နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ “ပြည်သူ့အိုးအိမ်စည်းစိမ်များအား ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ”ဆိုတဲ့ ကမ်ပိန်းပြုလုပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲကကျေးရွာ (၁၁)ခုမှာ “ပြည်သူ့အိုးအိမ်စည်းစိမ်များအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ”ဆိုတဲ့ ပိုစတာကမ်ပိန်းကို အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။
“တိုက်ပွဲဖြစ်ပွားတဲ့ မြို့ပြနဲ့ ကျေးရွာအများစုက ပြည်သူလူထုရဲ့အသက်အိုးအိမ်မီးရှို့ဖျက်ဆီးခံရသလို ခိုးဆိုးလုယက်သူ များပြားလာလို့ ပြည်သူတွေစစ်ဘေးရှောင်နေချိန်မှာ ပြည်သူတွေရဲ့အိမ်ရှိပစ္စည်းများခိုးယူခံရတာတွေလည်း ရင်ဆိုင်နေရ တယ်။” လို့ IWU အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပိုစတာ ကမ်ပိန်းကို မြန်မာဘာသာ၊ ပအိုဝ်းဘာသာ၊ ရှမ်းဘာသာနဲ့ ရေးသားခဲ့ကြပြီး ပြည်သူနဲ့အတူ အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့ ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် (၁၀၀၉) တပ်ရင်း၊ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU)၊ အင်းလေးဖယ်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ (IFDM)၊ Nyaung Shwe (BOE) ပညာရေးဘုတ်အဖွဲ့နဲ့ Inle Medical Team တို့က ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“အခုက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ကျေးရွာတွေမှာပဲလုပ်ထားတာပါ။ စစ်ကောင်စီ ထိန်းချုပ်တဲ့နေရာ တွေတော့ မပါဘူး။ နိုဝင်ဘာလ ၁၀၊ ၁၁၊ ၁၂ နဲ့ ၁၃ ရက်တွေမှာ လိုက်ကပ်ခဲ့တယ်။”လို့ သူက ပြောပါတယ်။
အင်းလေးအမျိုးသမီးသမဂ္ဂ အဖွဲ့ဟာစစ်အာဏာရှင်အမြစ်ဖြတ်ရေး နဲ့ အင်းလေးအမျိုးသမီးဘဝမြင့်မားရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၂၁ အောက်တိုဘာလ၂၀ရက်မှာအမျိုးသမီးများစုရုံးပြီး အောက်တိုဘာလ ၂၀ ရက်၂၀၂၂ ခုနှစ်မှာ စတင် ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။
Source – ဖက်ဒရယ် FM
ဘန်ကောက်မှာ အီးစီးကရက် ထုတ်အလုပ်ရုံက မြန်မာအမျိုးသမီး ၂၀ကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ အီးစီးကရက် (E-cigarette) ထုတ်လုပ်တဲ့အလုပ်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ၂၂ ဦး နိုဝင်ဘာလ ၁၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အီးစီးကရက်များ တရားမဝင် ထုတ်လုပ်နေကြောင်း သတင်းရသဖြင့် ထိုင်းအာဏာပိုင်တွေက ဝရမ်းနဲ့ ဝင်ရောက်စစ်ဆေးစဉ် အလုပ်ရှင် တရုတ်သူဌေးနဲ့အတူ မြန်မာနိုင်ငံသားတွေပါဖမ်းမိခဲ့တာဖြစ်ပါတယ်။
အလုပ်ရုံအရှေ့မှာ အလှပြင်ဆိုင်ကဲ့သို့ မိတ်ကပ်စတဲ့အလှကုန်ပစ္စည်းတွေကို ပြသထားပေမယ့် ဆိုင်အနောက်မှာ ထိုင်းဥပဒေအရတားမြစ်ထားတဲ့ အီးစီးကရက်တွေထုတ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တရားမဝင်လုပ်ကိုင်မှု၊ ဥပဒေက တားမြစ်ထားတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု၊ တရားမဝင် အလုပ်သမားခန့်ထားမှုစတဲ့အမှုတွေနဲ့ အလုပ်ရှင်ကို အမှုဖွင့်ထားကြောင်း သိရပါတယ်။
အီးစီးကရက်က သာမန်ဆေးလိပ်တွေနဲ့ မတူဘဲ ဘေးထွက်ဆိုးကျိုး ပိုဖြစ်စေသဖြင့် ထိုင်းနိုင်ငံအတွင်း အီးစီးကရက် ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ သုံးစွဲမှု အားလုံးကို တားမြစ်ထားတာဖြစ်ပါတယ်။
Source – Dawei Watch
လေကြောင်း၊ လက်နက်ကြီးနဲ့တိုက်ခိုက်တာကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ဒေသခံ ၇ ဦးဒဏ်ရာရ
တအောင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုင်းငေါ့နဲ့ နောင်ချိုမြို့တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တရက်ထဲ ဒေသခံအမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရသလို နေအိမ် ၁၅ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
အလားတူ ဒုဌဝတီတံတားနဲ့ ကျောက်ဂူလမ်းမှာရှိနေတဲ့ စစ်ကောင်စီက နောင်ချိုမြို့နယ်ဘက်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာတွေရခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ ရှိဖို့၊လူစုလူဝေးမလုပ်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ TNLA က ထပ်မံအသိပေးထားပါတယ်။
Source – Delta News Agency
စစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား ၃၈ ဦး သေဆုံး
စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ လေးလအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃၈ ဦးသေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ်အထိ ရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့စည်းတစ်ခု ဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေကသာ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီကလည်း ဒရုန်းကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်တာတွေ တိုးလုပ်လာတယ်လို့ စစ်ကိုင်းတိုင်း အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ခရီးသွားကား ထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တဲ့အပြင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးပြီး ခရီးသည် ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် ဒီလေးလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား ၅၄၃ ဦးသေဆုံး ပြီး ဒဏ်ရာရသူ ၈၂၇ ဦးထိရှိခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Source – RFA
တိုက်ပွဲဖြစ်နေတဲ့ သပိတ်ကျင်းကို လေတပ်ဗုံးကြဲ၊ ၆ နှစ်သမီးနဲ့ မိခင်ဖြစ်သူ သေဆုံး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် စစ်လေယာဉ် လာရောက် ဗုံးကြဲမှုကြောင့် စစ်ရှောင်ရာမှ အိမ်သို့ ခေတ္တပြန်လာတဲ့ဒေသခံသားအမိ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
“အမျိုးသမီးက ပေါင်လုံးဝပြတ်သွားပြီးတော့ သူ့အသားစတွေက အိမ်နံရံမှာ၊ သွေးတွေလည်း အိုင်ထွန်းလို့ပဲ။ အဲဒီကတည်းက အခြေအနေမကောင်းဘူး။ ဒါပေမဲ့ သူ့သမီးလေးကလည်း ခေါင်းထိပြီး လဲနေတော့ သူ့သမီးလေးဆီကို ပေါင်ပြတ် ကြီးနဲ့ သွေးစက်လက်နဲ့ အရောက်သွားတယ်။”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ရာမှာ ဒဏ်ရာရသွားသူတွေကတော့ ကျောက်ဖြူရွာ ဒေသခံလေးဦးဖြစ်ပါတယ်။ တွင်းငယ်-မိုးမိတ် ကား လမ်းပေါ်မှ ရေညာဦးကျေးရွာက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃)ရဲ့အမြောက်ကုန်း အနီး မှာ တည်ရှိပါတယ်။ တပ်စွဲထားတဲ့အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ရွာသားတွေ တိမ်းရှောင်နေရတာဖြစ်ပါတယ်။
Source – Myanmar Now
နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၇ ဦးသေဆုံး၊
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ နိုဝင်ဘာလ သုံးပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ် သား ၁၇ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ညနေကလည်း နောင်ချိုမြို့နယ် ကုန်းကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ညသန်းခေါင်အချိန်ကလည်း ကံကြီးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတာကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါသေးတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိရှိဖို့၊ လူစုလူဝေးမပြုလုပ်ကြရဖိုနဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လည်း TNLA က သတိပေးထားပါတယ်။
Source – RFA
ဘုရားသုံးဆူမှာ ကလေးငယ်တစ်ဦး အပါဝင် မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ အသက် ၆ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရကြောင်း မြို့ခံတွေမှ သိရပါတယ်။
အသက် ၆၉ နှစ်အရွယ် ဦးရခိုင်၊ အငြိမ်းစားလျှပ်စစ်ဝန်ထမ်း၊ သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူနဲ့ မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် ကလေးငယ်တို့ကို နိုဝင်ဘာလ ၁၉ ရက် ညမှာ လူတစ်စုက ကားနဲ့ ဖမ်းဆီးခေါ် ဆောင်သွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး နောက်နေ့မှာတော့ ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတဲ့ သူတို့သုံးဦးရဲ့ရုပ်အလောင်းကို မြို့အပြင်ဘက် မဲက္ကသာ ကျေးရွာဘက်သွားတဲ့ကားလမ်းဘေးမှာ လမ်းသွားလမ်းလာတို့က တွေ့ရှိခဲ့တာပါ။
ဦးရခိုင်တို့ မိသားစုကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့တာကို မသိရသေးကြောင်း မြို့ခံတွေက ပြောပါတယ်။
ဘုရားသုံးဆူမြို့ဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA က စိုးမိုးထိန်းချုပ်ထားတဲ့အနေအထားရှိပေမယ့်စစ်တပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC)၊ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေ လှုပ်ရှားသွားလာနေတာဖြစ်ပါတယ်။
Source – Dawei Watch
စစ်ကောင်စီက ထွက်မပြေးနိုင်တဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ နှစ်ဆယ်ကျော်ကို ဖမ်းဆီးထား
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာရှိ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းရဲ့ရှေ့တန်းစခန်း နှစ်ခုကို စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ကြောင်းဝင်ရာလမ်းတလျှောက်က အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂၀ ကျော်ကိုဖမ်းဆီးထားတယ်လို့ တပ်ရင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီကျော်မှာ သံပြားကာ ကား ၄ စီး၊ ဖောစ်ကား ၁ စီးနဲ့ အင်အား ၁၅၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းဟာ နိဗ္ဗာန်ဝရွာနဲ့ ရွာနီးကပ်လျက်မှာရှိတဲ့ ရွှေမြင်းတင်တောင်ရှိ ရှေ့တန်းစခန်းကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး စီးနင်းခဲ့တာဖြစ်ပါတယ်။
စစ်တပ်က နိဗ္ဗာန်ဝရွာကိုစစ်ကြောင်းဝင်လာချိန် မုံရွာမြို့နယ်၊ ဗန်စီကျေးရွာသားတွေဖြစ်တဲ့အသက် ၄၀ အရွယ် ကိုငြိမ်း နဲ့ ကို ဝေလင်းသူအပြင် အခြားကျေးရွာကလို့ယူဆရတဲ့ အသက် ၃၀ အရွယ်အမျိုးသမီး တစ်ဦး၊ အသက် ၄၀ ကျော်အမျိုး သား ၁ ဦးကိုရွှေမြင်းတင်တောင်ပေါ်မှာ ဖမ်းဆီးထားပြီး နိဗ္ဗာန်ဝရွာကိုဝင်တဲ့စစ်ကြောင်းကလည်း ကျေးရွာထဲက မပြေးနိုင်တဲ့ အမျိုး သမီး ၁ ဦး၊ အမျိုးသား ၂၀ ခန့်ကို ကျေးရွာဓမ္မာရုံထဲမှာ ဖမ်းဆီးထားပါတယ်။
ဒီစစ်ကြောင်းနှစ်ခုဟာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့လယ်ပိုင်းထိ နိဗ္ဗာန်ဝရွာနဲ့ ရွှေမြင်းတင်တောင်မှာပဲရှိနေပြီး ဖမ်းဆီးထားသူ တွေကိုလည်း ပြန်လွှတ်မပေးသေးဘူးလို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
Source – မြေလတ်အသံ
စစ်ကောင်စီ လက်နက်ကြီးကြောင့် ညောင်လေးပင်ဒေသခံနှစ်ဦးသေဆုံး၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပဲခူးတိုင်း ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်အတွင်း စစ်ကောင်စီက ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ၁၈ နှစ်အောက် မိန်းကလေးငယ် နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုကနိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက မူးမြို့နယ် ရွာကြီးအင်းရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၅၅ နှစ်အရွယ် ဦးပြူးကျော်နဲ့ အသက် ၇၇ နှစ်အရွယ် ဦးဝဲကြည်တို့နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ခလရ-၂၆၄ တပ်က လယ်ဒိုမြို့နယ် တောကြောင်ပေါက်ရွာက စာသင်ကျောင်းကို ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်၁၀နှစ်အရွယ် ကျောင်းသူ နော်ရွှင်စင်ဦးနဲ့ နော်သူမူးအင် နှစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
Source – RFA
ရေစကြိုမှာ စစ်ကြောင်း ဝင်စီးနင်းတာကြောင့် အမျိုးသမီးတွေအပါအဝင် ဒေသခံတွေ ဒဏ်ရာရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ပြီးနောက် မြေပြင်စစ်ကြောင်း နဲ့ သေနတ်ပစ်ဖောက်စီးနင်းလာလို့ အမျိုးသမီးတွေအပါအဝင်ဒေသခံ ၃ ဦးကျည်ထိမှန်ဒဏ်ရာရရှိကာ ရွာခံ ၁၀ ဦးကျော် ဖမ်း ဆီးခံထားရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် မနက် ၅ နာရီလောက်မှာ သဲတောရွာ ဘုန်းကြီးကျောင်းအနီးကို ပေါင် ၃၀၀ ဗုံးသီး ၂ လုံး၊ ရော့ကတ်တွေနဲ့ ၂ ကြိမ်ဗုံးကြဲပစ်ခတ်ပြီးတဲ့နောက် မိနစ်ပိုင်းသာခြားပြီး စစ်အင်အား ၁၅၀ ဝန်းကျင်ဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ ရွာအတွင်း အပြင်ခွဲစီးနင်းခဲ့တာဖြစ်ပါတယ်။
စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သဲတောရွာခံ ဒေါ်သက်နွယ် အသက် ၇၀ နှစ်မှာ လက်မောင်း၊ မနန်းဝေဖြိုး အသက် ၁၄ နှစ်မှာ ပေါင်၊ ဦးကျော်လင်း အသက် ၄၀ နှစ်ဝန်းကျင်မှာ ခြေထောက်တွေကို လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်ကြောင်းမှာ သဲတောရွာဘုန်းကြီးကျောင်းမှာရှိနေပြီး ကျေးရွာအတွင်းကျန်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရရှိထားတဲ့ ဦးကျော်လင်းအပါအဝင် ရွာခံ ၁၀ ဦးကျော်ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။
သဲတောရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းထိုး အထိုင်ချတပ်စွဲနေတဲ့အတွက် သဲတော အပါအဝင် နီးစပ်ရာကျေးရွာတွေဟာ တောတောင်တွေထဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
Source – မြေလတ်အသံ
ကန့်ဘလူမှာ ခရီးသည်တင်ကား ဒရုန်းထိလို့ အမျိုးသမီးတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကမြို့နယ်တောင်ပိုင်း ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတနေရာကို တစ်ကြိမ်၊ နောက်ထပ် တစ်နာရီလောက်အကြာမှာ တစ်ကြိမ်စုစုပေါင်း ဒရုန်းနဲ့ ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ပါတယ်။
ဒရုန်းပေါ်က ကြဲချတဲ့ဗုံးသီးတချို့ဟာ ငွေတိုးမန်းခရီးသည်တင်ကားဘေးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကား ပေါ်ပါလာတဲ့ သံဃာတပါးပျံလွန်ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးသေဆုံးကာ နောက်ထပ် ခရီးသည် ဆယ်ဦး ဒဏ်ရာ ရခဲ့သလို ကားနှစ်စီးလည်းပျက်စီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။
စစ်အုပ်စုကအခုလိုတိုက်ပွဲမရှိ စစ်ရေးလှုပ်ရှားမှုမရှိတဲ့နေရာတွေကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေလုပ်နေတာဟာ ဒေသခံပြည်သူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့တိုက်ခိုက်မှုတွေဖြစ်ပါတယ်။
Source – Delta News Agency
မကွေးမှာ တိုင်းကျန်းမာရေးဒုတိယဦးစီးမှူး အမျိုးသမီးဆရာဝန် ဓားထိုးခံရပြီး သေဆုံး
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကာလသားရောဂါတိုက်ဖျက်ရေးဌာန တိုင်းဒုတိယဦးစီးမှူး ဒေါက်တာမို့မို့စိမ့်ဟာ ဓါးခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါးထိုးခဲ့သူဟာ အသက် ၂၁ နှစ်အရွယ် မောင်ဝေလင်းနိုင်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီလောက်မှာ သူ့မိခင်ကို ဆေး ခန်းပြချိန် ဒေါက်တာဒေါ်မို့မို့စိမ့်နဲ့ စကားများခဲ့ပြီးနောက် နေအိမ်ကို ဓါးပြန်ယူပြီး ထိုးခဲ့တာဖြစ်ပါတယ်။
“သူတို့အိမ်နားကပါ။ အဲ့ကလေးက သူအမေဆေးခန်းသွားပြတာ၊ ပြချိန်မှာ ငွေလေး ၆ ထောင် ကျန်တာပါ၊ လူတောထဲပေါ့ ကလေးကလည်းလူပျိုဆိုတော့ ပိုးစိုးပက်စက်ပြောတော့ ကလေးက ရှက်သွားတာ၊ ငွေလေး ၆ ထောင်နဲ့ အဲ့လိုပြောရမလား ဆိုပြီး ဖြစ်သွားရတာ။” လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီး “စိမ်း” ဆေးခန်းအတွင်းမှာ ဖြစ်ပါတယ်။ ဓါးဒဏ်ရာကြောင့် ဒေါက်တာမို့မို့စိမ့်ရဲ့လည်ပင်းမှာဓားထိုးသွင်းဒဏ်ရာ ၂ ချက်ရခဲ့ပြီး မကွေးဆေးရုံကြီးမှာဆေးကုသနေစဉ် ည ၇ နာရီခွဲမှာ သေဆုံးခဲ့တာပါ။
Source – မြေလတ်အသံ
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024