Home သတင်း ကလေး(၈)ဦးအား တောင်းစားခိုင်းသည့် မိဘများအားထပ်မလုပ်ရန် သတိပေး

ကလေး(၈)ဦးအား တောင်းစားခိုင်းသည့် မိဘများအားထပ်မလုပ်ရန် သတိပေး

မိုးမိုး

အသက် နှစ်နှစ် မှ ၁၄ နှစ်အရွယ် ကလေးရှစ်ဦးအား တောင်းရမ်းခိုင်းသည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ မိဘများအား တာဝန်ရှိသူများက နောက်ဆုံးအကြိမ်သတိပေးသည့်အနေဖြင့် ခံဝန်ထိုးခိုင်းခဲ့သည်။

ပျဉ်းမနားမြို့ ၊တောင်သာကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာ၌ အိမ်ငှားနေထိုင်ကြသည့် မိသားစု နှစ်စုမှ ကလေးငယ်များကို နေ့စဉ်တောင်းရမ်းစေခိုင်းပြီး၊ ညနေပိုင်းအိမ်ပြန်ရောက်ပါက ပိုက်ဆံမပါသည့် ကလေးကို ရိုက်နှက်သည့် အပြစ်ပေးကြောင်း အိမ်နီးချင်းများ၏ ပြောပြချက်အရသိရသည်။

သြဂုတ် ၅ ရက်တွင် နေပြည်တော် ဘောဂသီရိအဝေးပြေးကားဝင်းအနီးအသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး မိုးရေထဲ ရပ်နေပြီး အိမ်မပြန်ရဲဖြစ်နေသည်ကို လူမှုဝန်ထမ်း၊ ရဲ နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အိမ်ပြန်ပို့ရာမှ အဆိုပါဖြစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမိသားစု နှစ်စုတွင် ပထမမိသားစု၌ အသက် နှစ်နှစ်မှ ၁၁ နှစ်ကြား ကလေးလေးယောက်ရှိပြီး ၎င်းတို့အားလုံး တောင်ရမ်းစားသောက်နေရကြောင်း၊ ဒုတိယ မိသားစုတွင် အသက် ခြောက်လမှ ၁၄ နှစ်ကြား ကလေးငါးယောက်ရှိပြီး ခြောက်လအရွယ်ကလေးငယ်မှလွဲပြီး ကျန်ကလေးများ တောင်ရမ်းစားသောက် နေရကြောင်းသိရသည်။

“သမီးတို့ မနက် ၇ နာရီခွဲဆို အိမ်က ထွက်တယ်။ ဘောဂသီရိ ကားကွင်းမှာတောင်းတာ။ တွေ့တဲ့သူတွေ လိုက်တောင်း တာပဲ။ တစ်ခါတစ်လေလည်း အော်လွတ်တာ ခံရတယ်” ဟု ကလေးများထဲမှ အကြီးဆုံး ဖြစ်သည့် အသက် ၁၄ နှစ်အရွယ်မိန်းကလေး ကပြောသည်။

ကလေးငယ်များတွင် မိခင်အရင်းများရှိသော်လည်း ပထမမိသားစုတွင် ကလေးငယ်များ၏ ဖခင်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ကွယ်လွန်သွားခဲ့ကြောင်းနှင့် ဒုတိယမိသားစုတွင် ကလေးများသည် ပထွေးနှင့်အတူ နေထိုင်ရသည်ဟု သိရသည်။

“ကလေးတွေ ကိုရိုက်တယ်။ ဆော့ရင်လည်း ရိုက်တယ်။ တောင်းပြီးလို့ ပြန်လာရင်လည်းပိုက်ဆံမရရင်လည်း ရိုက်တာမျိုးတွေရှိတယ်”

“ရာအိမ်မှူးကလည်း ၃ ခါလောက်ရှိပြီ။ သူ့(ပထွေးရဲ့) လုပ်ရပ်တွေပြောပြတယ်။ ပတ်ဝန်းကျင်ကလည်း ပြောတယ်” ဟု တောင်သာအုပ်ချုပ်ရေးမှူး ဦးအောင်လွင် ကပြောသည်။

ကလေးသူငယ်များအား တောင်းရမ်းစေခြင်း နှင့် မိမိတောင်းရမ်းရာတွင် ကလေးသူငယ်များအား အသုံးပြုခြင်းကို ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် တားမြစ်ထားပြီး ဖောက်ဖျက်ပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ် နှင့် ဒဏ်ငွေ ၁၂ သိန်း ပြစ်ဒဏ်ချမှတ်နိုင်သည်။

“နောက်တစ်ခါ ခိုင်းတာတွေ့ရင် နင်တို့ကို အချုပ်ထဲ ထည့်မှာ” ဟု တောင်သာ အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ကလေးများ၏ မိဘများအား သတိပေးရာတွင်ထည့်သွင်းပြောကြားခဲ့သည်။

ကလေးများအား နောက်တစ်ကြိမ်တောင်းရမ်းခိုင်းပါက သူကိုယ်တိုင် အမှုဖွင့်မည်ဟုလည်း ၎င်းကပြောသည်။
သတိပေးခံရသူများက ၎င်းတို့ကလေးများအား နောက်ထပ်တောင်းရမ်းခိုင်းခြင်းမပြုဟု အုပ်ချုပ်ရေးမှူးအား ဝန်ခံကတိပေးခဲ့သည်။

Author: Moe Moe

Related Articles