နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ
စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေဆိုးရွားတဲ့ သက်ကြီးနိုင်ကျဉ်းတွေကို ကွယ်လွန်ခါနီးအချိန်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အသက်အရွယ် ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ပေးနေတာဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ PPNM ကဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ နှစ်ဦးကို ကွယ်လွန်ခါနီးအချိန်မှသာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။
Source – RFA Burmese
နောင်ချိုမြို့ကို လေတပ် ဗုံးကြဲ၊ သေဆုံးသူများထဲတွင် မွေးကင်းစကလေးမိခင် ပါဝင်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဆမ္မဆယ်ကျေးရွာ အနီးရှိ သကြားစက်ရုံကို နိုဝင်ဘာ ၁ ရက်နေ့က လေကြောင်းမှ ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေထံက သိရှိရပါတယ်။
နောင်ချိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာနဲ့ အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ကြိမ်လာရောက်ပြီး ဗုံး ၆ လုံး ကြဲချခဲ့တယ်လို့ တအာင်းတပ်တော် (TNLA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးမီးဖွားပြီး သုံးရက်သာရှိသေးတဲ့ ကလေးမိခင်(မီးနေသည်) တစ်ဦး၊ အသက် ၇၀ အရွယ်အဖိုးအိုနဲ့အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး သံဃာ ၂ ပါး အပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Source – Myanmar now
အွန်လိုင်းပေါ် အကြမ်းဖက်နှောင့်ယှက်ခံရသူများကို Stop Online Harm Myanmar ကူညီမည်
အွန်လိုင်းပေါ်ကတဆင့် နှောင့်ယှက်မှုတွေကြုံတွေ့ခံစားနေရသူတွေ အနေနဲ့ အကူအညီတောင်းခံနိုင်မယ့် Stop Online Harm Myanmar အဖွဲ့တစ်ခု ပေါ်ပေါက်လာပါတယ်။
ဒီအဖွဲ့ကိုတော့ အွန်လိုင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ကိုယ်တိုင် ကျော် လွှားနိုင်ခဲ့သူတွေပါဝင်တဲ့ မတူညီတဲ့ နောက်ခံအမျိုးမျိုးနဲ့ အမျိုးသမီးတစ်စုက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကတစ်ဆင့် နှောင့်ယှက်မှု၊ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေဆိုရာမှာ ရည်ရွယ်ချက်ရှိရှိ ထပ်ခါထပ်ခါ ပစ်မှတ်ထားပြီး အနိုင်ကျင့်ပြောဆိုတဲ့ cyber bullying၊ မိမိရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို အွန်လိုင်းမှာ ဖော်ထုတ်ခံရပြီး အပြင်ဘဝမှာ အန္တရာယ်ဖြစ်စေအောင် လှုံ့ဆော်ရေးသားတဲ့ doxing ၊ မိမိရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို ခြေရာခံစောင့်ကြည့်ခံနေရတဲ့ online stalking နဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု sexual harassment စတာတွေပဲ ဖြစ်ပါတယ်။
ဒီလို နှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားလာရရင် Stop Online Harm Myanmar ကို ဆက်သွယ်လာပါက အရေးပေါ်ဝန်ဆောင်မှု ၃ မျိုး ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Source – DVB
ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် ဇနီး၊သုံးလအရွယ်သမီးငယ် သတ်ဖြတ်ခံရမှု အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် ရန်ကုန်တိုင်း CDM ပညာရေးဝန်ထမ်းများကွန်ရက် တောင်းဆို
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစုသတ်ဖြတ်ခံရမှုဖြစ်ရပ် ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချပြီး အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့ ရန်ကုန်တိုင်း၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ် သမီးငယ် မရွှေဝတ်ရည်လွှာတို့ မိသားစုသုံးဦးသည် တပုန်းကျေးရွာနေအိမ်၌ မတရားသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစု ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း သုံးလအရွယ် သမီးငယ်လေး အပါအဝင် ပညာရေး ဝန်ထမ်းမိသားစုကို လူမဆန်စွာသတ်ဖြတ်ခဲ့ကြတဲ့ မည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးက ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်း တစ်ခုခုဖြစ်စေ အမိန့်ပေးစေခိုင်းသူများ၊ ပူးပေါင်းကြံစည်သူတွေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို အလေးအနက်တောင်းဆိုကြောင်း ရန်ကုန်တိုင်း၊ မြို့နယ် ပညာရေး ဘုတ်အဖွဲ့များ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများကွန်ရက်၏ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source – People’s Spring
ရခိုင်တွင် အမျိုးသမီးအရေးလှုပ်ရှားမှုများ အားနည်းနေ
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးတိမ်းရှောင်နေရတာ၊ လမ်းခရီးပိတ်ဆို့ထားမှု၊ ဆက်သွယ်ရေး အခက်အခဲနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတို့ကြောင့် အမျိုး သမီးရေး လှုပ်ရှားမှုတွေ အားနည်းသွားခဲ့တယ်လို့သိရပါတယ်။
လမ်းခရီးပိတ်ထားမှုနဲ့ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေတဲ့အတွက် အမျိုးသမီးကဏ္ဍနဲ့ပတ်သက်ပြီး အချက်အလက်ကောက်ယူရန် အခက်အခဲတွေရှိနေတယ်လို့အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောပါတယ်။
လက်ရှိမှာ ရခိုင်ကအမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးပေးမယ့် အဖွဲ့အစည်းတွေ မရှိတော့တဲ့အတွက် ထိခိုက်နစ်နာမှုတွေရှိနေတာပါ။
အမျိုးသမီးတွေဟာ စစ်ရေးပဋိပက္ခဒဏ်ကို ပို၍ခံစားနေကြရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ နေထိုင်နေရတဲ့အပြင် လက်နက်ကြီး၊ လေကြောင်း၊ မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်တို့ကြောင့် သေဆုံးဒဏ်ရာရရှိမှုတွေလည်းရှိနေပါတယ်။
Source – DGM
ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ
သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး ကရင်နီနဲ့ တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာတဲ့ စစ်ရှောင်အမျိုးသမီးတွေကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ကို အသားယူထိပါးနှောင့်ယှက်မှုများပါ လုပ်ဆောင်နေပြီး စစ်ရှောင်အမျိုုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘူးလို့ ပင်လောင်းမြို့စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ အမျိုးသမီးငယ်တွေကို ပို၍ထိပါးနှောင့်ယှက်နေပြီး သက်ကြီးပိုင်းအမျိုးသမီးများကို ပုံသာရိုက်ယူထားတယ်လို့သိရပါတယ်။
ဒီလို ထိပါးနှောင့်ယှက်မှုတွေရှိနေတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ သွားလာရအဆင်မပြေဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေကြပါတယ်။
Source – သျှမ်းသံတော်ဆင့်
- လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တရားမျှတမှုအလှမ်းဝေးနေသေး - 18/12/2024
- စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက် - 17/12/2024
- တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ - 16/12/2024