယ်အချိန်ဒုက္ခရောက်မလဲဆိုပြီး တွေးပြီးပူနေရတာရှိတယ်။ Psycho တွေ ဖြစ်နေတာ၊ ညဘက်အိပ်မပျော်တာတွေရှိတယ်။ သုံးလေးနှစ်ကြာတဲ့အချိန်မှာတော့ တက်နိုင်သလောက်ကြိုးစားမေ့ပစ်ပြီးတော့ ရှေ့ဆက်နိုင်ဖို့ကြိုးစားနေတယ်”လို့ မဆုလာဘ်ဖြူကပြောပါတယ်။
ဒီကာလမြေပြင်မှာသွားလာရတဲ့အခါစိန်ခေါ်ချက်တွေအပြည့်ပါပဲ။ စစ်ကောင်စီကလူတိုင်းကိုအချိန်မရွေး စစ်ဆေးနိုင်တဲ့အတွက် အချိန်ပြည့်သတိထားရပါတယ်။
“အချိန်မရွေးဖမ်းဆီးထောင်ချခံရနိုင်တယ်။ အချိန်မရွေးသေသွားနိုင်တယ်ဆိုတဲ့အသိနဲ့ ရှင်သန်နေရတာ”လို့ ဆုလာဘ်ဖြူကဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေကြုံတွေ့နေကြရတဲ့ လုယက်ခံရတာ၊ရိုက်နှက်ခံရတာ၊ စစ်မှုထမ်းဖို့ဆွဲခေါ်ခံရနိုင်တာ စတဲ့ အကြပ်အတည်းတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ သတင်းတင်ဆက်နိုင်ဖို့အတွက် ဆက်သွယ်ရာမှာလည်း အလုပ်သမားထုတွေအနေနဲ့ဖြေကြားဖို့ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် အလွယ်တကူတင်ဆက်လို့မရပါဘူး။
“ချက်ချင်းသိ၊ ချက်ချင်းမေးလို့ရတဲ့ပုံစံမဟုတ်တော့ဘဲနဲ့ ဖြေကြားသူတွေနဲ့ ယုံကြည်မှုနှစ်ကာလကြာရှည် တည်ဆောက်ပြီးတော့မှ မြေပြင်မှာနေတဲ့သူအချင်းချင်းနားလည်မှုယူပြီးတော့ အလုပ်လုပ်ရတာ” လို့ မဆုလာဘ်ဖြူကရှင်းပြပါတယ်။
ပြည်တွင်းမှာနေထိုင်တာဖြစ်တဲ့အတွက် လျှပ်စစ်မီး မလုံလောက်မှု၊ VPN ပြဿနာ၊ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ရေကြီးတာ စတဲ့အခြေအနေတွေကလည်း သတင်းသမားတွေကို အလွတ်မပေးပါဘူး။ သွားရေးလာရေး အခက်အခဲတွေ လုံခြုံရေးအတွက် နေရာမကြာခဏပြောင်းရတာတွေ၊ ဧည့်စာရင်းကိစ္စတွေ၊ စစ်မှုထမ်း၊ သန်းခေါင် စာရင်းကောက်တာ စတဲ့အခြေအနေတွေကလည်း စိတ်ဖိစီးစရာအခြေအနေတွေလို့ ဆိုပါတယ်။
သူကိုယ်တိုင်လည်း ဒီအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အထိ ရပ်တည်နိုင်ခဲ့တာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းမှုအစောပိုင်းမှာ ကိုယ်တိုင်သပိတ်တွေလိုက်တဲ့အခါ လူထုသပိတ်တွေမှာ စစ်တပ်ကပစ်သတ်တာတွေ၊သေကြေတာတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။
အဲ့အချိန်တုန်းကဆိုရင်သတင်းတပုဒ်ရေးပြီးရင်အခန်းထဲမှာ ပိတ်ပြီးထိုင်ငိုနေရတာမျိုးတွေ၊ ညအိပ်မပျော်တာတွေ အများကြီးဖြစ်ခဲ့ပါတယ်။
“သတင်းသမားတယောက်အနေနဲ့ အခုချိန်မှာလူသေတယ်လို့ပြောလိုက်ရင် မထူးဆန်းတော့ဘူး။ လူသေအလောင်းတွေတွေ့ရင် စိတ်ထဲမှာထုံပြီးတော့ ဘယ်လိုမှမခံစားရဘူး။ ထုံထုံကြီးဖြစ်သွားတာ အဲ့လို ခံစားချက်တွေဖြစ်သွားတယ်”လို့ ဆုလာဘ်ဖြူကဆိုပါတယ်။
အမျိုးသမီးဖြစ်တဲ့အတွက် မြေပြင်မှာသွားလာရတဲ့အခါ လုံခြုံရေးအရလည်းအခက်အခဲရှိပါတယ်။ တချို့အခြေ အနေမှာ အငှားယာဉ်ငှားစီးရတဲ့အတွက် ကုန်ကျစရိတ်ပိုကုန်တာမျိုးလည်းရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာမှာလည်း အားငယ်တာ၊ စိတ်ကျတာမျိုးခဏခဏဖြစ်တယ်လို့ သူကဆိုပါတယ်။ ကိုယ်တိုင်လည်း ကိုယ်ဝန်ရှိခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် ကိုယ်ဝန်ပျက်ကျတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
“ရာသီလာတဲ့အချိန်မျိုးဆို အလုပ်ကနေရပ်ပြီးတော့ စိတ်ကိုလျော့ပြီး နေရတဲ့အခြေအနေမျိုးတွေ၊ ရာသီဥတုရဲ့ရိုက်ခက်မှုကလည်းပြင်း ရာသီဥတုကြားမှာလည်း မသေအောင်ရုန်းကန်နေရတဲ့အခြေအနေမျိုး၊ ဒီကာလကြီးမှာကိုယ်ဝန်ကရလာတော့စိတ်ဖိစီးမှု သပိတ်တွေထွက်သွားလာလှုပ်ရှားရင်းကိုယ်ဝန်ပျက်ကျခဲ့တာ”လို့သူက ပြောပါတယ်။
သူတို့သတင်းဌာနမှာလုပ်ကိုင်နေတဲ့ အမျိုးသမီးသတင်းသမားတွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် နေ့စဉ်အလုပ်မလုပ်နိုင်ဘဲ အလှည့်ကျပုံစံနဲ့ လုပ်ကိုင်နေကြပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒီအလုပ်တခုထဲအပေါ် မှီခိုလို့မရဘဲ တခြားဝင်ငွေရတဲ့အလုပ်တွေလုပ်ကိုင်ကြရပါတယ်။ အခက်အခဲတွေကြားကပဲ အမျိုးသမီးအချင်းချင်း အားပေးရင်းနဲ့ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ရှေ့ကိုကြိုးစားပြီး ချီတက်နေတယ်လို့ ဆုလာဘ်ဖြူကဆိုပါတယ်။
အာဏာသိမ်းကာလကလည်း သုံးနှစ်ကျော်လေးနှစ်ကိုရောက်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကျော်လွှားနိုင်ဖို့တရားထိုင်တဲ့နည်းလမ်းတွေ၊ စာဖတ်တဲ့လည်းလမ်းတွေ၊ positive thinking တွေတွေးပြီးရှေ့ဆက်နေပါတယ်။
အမျိုးသမီးသတင်းသမားတွေအနေနဲ့ စိတ်မကောင်းစရာ၊ စိတ်ဖိစီးစရာသတင်းတွေ ဒုက္ခရောက်ကြတဲ့ သူတွေရဲ့ဇာတ်လမ်း၊ ဇာတ်ကြောင်းတွေ ရာသီဥတုဘေးအန္တရာယ်အကြောင်းတွေ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အကြောင်းတွေ၊တိုက်ပွဲသတင်းတွေ စစ်ပွဲသတင်းတွေ၊ ပျက်စီးမှုတွေကို သတင်းရယူတင်ဆက်ရတဲ့အတွက်ကြောင့်စိတ်ဖိစီးမှု၊ စိတ်တင်းကြပ်မှုတွေဖြစ်စေတယ်လို့ CETA Mental Health Counselor က Trainer (သင်တန်းဆရာ)တစ်ဦးဖြစ်တဲ့ ချယ်ရီစိုးမြင့် ကပြောပါတယ်။
မချယ်ရီစိုးမြင့်ဟာစိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့သင်တန်းပေးတာ၊ နှစ်သိမ့်ဆွေးနွေးသူတွေကို မွေးထုတ်တဲ့သင်တန်းပေးတာတွေဆောင်ရွက်နေပါတယ်။
Johns Hopkins တက္ကသိုလ်ကဖြန့်ဝေထားတဲ့ CETA ကုထုံးကို အသုံးပြုပြီး လူတွေမှာဖြစ်တတ်တဲ့ စိတ်ဒဏ်ရာ စိတ်တတ်ကြွမှုစိုးရိမ်ပူပန်မှု၊ အရက်နဲ့မူးယစ်ဆေးဝါးအလွဲသုံးမှု စိတ်ဖိစီးမှုစိတ်နဲ့ဆက်နွယ်တဲ့စိတ်ကျန်းမာရေးကုသမှုတွေကို အဓိကလုပ်ဆောင်ပေးနေပါတယ်။
သတင်းထောက်တွေအနေနဲ့ကိုယ်တိုင်လည်းအကြမ်းဖက်ခံရတာ၊ ဖမ်းဆီးအကျဉ်းချခံရတာ၊ လုပ်ငန်းခွင်အတွင်း မရေရာတဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက် ပိုပြီးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေဖြစ်နိုင်တယ်လို့ မချယ်ရီစိုးမြင့်ကဆိုပါတယ်။
လူအသေအပျောက်ကိစ္စတွေ စစ်ပွဲတွေအကြောင်း ဒီလိုသတင်းတွေနဲ့နေ့စဉ်ထိတွေ့နေရတဲ့အခါ ဒီအခြေအနေတွေက သတင်းထောက်တွေကို anxiety (စိုးရိမ်စိတ်)၊ depression (စိတ်ကျခြင်း)၊ Helpless လို့ခေါ်တဲ့ အကူအညီမဲ့တယ်လို့ခံစားရစေတာ၊ အိပ်မပျော်တာ၊ စိတ်ဖိစီးတာစတာတွေကိုခံစားရနိုင်ပြီး အမျိုးသမီးသတင်းထောက်တွေကတော့ ပိုခံစားရနိုင်တယ်လို့ သုံးသပ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် စိတ်တိုလွယ်လာတာမျိုးတွေ၊ အစာခြေတဲ့ပြသနာမျိုးတွေပိုပြီးများလာနိုင်သလို၊ နာတာရှည် ခေါင်းကိုက်တာ၊ နာတာရှည်ပင်ပန်းနွမ်းနယ်တာ၊ အမျိုးသမီးတွေမှာ ဓမ္မတာလာတဲ့ဖြစ်စဉ်ကို ထိခိုက်တာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ ထောက်ပြပါတယ်။
“ကိုယ်တိုင်ကတော့ ဒီပဋိပက္ခထဲမှာ တိုက်ရိုက်ပါဝင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီသတင်းတွေရယူရာမှတစ်ဆင့် အကြမ်းဖက်မှုအကြောင်းတွေကို အသေးစိတ်အချက်အလက်ရယူတာကတစ်ဆင့် အဲ့လိုလက္ခဏာတွေကိုခံစားရနိုင်တယ်”လို့မချယ်ရီစိုးမြင့်ကဆိုပါတယ်။
Post-traumatic stress disorder (PTSD) လို့ခေါ်တဲ့ စိတ်တုန်လှုပ်ခြောက်ခြားစရာအဖြစ်အပျက်တစ်ခုကို ခံစားရတာ ဒါမှမဟုတ် ကိုယ့်ရဲ့မျက်စိရှေ့မှာဖြစ်တာကိုမြင်လိုက်ရတဲ့အခါ လူတွေမှာပြင်းထန်တဲ့စိတ်ဖိစီးမှု အခြေအနေဖြစ်လာပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ထပ်ခါထပ်ခါပြန်မြင်ယောင်တာတွေ အိပ်မက်ဆိုးမက်တာတွေ၊ ပြင်းထန်တဲ့စိုးရိမ်စိတ်၊ ဒါမျိုးတွေထပ်ဖြစ်ဦးမှာလား စသဖြင့်တွေးတောတာမျိုးတွေ အတွေးတွေများတာတွေဖြစ်နိုင်ပါတယ်။
Generalized anxiety disorder လို့ခေါ်တဲ့ကြီးမားတဲ့ စိုးရိမ်ပူန်မှုဖြစ်တာမျိုး၊ အကြမ်းဖက်တဲ့သတင်းတွေနဲ့ အမြဲတမ်းထိတွေ့နေတယ်ဆိုရင် စိုးရိမ်ပူပန်မှုပိုတိုးလာတာ၊ ကြောက်ရွံ့မှုပိုတိုးလာတာ၊ ကိုယ်တိုင်လုံခြုံမှုမရှိဘူးလို့ ခံစားရတာတစ်ခုခုကိုစိုးရိမ်ပူပန်မှုဖြစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Depression လို့ခေါ်တဲ့စိတ်ဓာတ်ကျတာ၊ကိုယ့်မှာ ဘာမှမရှိတော့ဘူးလို့ခံစားရတာမျိုး မျှော်လင့်ချက်မဲ့တာစိတ် ပျက်အားငယ်တာ၊ရှေ့အနာဂတ်အတွက်ရှေ့မဆက်ချင်တော့တာ၊ အိပ်မပျော်တာအိပ်မက်ဆိုးမက်တာအစား အသောက်ပုံမမှန်ဖြစ်တာမျိုး၊ ပိုပြီးတော့စားတာ ဒါမှမဟုတ် အစားစားချင်စိတ်မရှိတာ အစားစားမဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
Vicarious trauma လို့ခေါ်တဲ့ကူးစက်တဲ့စိတ်ဒဏ်ရာမှာ ကိုယ်တိုင်ကတော့ ခံရတာမဟုတ်ပေမယ့် အသေးစိတ် အချက်အလက်တွေကို ရယူရတဲ့အခါ ခံရတဲ့သူဖြစ်သလိုမျိုးကိုယ့်မှာလာပြီး ခံစားရတာမျိုးတွေလည်းရှိပါတယ်။
“ဒါကဖြစ်နိုင်ချေရှိတဲ့ လက္ခဏာကိုပြောတာပေါ့။ သူတို့မှာဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်ချင်တာတော့မဟုတ်ပေမယ့် ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာမျိုးတွေကတော့ အဲ့ဒီလက္ခဏာမျိုးတွေတွေ့ရလေ့ရှိတယ်”လို့ မချယ်ရီစိုးမြင့်က ရှင်း ပြပါတယ်။
အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေဟာ သတင်းသမားတစ်ဦးအနေနဲ့ ပဋိပက္ခဖြစ်စဉ်ထဲ ဘယ်လောက်အထိပါဝင်နေလဲ၊ ဖြစ်ရပ်ဆိုးတွေနဲ့ ဘယ်လောက်အထိထိတွေ့မှု level ရှိသလဲ၊ စစ်ပွဲ သတင်းတွေကို ဘယ်လောက်အထိ သတင်းရယူရသလဲ စတာတွေအပေါ်မှာမူတည်သလို သူကိုယ်တိုင်ရဲ့ စိတ်ဖိစီးမှုကို ဘယ်လောက်အထိ ကောင်းကောင်းဖြေလျော့နေနိုင်သလဲ၊ ဘယ်လောက်အထိ ဖြေရှင်းနေသလဲဆိုတဲ့ အပေါ် မူတည်ပြီးတော့ သက်ရောက်မှုက တစ်ယောက်နဲ့တစ်ယောက်ကွာနိုင်ပါတယ်လို့ မချယ်ရီစိုးမြင့်က သုံး သပ်ပါတယ်။
ဒီအခက်အခဲတွေကိုကျော်လွှားဖို့အတွက် အမျိုးသမီးတွေအနေနဲ့ လမ်းညွှန်မှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်စေ သူငယ်ချင်းတွေဖြစ်စေ ပါဝင်တဲ့ supportive network တစ်ခုထားတာ၊ ကျန်းမာတဲ့အစားအသောက်တွေစားပြီး အိပ်ချိန်လုံလုံလောက်လောက်အိပ်တာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ဝါသနာပါရာသီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဘာသာရေးလုပ်တာ စတာတွေလုပ်ရင်း ကိုယ့်ကိုကိုယ် ဂရုစိုက်တာ၊ အလုပ်ချိန်နဲ့ Personal (ကိုယ်ပိုင်)အချိန်သတ်သတ်မှတ်မှတ်စီမံတာတွေပြုလုပ်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ခံနိုင်ရည်အားကိုမြင့်တင်ဖို့ ဘာသာရေးအရ ကိုယ့်ရဲ့ယုံကြည်ရာကိုလုပ်တာမျိုး တရားထိုင်တာမျိုး ယောဂဆော့တာမျိုးစိတ်အာရုံစုစည်းလို့ရတဲ့ လေ့ကျင့်ခန်းတခုခုကို အမြဲမပျက်လေ့ကျင့်တာမျိုး ဒါတွေကလည်း အထောက်အပံ့ဖြစ်စေတယ်လို့ဆိုပါတယ်။
“နောက်တစ်ခုကကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ကိုယ်ဘာကိုလုပ်နေတာလဲဆိုတာပြန်ကြည့်ဖို့ပေါ့ ဥပမာ-သတင်းသမားတွေကဘာကြောင့်တည်ရှိနေရတာလဲ၊ သူတို့သည် လူတွေရဲ့ဒုက္ခတွေ ရုန်းကန်နေရမှုတွေကို တခြားသူတွေသိအောင်လို့ဝေမျှပေးဖို့ရှိနေတယ်။ အမှန်တရားကိုဖော်ထုတ်ပေးဖို့အတွက်ရှိနေတယ်။ သူတို့သည်အမှောင်ထဲမှာရှိနေတဲ့သူတွေရဲ့အကြောင်းကို ဖော်ထုတ်ပေးဖို့ရှိနေတယ် စသဖြင့် သူတို့ဘာကြောင့်ရှိနေတာလဲဆိုတဲ့ ဖြစ်တည်မှုရပ်တည်မှုကိုအမြဲတမ်းကိုယ့်ကိုကိုယ် remind(သတိပေး)နေဖို့အရေးကြီးတယ်။ ငါဘာကြောင့် ဒီအလုပ် ကိုလုပ်တာလဲ၊ ဒီအလုပ်ဟာ ဘာကြောင့်ငါ့အတွက်အရေးကြီးလဲ ဒီအလုပ်က ဘယ်လောက် လူမှုအသိုင်းအဝိုင်း အတွက်အရေးကြီးလဲ ဘယ်လောက်နိုင်ငံအတွက်အရေးကြီးလဲအဲ့ဟာကိုအမြဲတမ်း remind လုပ်နိုင်တယ်ဆိုရင် self-esteem လည်းတိုးလာမှာဖြစ်သလိုကျွန်မတို့စိတ်ကျန်းမာရေး resilience အပိုင်းကိုလည်းမြှင့်တင်ပေး နိုင်တယ်”လို့မချယ်ရီစိုးမြင့်ကပြောပါတယ်။
ဒါ့အပြင်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကူအညီရယူတာမျိုးတွေလည်း ဆောင်ရွက်ဖို့အကြံပြုထားပါတယ်။ အခက်အခဲစိန်ခေါ်မှုတွေရှိနေပေမယ့်လည်း အမျိုးသမီးသတင်းသမားတွေဟာအမှန်တရားအတွက် ဆက်လက်ရပ်တည်မယ်လို့ဆုံးဖြတ်ထားကြပါတယ်။
“ဒီဟာတွေကိုကျော်လွှားဖို့အတွက်က စစ်အာဏာရှင်စနစ်ရှိနေလို့ ဒီလိုမျိုးအခြေအနေတွေဖြစ်နေတာ၊ ဒီဟာကြီးကိုကျော်လွှားဖို့လိုတယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီးလုပ်ဆောင်ရတာပေါ့”လို့ ဆုလာဘ်ဖြူကဆိုပါတယ်။