Home သတင်း ဂုဏ်သိက္ခာအတွက်ရဲတပ်ဖွဲ့ကို တရားပြန်စွဲခြင်းဖြစ်ကြောင်း ကိုအောင်ကြီးဆို

ဂုဏ်သိက္ခာအတွက်ရဲတပ်ဖွဲ့ကို တရားပြန်စွဲခြင်းဖြစ်ကြောင်း ကိုအောင်ကြီးဆို

မိုးမိုး။ ။
လူအများစိတ်ဝင်စားမှု အမြင့်မားဆုံးဖြစ်တဲ့ နာမည်ကျော် ဗစ်တိုးရီးယား အမှုမှာ သံသယတရားခံအဖြစ် နှစ်ကြိမ်တိုင် ဖမ်း ဆီးခံရတဲ့ ကိုအောင်ကြီး(ခ) ကိုအောင်ကျော်မျိုးဟာ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည် တရားစွဲ ဆိုရခြင်းဖြစ်တယ်လို့ ပြောသည်။

တရားလို ကိုအောင်ကြီးက “ကျနော်ဘက်က ဂုဏ်သိက္ခာအတွက်ပေါ့။ ကျနော့်ရဲ့ အရှက်တရား အကုန်လုံးရဲ့ ကျနော့်ရဲ့ သိက္ခာ၊ ကျနော့်ရဲ့ ဘဝ၊ ကျနော့်ရဲ့ မိသားစု အကုန်လုံးခြုံပြီးတော့ ပြန်တရားစွဲတာပါ” လို့ ယနေ့ နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးရှေ့တွင် သတင်းထောက်များကို ပြောသည်။

ထို့သို့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သူ၏ နစ်နာမှုအတွက် တရားပြန်စွဲဆိုရန်အတွက် ဗစ်တိုးရီးယားအမှု ဖြစ်စဉ်တောက်လျောက် တွင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ပျဉ်းမနားမြို့မှတရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်တို့နှင့် တိုင်ပင်၍ တရားပြန် လည် စွဲဆိုခဲ့ခြင်းဖြစ်တယ်လို့ ကိုအောင်ကြီးက ဆိုသည်။

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ၆ လကျော်ကြာ ဖမ်းဆီးခံရပြီး အချုပ်သားဘဝဖြင့် ဒက္ခိဏ ခရိုင်တရားရုံးတွင်တရားရင်ဆိုင်ခဲ့ရသည့် အတွက် ယင်းနစ်နာမှု အတွက် ယခုလ ၈ ရက်နေ့က နစ်နာကြေး အဖြစ် သိန်း ၅၀၀၀ ရလိုကြောင်းတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့စွဲဆိုခဲ့သည့် အဆိုလွှာကို ယနေ့ တရားရုံးက စီစစ်ပြီး လက်ခံခဲ့ကြောင်း၊ လာမည့်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြန်လည် ရုံးချိန်း အနေဖြင့် ပြန်လည် ချိန်းဆိုလိုက်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရား လွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“ဒီနေ့က အဆိုလွှာကို စီစစ်တဲ့နေ့လေ။ အဆိုလွှာကို ပြည့်စုံတယ်လို့ ရုံးက သတ်မှတ်လိုက်တယ်။ ဒါကြောင့်ဒီအဆိုလွှာကို လွှဲပြီးတော့ ငြင်းချက် သမ္မာန်စာ ရဲချုပ်ကို ထုတ်မယ်။ ၁၅.၁.၂၀၂၁ ရက်နေ့မှာ ရဲချုပ်က လာပြီးတော့ သူဖြစ်စေ၊ သူ့ရဲ့ ကိုယ်စားလှယ် ဖြစ်စေ၊ သူ့ရှေ့နေဖြစ်စေလာပြီးတော့ စီစစ်ရမယ်” လို့ ဦးခင်မောင်ဇော်က ရှင်းပြသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကိုအောင်ကြီးကို သံသယ တရားခံအဖြစ် ဖမ်းဆီးထားပြီး စစ်ဆေးမှုများပြုလုပ်ရာတွင် ပြစ်မှု ထင်ရှားခြင်း မရှိသည့် အတွက် ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ အတွင်းက တရားရုံးက တရားရှင်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွှတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း အပြင်မှာနေထိုင်ရခြင်းသည် သိမ်ငယ်စိတ်များဖြစ်ကြောင်း ထို့ကြောင့် မိမိသိက္ခာကို အဖတ်ဆယ်ရန်အတွက် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်ကို အမှုဖွင့်တိုင်ကြားရခြင်း ဖြစ်တယ်လို့ ကိုအောင်ကြီးက ဆိုသည်။

“ဒီအမှု မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက်ပိုင်းမှာ နေရထိုင်ရ သွားရလာရတာတော့ ကိုယ့်သူကိုယ် သိမ်ငယ်မှုဖြစ်တာပေါ့။ အများ ကြီးပါပဲ။ တစ်ခုချင်း လိုက်ပြောရင်တော့ပီးတော့မှာ မဟုတ်တော့ဘူး။ အကုန်ခြုံပြောရင်တော့ ထိခိုက်နစ်နာမှု အများကြီး ကြုံခဲ့ရပါတယ်” လို့ ကိုအောင်ကြီးက ဆိုသည်။

ထိုသို့ရဲတပ်ဖွဲ့သို့ တရားပြန်လည် စွဲဆိုခြင်းမှာ စမ်းသပ်မှုတစ်ခုအနေဖြင့် စွဲဆိုခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာမြောက်တရား ရင်ဆိုင်ခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသည့် အစိုးရ အဖွဲ့ကို ပြည်သူ တစ်ယောက်ချင်း၊ ပြည်သူ တစ်စုချင်း၊ နစ်နာမှု အတွက် တရားစွဲဆိုခြင်း ဖြစ်ကြောင်းဦးခင်မောင်ဇော်က ရှင်းပြသည်။

“စိန်ခေါ်မှုကတော့ရှိမှာပေါ့။ ဒါကတော့ တကယ့် အင်စတီးကျူးရှင်းကြီးတစ်ခု၊ အင်စတီကျူးရှင်းမှာလည်းပဲ သိပ်ပြီးတော့ လူတွေကို ပွင့်ပွင့်လင်းလင်းပြောရရင် ခန့်ညားကြောက်ရွံ့ရတဲ့ အဖွဲ့အစည်းကြီးပေါ့ဗျာ။ အဲ့ဒါကို တရားစွဲတော့ စိန်ခေါ်မှု တော့ ရှိတာပေါ့ဗျာ” ဟု ဦးခင်မောင်ဇော်က ဆိုသည်။

ထိုသို့ စွဲဆိုထားသည့်တရားမ အမှုအမှတ်မှာ ၃၁၂/ ၂၀၀ အဖြစ်သတ်မှတ်ခြင်း ခံထားရသည့် အမှုဖြစ်ပြီး တရားရုံးမှ စီစစ်နေဆဲ အမှုဖြစ်သည့်အတွက် တရားသူကြီးကို ကျော်လွန်၍ အမှုမှာ မည်သို့ ဖြစ်နိုင်သည်ကို လမ်းကြောင်းပေး၍ ပြောခွင့် မရှိကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

လာမည့် ၁၅ ရက်နေ့တွင် တရားပြိုင်ဘက်မှ လိုအပ်သည့် စာရွက်စာတမ်းများယူ၍ အဖြေလွှာကို တခါထဲ ထုချေမလား သို့မဟုတ် အဖြေလွှာတင်မည်လားဆိုသည်ကို မည်သို့ ဆောင်ရွက်မည်ကို တတ်အပ်မပြောနိုင်သေးကြောင်းနှင့် ယခု ခေတ်နောက်ပိုင်းတွင် တရာမများတွင် တရားပြိုင်ညှိနှိုင်း အရာရှိများ ရှိကြောင်း၊ ထိုသူတို့ ညှိနှိုင်းပေးပါက အဆင်ပြေသွား ပါက တရားရုံးသို့ ထပ်တပ်စရာမလိုဘဲ နှစ်ဖက်စလုံးနှင့် ညှိနှိုင်း၍ မရမှသာလျင် တရားရုံးကို ပြန်ရောက်ကြောင်း တရားဥပဒေ လမ်းကြောင်း သဘောတရားကို ရှေ့နေ ဦးခင်မောင်ဇော်က ရှင်းပြသည်။

၂၀၁၉ မေလ ၁၇ ရက်နေ့က နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတွင်တက်နေသည့် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရမှုကြောင့် မိခင်ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့သည့် ဗစ်တိုးရီးယား အမှုမှာ လက်သည်တရားခံမဖော်ထုတ်နိုင်ဘဲဖြစ်နေသည်မှာ ၁ နှစ်ကျော် ကြာပြီ ဖြစ်သည်။

Related Articles