Home ဆောင်းပါး Q စင်တာရောက် အမျိုးသမီးတွေ လုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်ကြီးက ပေးတဲ့ သင်ခန်းစာ

Q စင်တာရောက် အမျိုးသမီးတွေ လုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်ကြီးက ပေးတဲ့ သင်ခန်းစာ

ကြည်ဖြူ။ ။

“အစ်မ သူများနိုင်ငံမှာ အလုပ်သွားလုပ်တာ ဒီလိုမျိုးမကြုံဖူးဘူး။ ကိုယ်ရဲ့ အမိနိုင်ငံကို ပြန်လာတဲ့ အချိန်ကျမှ ဒီလိုမျိုး အစော်ကား ခံရတာကို အရမ်းဝမ်းနည်းတယ်။ စိတ်ဆင်းရဲရတယ်။ စိတ်ဒုက္ခရောက်ရတယ်” လို့ ပအိုဝ်းဘာသာစကားနဲ့ နန်းဖြူကပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် သူမဟာ ထိုင်းနိုင်ငံမှာ ၇ နှစ်ကြာ အလုပ်သွားလုပ်နေခဲ့ရာက မိသားစုနဲ့ပြန်စုံစည်းဖို့ ပြီးခဲ့တဲ့လ အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းက သူ့နေအိမ်ဆီ ပြန်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ပြည်ပက ပြန်လာသူတွေဟာ အိမ်တန်းမပြန်ရသေးဘဲ Quarantine ဝင်ရမယ်ဆိုတာကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီး တက္ကသိုလ်ဝင်းရှိ Quarantine စင်တာကို နိုဝင်ဘာ ၂၉ မှာ သူမရောက်ခဲ့ပါတယ်။

အဲ့ဒီနေ့မှာဘဲ သူမဟာဓားထောက် အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီကနေ အဆင့်ဆင့်ကား စီးခဲ့ပြီးနောက် အိမ်ပြန်ရောက်ဖို့လက်တကမ်းအလိုမှာ သူမဘဝအတွက် ခြောက်ခြားစရာအတွေ့အကြုံနဲ့ ဖြစ်ခဲ့တာပါ။

ဒီဆောင်းပါးမှာတော့ နစ်နာသူအမျိုးသမီးကို ကာကွယ်တဲ့အနေနဲ့ အမည်အရင်းမသုံးဘဲ နန်းဖြူဆိုတဲ့အမည်လွှဲ နဲ့ဖော်ပြမှာဖြစ်ပါတယ်။ နန်းဖြူဟာ ပအိုဝ်းတိုင်းရင်းသူဖြစ်ပြီး ဗမာစကားကို အနည်းငယ်သာ ပြောတတ်သူလဲ ဖြစ်ပါတယ်။ Quarantine စင်တာမှာ အဲ့ဒီညက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက သတင်းထောက်တချို့ကို သူမကပြောပါခဲ့ပါတယ်။

နန်းဖြူနဲ့ သူ့အစ်မတို့ဟာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး တက္ကသိုလ် နန်းဝတီ အမျိုးသမီးအဆောင် Quarantine စင်တာ မှာ Quarantine ဝင်ဖို့ သွားခဲ့ပါတယ်။

Quarantine စင်တာရှေ့တွင် အထုတ်တွေနဲ့ ရောက်လာသော နန်းဖြူတို့ နာမည်စာရင်းသွင်းပြီးချိန် ထိုအဆောင်တွင် တာဝန်ကျနေသော မီးသတ်အဖွဲ့ တစ်ယောက်က ပစ္စည်းတွေကို အခန်းထိ လိုက်ပို့ပေးတယ်လို့ နန်းဖြူကဆိုပါတယ်။ စင်တာက နှစ်ထပ်တိုက်ဖြစ်ပြီး တစ်ခန်းကို တစ်ဦးနှုန်းဖြင့် ထားကာ အစ်မနဲ့ အခန်းကပ်ရပ်ဖြစ်သည်ဟုလည်း ဆိုပါတယ်။

Quaratine စင်တာတွင် ထမင်းကျွေးတာဝန်နှင့် အစောင့်တွေသာမက နာမည်စာရင်းသွင်းသော နေရာတွင်လည်း တော်တော်များများက တူညီဝတ်စုံ ဝတ်ထားသော အမျိုးသားတွေသာ ဖြစ်ပြီး အမျိုးသမီးဆိုသည်မှာ မနက်ပိုင်းတွင် အပူချိန် လာတိုင်ပေးသော ဆရာမများသာရှိတယ် ဟုလည်းဆိုပါတယ်။

နန်းဖြူက ညနေစာ ထမင်းစားပြီး ၁၅ မိနစ်ခန့်အကြာတွင် ခြေလက်ဆေးပြီး ည ၇ နာရီခန့်တွင် ဘုရားရှိခိုးနေခဲ့သည်။ ထိုအချိန်တွင် အခန်းတခါးက တဖြည်းဖြည်းပွင့်လာခဲ့သည်ဟု နန်းဖြူကဆိုသည်။ ဘုရားဝတ်မပြုခင် အခန်းတခါးကို ပိတ်ရန်ကြိုးစားခဲ့သော်လည်း အခန်းတံခါးက လော့မကောင်းသောကြောင့် လော့ချလို့မရခဲ့ဟုလည်း နန်းဖြူကဆိုသည်။

သူမရဲ့ စိတ်ထဲတွင် Quarantine စင်တာ ဖြစ်သောကြောင့် လုံခြုံရေး အလုပ်သမားဖြစ်ပြီး တစ်ခုခုလိုအပ်လို့ လာရှာတာဖြစ်နိုင်သည်ဟု ထင်ခဲ့ကြောင်းလည်းဆိုသည်။ သို့ပေမယ့် ထင်ထားတဲ့အတိုင်း မဟုတ်ခဲ့ပါ။

နောက်လှည့်ကြည့်လိုက်တဲ့ အချိန်နဲ့တပြိုင်နက် ဂျင်းဘောင်းဘီအမဲ၊ ဂျင်းအင်္ကျီအမဲ မျက်လုံးအောက်ကနေစပြီး ခြေဖဝါးအထိ ခန္ဒာကိုယ်တစ်ခုလုံး အမဲရောင် ဝတ်ဆင်ထားသော အသက် ၂၀ အရွယ်ရှိသော အမျိုးသားတစ်ဦးသည် သူမ၏ လည်ပင်းကို ညစ်ထားပြီး ဓားနဲ့လည်း ထောက်ထားသောကြောင်း ရုန်းလို့ မရခဲ့ချေ။

“ဓားထုတ်ပြီး အစ်မ ခန္ဓာကိုယ်ပေါ်ကို ခုန်တက်ဖိထားလိုက်တယ်”

“အသက်ဘေးလွတ်ရင်ပြီးရောဆိုပြီး အများကြီးတွေးမိတယ်။ သူစော်ကားပြီးသွားရင်အစ်မကို သတ်သွားမှာလား လို့လည်း တွေးမိတယ်။ အစ်မလည်း ငါ့မှာ ကိုယ်ဝန်ရှိနေတယ်။ ငါ့ကို မစော်ကားနဲ့ ပိုက်ဆံလိုချင်ရင် ယူသွားလို့ ပြောလိုက်တယ်” ဟုနန်းဖြူကဆိုသည်။

သို့သော် လူစိမ်းက “ပိုက်ဆံမလိုချင်ဘူး” ဟု ဆိုကာ သူမကို မုဒိမ်းပြုကျင့်ခဲ့ကြောင်းလည်း နန်းဖြူကဆိုသည်။

ထိုအချိန်တွင် တံခါးခေါက်သံတစ်ခု ရုတ်တရက်ထွက်လာခဲ့သည်။ တံခါးခေါက်သူက ဘေးချင်းကပ်အခန်းက သူမအမဖြစ်မည်မှန်း နန်းဖြူရိပ်မိခဲ့သည်။ သို့သော် အစ်မကိုပါ တစ်ခုခုလုပ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ဓားသမားရှိမှန်း မအော်ရဲခဲ့။

“အသံချိုချိုသာသာနဲ့… ပိုက်ဆံလိုချင်ရင် ယူသွား။ ပြီးရင် သွားတော့ ဆိုပြီး ပြောလိုက်တယ်။ ကျမ ပိုက်ဆံကို သုံးသောင်းလောက် ယူသွားသေးတယ်”

“အစ်မသာ တံခါးလာမခေါက်သေးဘူးဆိုရင် သူမသွားသေးဘူး” ဟုလည်း ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။

ထိုအမျိုးသားထွက်ပြေးသွားသည်နှင့် နန်းဖြူက စင်တာမှာ တာဝန်ကျနေသူများကို အကူအညီတောင်းရန် လိုက်ရှာခဲ့သည်။ ရုတ်တရက်ရှာမတွေ့ခဲ့။

“သူထွက်ပြေးတာနဲ့အစ်မတို့က သူများကို ဖုန်းတွေလိုက်ဆက် ယောင်္ကျားလေးကို ခေါပြီး အကူညီတောင်းတဲ့အချိန်မှာ ယောင်္ကျားလေး တစ်ယောက်မှ မရှိဘူး။ ဟိုကထွက်ပြေးတာ ဘယ်တွေကို ရောက်လို ရောက်မှန်းမသိတော့တဲ့ အချိန်ထိ မရောက်လာကြသေးဘူး ”ဟု နန်းဖြူက ဆိုပါတယ်။

Photo: Kyi Phyu (HI)

ဓားသမားရာဂမုဆိုး ထွက်ပြေးပြီး မိနစ် ၂၀ ခန့်အကြာတွင် လူအများရောက်လာခဲ့သည်ဟု နန်းဖြူကဆိုသည်။

“ ထွက်ပြေးသွားတဲ့ ကောင်ကလည်း ထွက်ပေါက်က ဘယ်လိုဆိုတာ သိ‌တော့ ထွက်ပြေးသွားတာပေါ့။ အစ်မတို့ အမျိုးသမီးတွေခါကျ‌တော့ ဘာမှ မလုပ်နိုင်ပြန်ဘူး။ ၁၀ မိနစ် မိနစ် ၂၀ လောက် ကြာမှ တပည့်တွေရော ဆရာတွေရော ရောက်လာကြတာ”ဟု နန်းဖြူက ဆိုပါတယ်။

ညတွင်းချင်းပင် နန်းဖြူကို အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး ကို ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်ရောဂါ ရှိမရှိစစ်ဆေးခြင်း၊ အရေးပေါ် ကိုယ်ဝန်တားဆေးနှင့် HIV ဆေးများတိုက်ခဲ့သည်ဟု နန်းဖြူကဆိုသည်။

ထို့နောက် ခွဲစိတ်မှုအချို့ကိုလည်း ပြုလုပ်ခဲ့ရသေးသည်ဟုလည်းဆိုသည်။

ဆေးရုံတက်သည့် အချိန်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆေးရုံတွင် အဝင်အထွက် အကန့်အသတ် ထားရှိသောကြောင့် အဖွဲ့အစည်းများ လာရောက်ကူညီပေးနိုင်ခဲ့ခြင်း မရှိခဲ့သလို ယခုအချိန်အထိ အမှုနှင့် ပတ်သက်ပြီး လိုက်ကူညီပေးနေသည့် အဖွဲ့အစည်းလည်း မရှိသေးဟု နန်းဖြူကဆိုသည်။

“ကျမ အမျိုးသားဘဲ ရှိတယ် သူက ဖြစ်ဖြစ်ချင်းညမှာ ရွာကနေ တက်လာတယ်” ဟုသူမကပြောသည်။

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်း ရှေ့ဆက် ဘဝကို လျှောက်လှမ်းဖို့အတွက် မေ့လို့မရဘူး စိတ်ဆင်းရဲ ရတယ်” သူမရဲ့ အမျိုးသားကလည်း နားလည် လက်ခံပေးတဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်မိသည် ဟုလည်း ဆိုပါတယ်။

အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးကို ၂ ည တက်ခဲ့ရပြီး Quarantine ရက်မပြည့်သေးတဲ့အတွက်ကြောင့် သူမ ကျူးလွန်ခံခဲ့ရသော တောင်ကြီးတက္ကသိုလ်ရှိ နန်းဝတီအမျိုးသမီးအဆောင်မှာပင် အစ်မနဲ့ အတူ တစ်ခန်းတည်း Quarantine ထပ်ဝင်ရသည့်အပြင် နန်းဖြူရဲ့ အမျိုးသားပါ Quarantine ၁၄ ရက် ထပ်ဝင်ရပြန်သည်။

“Quarantine ထပ်မဝင်ချင်တော့ဘူး။ အဲ့နေရာကို မနေချင်ဘူး အိမ်ပြန်မယ်လို့ပြောတယ်။ ပေးမပြန်ဘူး။ မနေချင်ပေမယ့်သူများကို မနိုင်တော့ Q ထပ်ဝင်ရတယ်”ဟု ကာယကံရှင်က ဆိုပါတယ်။

ကျူးလွန်ခံရသော အမျိုးသမီးကို ထို Quarantine စင်တာကို ပြန်ပို့ခြင်းက “လုံးဝမဖြစ်သင့်ဘူး” ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂ မှ ဒါရိုက်တာ နန်းဇင်နွယ်က ဆိုပါတယ်။

“လူတွေ အထင်သေးတာလည်း ခံရတယ်၊ ကျုးလွန်ခံရတဲ့ သူကိုလည်း သွားပြီးတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာထပ်ပေးသလိုမျိုးဖြစ်တယ်” ဟု နန်းဇင်နွယ်က ဆိုပါတယ်။

Quarantine ထပ်ဝင်တဲ့ အချိန်မှာလည်း ရဲတာဝန်ရှိသူတွေက စစ်ဆေးမူတွေ နေ့ရက်တော်တော်များ စစ်ဆေးခဲ့ပါတယ်။

“အစ်မက ဗာမာစကားမပြောတတ်ဘူး။ ရဲစခန်းမှာ ရှိတဲ့ ပအိုဝ်းလူမျိုး ရဲတစ်ယောက်ကို ပေးပြီး ဘာသာပြန်ပေးတယ်” ဟုသူမကဆိုသည်။

ဘာသာပြန်၏ ဘာသာပြန်ဆိုမှုက အခက်အခဲမရှိပေမယ့် အမျိုးသားဖြစ်တဲ့အတွက်ကြောင့် သူမအဖြစ်အပျက်ကို ဖွင့်ပြောရသည်က ခက်ခဲခဲ့ကြောင်းနှင့် အမျိုးသမီးဘာသာပြန်ဆိုပါက ပိုကောင်းသည်ဟုလည်း နန်းဖြူကဆိုသည်။

“ရဲမေနဲ့ ဘာသာပြန်က အစ်မကို စော်ကားခဲ့တဲ့ သူရဲ့ အဝတ်အစား၊ကိုင်ခဲ့တဲ့ဓား၊ သူရဲ့ ဖိနပ်မှာလည်း အစ်မကို စော်ကားတဲ့အချိန်မှာ သွေးတွေထွက်ထားတော့ သွေးတွေပေနေတာကို လာပြတော့ အစ်မက သူကိုင်ခဲ့တဲ့ ဓားတွေကို မှတ်မိတဲ့ အတွက်ကြောင့် သူဘဲလို့ အစ်မ ပြလိုက်တယ်”ဟု နန်းဖြူက ဆိုပါတယ်။

နန်းဖြူကို အဓမ္မပြုကျင့်ခဲ့တာနဲ့ပတ်သက်ပြီး သံသယရှိသူအမျိုးသားတစ်ဦးကို ရဲကဖမ်းဆီးထားပြီး တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ် ရဲအရာရှိတစ်ဦးကို ကိုးကားပြီး ကမ္ဘောဇတိုင်း သတင်းဌာနက ရေးသားပါတယ်။

သို့သော်သံသယရှိသူမှာ မည်သူမည်ဝါဖြစ်ကြောင်းတော့ ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ကြားတာမျိုးမရှိဘဲ အမျိုးသားတစ်ဦးလို့သာဆိုပါတယ်။

“Q စင်တာက မလုံခြုံဘူး။ သူတို့လည်း အချိန်ပြည့် မစောင့်ပေးနိုင်ဘူး အမှန်ဆို ဘယ်ဟာက အရေးကြီးတယ်ဆိုတာကို သိနေတာဘဲလေနော် သွားစောင့်ပေးရင် တခြားအမျိုးသမီးတွေအတွက်လည်း ပိုကောင်းတယ်” ဟုလည်း နန်းဖြူက ဆိုပါတယ်။

နန်းဖြူရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ “အစ်မကို ဒီလိုလုပ်တဲ့ သူကို ထောင်ကျစေချင်တယ်။ နောက်ထပ် ဒီလိုအဖြစ်မျိုးကို ထပ်မလုပ်နိုင်အောင် တခြားအမျိုးသမီးတွေလည်း အစ်မ ခံရသလိုမျိုး ထပ်မကြုံတွေ့ စေချင်ဘူး”ဟုဆိုပါတယ်။

Related Articles