Home သတင်း သူမရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုအပေါ် နှောက်ယှက်စော်ကားမှုကို လက်မခံကြောင်း အဆိုတော် Mary ပြောဆို

သူမရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုအပေါ် နှောက်ယှက်စော်ကားမှုကို လက်မခံကြောင်း အဆိုတော် Mary ပြောဆို

ဇူလိုင် ၈ ရက် ၂၀၂၀ ခုနှစ်။ မိုးမိုး ။

အဆိုတော် Mary ဟာ အွန်လိုင်းပေါ်ကတဆင့် အမျိုးသားအချို့မဖွယ်မရာ စကားလုံးတွေနဲ့ ကာယိအိန္ဒြေနှောက်ယှက်ခံရတဲ့အပေါ် ဘယ်လိုအရေးယူရမလဲဆိုပြီး ပြီးခဲ့တဲ့ ဒီကနေ့ ညနေပိုင်းက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကြံတောင်းထားတဲ့ ပို့စ်တစ်ခုတင်ပြီး ပြောခဲ့ပါတယ်။

“တချို့အရာတွေတော်တော်များများတွေကို Mary ဂရုမစိုက်ပဲထားနိုင်ပေမယ့် အခုလိုမျိုး personal attack (ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုး) လုပ်တာမျိူး တော့ Mary လက်မခံနိုင်ပါဘူးရှင်။” လို့ သူမရဲ့ ပို့စ် (Facebook Post) မှာ ထည့်သွင်း ရေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က Mary ဟာ “အတွေးထဲမှာ လမ်းပျောက်နေဆဲ” ဆိုတဲ့ ဓာတ်ပုံစာနဲ့ သူမရဲ့ဓာတ်ပုံ ၉ ပုံကို ဖေ့ဘွတ်ခ်စာမျက်နှာမှာတင်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတပုံချင်းဆီရဲ့ အောက်မှာ အမျိုးသားအချို့က သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရိုင်းစိုင်းစွာပြောဆိုထားတဲ့ မှတ်ချက် (Comment) တွေ အတော်များများ ရှိခဲ့ပါတယ်။

Mary ၏ Facebook Post

ဒီကနေ့ ရေးတင်ထားတဲ့ သူမရဲ့ ပို့စ်မှာ အဲဒီအမျိုးသားတွေရဲ့ Comment Screenshot (မှတ်ချက်ဓာတ်ပုံ) တွေနဲ့အတူ ဖော်ပြထားတာဖြစ်ပါတယ်။

“ဒါပေမဲ့ Mary ရဲ့ဖြစ်တည်မှုကို လာစော်ကားတာမျိုးကြတော့ အဆင်မပြေပါဘူး။ အဆိုတော်ဖြစ်နေလို့ ပြောတိုင်းခံရ မယ် ဆိုတာရှိပါသလားရှင်” လို့ Mary က သူမရဲ့စာမှာ ပြောထားပါတယ်။

ဒီလိုမျိုး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုနဲ့ပတ်သက်ပြီး နည်းမျိုးစုံနဲ့ စော်ကားနှောက်ယှက်မှုတွေဟာ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်းမှာ အသားကျနေပြီဖြစ်ကြောင်းနဲ့ ဒါတွေကို ပြုပြင်ဖို့အတွက် ပြည်သူလူထုတွေကိုယ်တိုင်ပဲ ပြောင်းလဲမှရမယ်လို့ အက္ခရာအမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ မထားထားက ပြောဆိုပါတယ်။

“အိမ်မှာ တော်တော်များများ ဒီစကားတွေ ပြောနေကြတယ်။ ကလေးငယ်ငယ်လေးတွေက ဒီစကားတွေနဲ့ ရင်းနှီးနေတယ်။ မိသားစု အချင်းချင်းထဲမှာ မြင်ရ၊ ကြားရ ပြောနေကြတာတ။ ပညာပေးနေသလို ဖြစ်နေတော့ ပြည်သူလူထုတွေပဲ ပြောင်းရမှာ။ ပြည်သူက မပြောင်းရင် မရဘူး။”

Mary Facebook တွင် တင်ထားသော Screenshot ပုံများ

ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က “Comment (မှတ်ချက်) ရေးတာလည်း သိက္ခာကျအောင်လုပ်တာဖြစ်တယ်။ သဘောထားမှတ်ချက်ပေးတာလည်းကောင်း ထောက်ခံတာသော်လည်းကောင်း၊ ပြန်ရှဲ (Share) တာတောင် ၆၆( ဃ) နဲ့ ညှိတယ်” လို့ ရှင်းပြပါတယ်။

ဒီလို အွန်လိုင်းကတဆင့်၊ ဖုန်းကတဆင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို တိုင်ကြားနိုင်ဖို့အတွက် ဥပဒေလမ်းကြောင်းအချို့ရှိပေမယ့်လည်း ထိရောက်မှုတော့ အားနည်းနေဆဲလို့ မထားထားက ထောက်ပြပါတယ်။

“အစ်မတို့လည်း ဒါမျိုးတွေ ခဏခဏ တိုင်ဖူးတယ်။ သေသေချာချာ သတင်း အတိအကျပေးတယ်။ ဘယ်ရပ်ကွက်က လုပ်နေတာပါ။ နောက်ဆုံး ဘယ်လို ဖုန်း အမျိုးစားနဲ့ လုပ်တယ်ဆိုတာက အစ အစ်မတို့ ပြောတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူး။ တော်တော်များများက ပြည်သူလူထုက ဝိုင်းပြီး တွန်းမှ ရွေ့ကြမှာ” လို့ မထားထားက ဆိုပါတယ်။

Mary Facebook တွင် တင်ထားသော Screenshot ပုံများ

အဆိုတော် Mary ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက “မိန်းကလေးတိုင်းအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင် လိုအပ်တယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောင်စုံခွန်အား ဆိုတဲ့ သီချင်းတပုဒ်ကို Cover Song အနေနဲ့ သီဆိုခဲ့ပြီး၊ ကမ်ပိန်း (ပညာပေးလှုပ်ရှားမှု) အနေနဲ့ ပြုလုပ်ခဲ့ပါသေးတယ်။

“campaign မှာ အမျိုးသမီးတွေကိုစော်ကားတာ (sexual harassment) ကိုယ်ထိလက်ရောက်ကျုးလွန်လာတာမျိူးကိုရပ်ဖို့ ပါဝင်ခဲ့တာပါ။ နောက်လည်း အမျိုးသမီးတွေအတွက် stand လုပ်ပေးတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း Mary ကိုယ်တိုင် ထပ်ပါဝင်ပေးဦးမှာပါ” လို့လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာက ပို့စ်ထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။

Author: Moe Moe

Related Articles