Home ဆောင်းပါး ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ

ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ

ရှင်ငြိမ်း  

အကျဉ်းထောင်ထဲမှာရှိနေတဲ့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်မရလို့ အသက်ဆုံးရှုံးရတာကအမျိုးသမီးထုတစ်ရပ်လုံးရဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)   -WLB က ပြောပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးအကျဉ်းသူဆိုတာက အပြစ်သားမဟုတ်ဘဲ သူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်နဲ့ တက်ကြွ လှုပ်ရှားလို့ ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမျိုးသမီးတွေရဲ့အခြေခံအခွင့်အရေးကို လေးစား ဖြည့် ဆည်းပေးရမှာပါ။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့ က“ကျန်းမာရေးစောင့်ရှောက်ခွင့် ဆိုတာ အခြေခံအခွင့်အရေးပါ။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် ကျန်းမာရေးစောင့်ရှောက်ခွင့်အပြည့် အဝရနေရမှာ ဖြစ်တယ်။”လို့ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေကို အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုမပေးတာဟာ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လူကိုသေစေတာဖြစ်တယ်လို့လည်း သူက ရှုတ်ချဝေဖန်ခဲ့ပါတယ်။

ဆေးကုသခွင့်မပေးတာက အုပ်စုလိုက် သေစေလိုတဲ့ရည်ရွယ်ချက်ဖြစ်ပြီး ဒီကြီးလေးတဲ့အမှုကိုအကြမ်းဖက်စစ် တပ်ကကျူးလွန်တာဖြစ်တယ်လို့ နာင်းမို့မို့ကထောက်ပြခဲ့ပါတယ်။

ဓာတ်ပုံ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသူတွေရဲ့နေထိုင်စားသောက်မှု၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစတဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကို အကြမ်းဖက် စစ်တပ်ကရည်ရွယ်ချက်ရှိရှိပျက်ကွက်နေတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်ထိ စစ်တပ်လက်ချက်နဲ့ အကျဉ်းထောင်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးရသူ စုစုပေါင်းဟာ (၁၀၃) ဦးထိရှိနေပါတယ်။

ဒီထဲမှာ အမျိုးသမီးအကျဉ်းသူတွေထဲ ထောင်တွင်းသေဆုံးသူ ၈ ဦး၊ ရဲစခန်းမှာ သေဆုံးရသူက ၂ ဦးနဲ့ စစ်ကြော ရေးစခန်းမှာ နှိပ်စက်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးအထိရှိကြောင်း AAPP ကဖော်ပြထားပါတယ်။

နိုင်ကျဉ်းသူဟောင်းတစ်ဦးဖြစ်တဲ့ မဖြူက“အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေက အမျိုးသားအကျဉ်းသားတွေထက် အနေအစားပိုကျပ်တည်းတယ်။”လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့မတရားဖမ်းဆီးထောင်ချခံရတဲ့ ပြည်သူတွေဟာ များပြားလွန်းတဲ့ထောင်ဒဏ်တွေချမှတ်ခံရပြီး ကျန်းမာရေးချို့ယွင်းတဲ့အခါမှာလည်း ဆေးကုသမှုခံယူခွင့်မရရှိဖြစ်နေတာပါ။

အဲ့ဒီထဲမှာတနင်္သာရီတိုင်း၊ ထားဝယ်မြို့က ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ အသက် ၁၉ နှစ်အရွယ် မမီးငယ်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ အပြင်က ပြန်လာစဉ်လမ်းမှာ စစ်သားတွေရဲ့အဓမ္မဖမ်းဆီးတာခံလိုက်ရတာပါ။

ဖမ်းသွားပြီး ၈ လကျော်ကြာတဲ့အထိ မိသားစုနဲ့တွေ့ခွင့်မရခဲ့ပါဘူး။ ဆန္ဒပြပွဲတွေမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့နယ်နှစ်ခုက တရားစွဲတာကြောင့် ၅၀၅ – က နဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပြီတစ်ရက်သာခေတ္တမျှတွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။

“လွတ်လာတဲ့အသိတွေပြောတာက အိမ်ကပို့တဲ့ဆေးတွေဘာမှမရဘူး။ ဆေးလည်းကုမပေးဘူးတဲ့။သွေးဆင်းများလို့ ခဏ ခဏ သတိလစ်တာတွေဖြစ်တယ်တဲ့။ အသနားခံစာတင်တာလည်း မရဘူး။ တွေ့လည်းမတွေ့ရတော့ သူ့အမေဆို စိတ် ထောင်းကိုယ်ကျေပြီး အိပ်ယာထဲလဲသွားတယ်။”လို့ မိငယ်နဲ့ နီးစပ်တဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစအချိန်က သူဟာ သားအိတ်ရေအိတ်တည်တာကို ခွဲစိပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ သူ့ဆရာဝန်က ရှောင်တိမ်းနေရတာကြောင့် မခွဲဖြစ်ခဲ့တာပါ။ တစ်ချိန်ထဲမှာ သူလည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“မီးငယ်က နဂိုထဲက သားအိမ်မှာရေအိတ်တည်လို့ ဆေးသောက်နေရတယ်။ သွေးဆင်းရင် သူ့မှာအမြဲကိုက်လို့ အိပ်ယာက မထနိုင်ဘူး။ သွေးဆင်းတာလည်းကြာတယ်။ တခါတလေဆို သူက သွေးမရှိတဲ့လူလိုပဲ။”လို့ သူငယ် ချင်းဖြစ်သူက ပြောပါတယ်။

အကျဉ်းကျတော့လည်း အကိုက်အခဲပျောက်ဆေးတွေပေးပို့ခွင့်မပေးတဲ့အပြင် ပို့ပေးတဲ့ဆေးဝါးတချို့လည်း မီးငယ်ဆီ မရောက်ဖူးလို့ လွတ်မြောက်လာတဲ့သူတွေရဲ့ပြောချက်အရ သိရကြောင်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရောဂါကြောင့် သွေးဆင်းတာများတဲ့အတွက် အဝတ်အစားမလုံလောက်တာ၊ မသန့်မရှင်းနေရတာတွေကြောင့် အနာတွေလည်း ပေါက်နေတယ်လို့ နောက်ဆုံးသိရတဲ့အခြေအနေကို ပြောပြပါတယ်။

အမိန့်ချပြီး ၅ လအကြာမှာတော့ သွေးဆင်းတာများပြီး သတိလစ်သွားလို့အရေးပေါ်သွေးလိုအပ်တဲ့အချိန်မှာ တာ ဝန်ကျ ဆရာဝန်ရှိမနေတဲ့အတွက် မီးငယ်ဟာ မသေသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်က မိသားစုထံအကြောင်းကြားစာမှာတော့ မီးငယ်သေဆုံးရတဲ့အကြောင်းက အချိန်မီဆေးကုသမှု မရတာကြောင့်လို့ ရေးသားထားမဟုတ်ဘဲ သွေးလွန်ပြီးသေဆုံးကြောင်း ရေးသားပေးပို့ခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ရရှိတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မရလို့ သေဆုံးရတာတွေအပေါ်မှာ အကျဉ်းထောင်ပိုင်တွေနဲ့ ထောင်ဆရာဝန်တွေမှာ တာဝန်အပြည့်အဝရှိတယ်လို့လည်း PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်က အသက် ၃၀ အရွယ် မိုင်ဒီဇင်ဆိုတဲ့ ချင်းအမျိုးသမီးလည်း ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ စစ်သင်တန်းတက်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး ဇွန်လမှာ စစ်ကြောရေးမှာ ရတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မရတာကြောင့် ဆုံးပါးခဲ့ရသူဖြစ်ပါတယ်။

မိုင်ဒီဇင် အပါအဝင် အမျိုးသမီး ၆ ဦးဟာ ဖမ်းဆီးခံရပြီးနောက် စစ်သားတွေက တောင်ကုန်းပေါ်မှာရှိတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးကွပ်ကဲမှုရုံးရဲ့ စစ်ကြောရေးစခန်းကို ခေါ်သွားခံခဲ့ရပါတယ်။

ဖမ်းဆီးသွားပြီး ၆ လကျော်ကြာတဲ့အထိ ဘာသတင်းမှ မရတဲ့အတွက် မိသားစုက အာဏာပိုင်တွေထံသွား ရောက်မေးမြန်းတဲ့အခါမှ သေဆုံးကြောင်းသိခဲ့ရတာဖြစ်ပါတယ်။

“မတူပီတရားရုံးက သေစာရင်းစာရွက်ထုတ်ပေးမှ သိတာ။ သေတာက ဖမ်းပြီးနှစ်လလောက်မှာသေသွားပုံရတယ်။ ဘယ်လိုသေသွားတာလဲမေးတော့ မသိဘူးတဲ့။ စစ်ရုံးသွားမေးမှသိမယ်တဲ့။ အလောင်းတောင်မမြင် လိုက်ရဘူး။”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မတူပီအကျဉ်းထောင်ထဲမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုလိုအပ်နေတဲ့အခြားနိုင်ကျဉ်းသူတွေလည်း ရှိနေသေးတာဖြစ်ပါတယ်။ မိုင်ဒီဇင်နဲ့အတူဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေထဲတစ်ယောက်ဖြစ်တဲ့ ဇွာလီဆိုလည်း ဖမ်းဆီးခံရစဉ်ကိုယ်ဝန်သုံးလလွယ်ထားရသူပါ။

ထောင်ထဲမှာ ကိုယ်ဝန်သည်တွေအတွက် လုံလောက်တဲ့ဖောလစ်အက်စစ်မရတာကြောင့် ကျန်းမာရေးချုချာပြီး အစားအသောက်လည်း မမှန်တာနဲ့ နွေးထွေးလုံခြုံစွာမနေရတာကြောင့် ကိုယ်ဝန်ဆိပ်တက်တဲ့ ရောဂါတွေခံစားနေရတာဖြစ်ပါတယ်။

အာဟာရမလုံလောက်တဲ့အတွက် မွေးတော့လည်း ကလေးအသေလေးမွေးပြီး လူကြီးလည်း ကျန်းမာရေး တရှောင်ရှောင် ဖြစ်ကာဆေးကုသမှုရဖို့ လိုအပ်နေပါတယ်။

နောက် မိုးကာလရောက်တဲ့အခါ နိုင်ကျဉ်းသူအများစုမှာ အဝတ်အစားနဲ့ လစဉ်သုံးမလုံလောက်တာတွေကြောင့် ဆီးပိုးဝင်တာနဲ့ အရေပြားယားနာတွေဖြစ်နေကြတယ်လို့ လွတ်မြောက်လာတဲ့နိုင်ကျဉ်းသူတွေကဖွင့်ဟကြပါတယ်။

ထောင်ထဲမှာ နေရာကျဉ်းတဲ့အတွက် အဝတ်တွေကို သူတို့နေတဲ့သမံတလင်းပေါ်မှာအခြောက်လှန်းရပါတယ်။ နောက်သန့်စင်ခန်းကရေဆိုလည်း မကြာခဏပြတ်တောက်တာကြောင့် တကိုယ်ရေမသန့်ရှင်းမှုရောဂါတွေ အဖြစ်များပါတယ်။

“တခါတလေ ဆောင်းတွင်းကြီး မနက်ထခိုင်းပြီးရေချိုးခိုင်းတယ်။ မထွက်မနေရပေါ့။ ထမီရင်ရှားတွေနဲ့ ကော်ရစ်တာလေတိုက်ထဲမှာ ပုံစံထိုင်ခိုင်းတယ်။ ပုံမှန် လူ ၂၀ လောက်ချိုးလို့ရတာကို ငါးယောက် တသုတ်ပုံစံနဲ့ ရေချိုးခိုင်းတယ်။ ပညာပြတာပေါ့။ အဲ့ဒီမှာ နေမကောင်းတွေဖြစ်ကြတာ။”လို့ နိုင်ကျဉ်းသူဟောင်း မဖြူက ပြောပါတယ်။

ဒါ့အပြင် မနက် ၅ နာရီလောက်မှာ အနွေးထည်ချွတ်ခိုင်းပြီး ပုံစံထိုင်ခိုင်းတာရှိပြီး အအေးဒဏ်ကြောင့် အာရုံကြောအားနည်းတဲ့အမျိုးသမီးတွေမှာ အကြောကပ်တာ၊ ကြွက်တက်တာတွေခံစားကြရတာ ဖြစ်ပါတယ်။

အခုလိုထောင်တွင်းဆေးဝါးလုံလောက်မှုမရှိတာ အဝတ်အစားလုံလောက်မှုမရှိတာနဲ့ စားသောက် နေထိုင်မှု မမျှတတာတွေကြောင့် လွတ်မြောက်လာတဲ့နိုင်ကျဉ်းသူ အများစုမှာ သားအိမ်အားနည်းတဲ့ရောဂါ၊ ကိုယ်ဝန် မဆောင်နိုင်တော့တာတွေ အဖြစ်များပြီး အရေပြားရောဂါတွေနဲ့လည်း ကြုံနေကြရတယ်လို့ နိုင်ငံရေး အကျဉ်းသူဟောင်း တစ်ဦးဖြစ်တဲ့ မဇူးဇူးမေယွန်းက ပြောပါတယ်။

၂၀၂၃ ခုနစ် ဇူလိုင်လလောက်မှာလည်း ကိုယ်ဝန်ဆောင်ထားတဲ့နိုင်ငံရေးအကျဉ်းသူတစ်ဦးဟာ မီးဖွားဖို့အတွက် ထောင်မှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ရာမှာ နောက်ကျတာကြောင့် အရေးပေါ်ဗိုက်ခွဲမွေးပေမယ့် ကလေးက အသက်မရှင်ခဲ့တာတွေရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်။

နောက်ထပ် ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူကတော့ အပြင်ထွက်မီးဖွားခွင့်ရပေမယ့် ကလေးမှာ အသားဝါရောဂါဝင်နေတာသိရက်နဲ့ ထောင်ထဲပြန်ပို့တာကြောင့် ထောင်ဆေးရုံမှာ ကလေးငယ်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ထောင်တွင်း ဆေးကုသမှုမရလို့ သေဆုံးသူတွေထဲမှာ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းလည်း အပါအဝင်ဖြစ်ပါတယ်။

မချယ်ရီဝင်းဟာ ကရင်နီ၊ လွိုင်ကော်မြို့နယ် ကျေးရွာတစ်ခုကဖြစ်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ သွားတဲ့ အချိန် လေဆိပ်မှာဖမ်းဆီးခံခဲ့ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို KBZ Pay က တဆင့် ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) တရားစွဲခဲ့ရတာပါ။ ပုဒ်မ ၅၀(ည) ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်တစ်သက်ထိ ချမှတ်နိုင်ပါတယ်။

မချယ်ရီဝင်းဟာ ရောဂါအခံမရှိဘဲ ၂၀၂၃ မှာမသေဆုံးသင့်ဘဲ သေဆုံးရတဲ့အမျိုးသမီးဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုယ်ပူချိန် အရမ်းများနေလို့ ဆေးခန်းပြဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့တာပါ။ ကံဆိုးချင်တာက အဲ့ဒီနေ့က ထောင်ကို အရာရှိတွေလာမှာဖြစ်လို့ ထောင်တွင်းသွားလာခွင့် မပေးဘဲ အခန်းထဲနေခိုင်းတဲ့ အချိန်ဖြစ်ပါတယ်။

“သူဖြစ်နေတာကို တင်ပြပေမယ့် လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး ပေးမလွှတ်ဘူး။ အဲ့မှာသူရဲ့ကိုယ်ပူချိန်ကအရမ်းများ၊များလာတယ်။ နောက်ဆုံး လူကြီးတွေက ပြန်သွားလို့သွားကြည့်တော့မှ ကိုယ်အပူချိန်အရမ်းလွန်ကဲပြီးသေဆုံးခဲ့ရတယ်။”လို့ ကိုသိုက်ထွန်းဦးကရှင်းပြပါတယ်။

မချယ်ရီဝင်းသေဆုံးတာ၊ ဖမ်းဆီးခံရတာတွေကို အကြမ်းဖက်စစ်တပ်က အိမ်ကိုအကြောင်းကြားတာမရှိခဲ့ပါဘူး။ ကိုသိုက်ထွန်းဦးက RFA မှာ ဆေးကုသခွင့်မရလို့ နိုင်ကျဉ်းသူတစ်ဦးသေဆုံးကြောင်း ဖြေတာကိုကြားသိကာမှ သူတို့သမီးလားဆိုပြီး ဆက်သွယ်စုံစမ်းလာတာလို့ သိရှိခဲ့တာဖြစ်ပါတယ်။

ပုံမှန်ဆိုရင်တော့ ထောင်အာဏာပိုင်တွေနဲ့ ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတွေက မိသားစုထံအကြောင်းကြားပေးရမှာပါ။ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဥပဒေကို လိုသလိုအသုံးချပြီး တရားဥပဒေစိုးမိုးမှုကလည်း မရှိတော့တဲ့အတွက် အခုလိုလူမသိသူမသိသေဆုံးရတဲ့ဖြစ်စဉ်တွေ ရှိနေတာလို့ တရားလွှတ်တော် ရှေ့နေဟောင်းတစ်ဦးက သုံးသပ်ခဲ့ပါတယ်။

လက်ရှိမှာ ထောင်ထဲပို့မယ့် ဆေးဝါးတွေကန့်သတ်လိုက်တဲ့အတွက် ထောင်မှာ ဆေးဝါးလုံလောက်မှုမရှိသလို ဆရာဝန် အချိန်မှီမရောက်လို့ သေဆုံးခဲ့သူတွေလည်းရှိပြီး ထောင်ထဲရောက်မှ နေထိုင်မှုစနစ်ပုံစံ စားသောက်ရတဲ့ အခြေအနေတွေကျန်းမာရေးနဲ့ မကိုက်ညီလို့ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့သူတွေလည်းရှိနေပါတယ်။

ဓာတ်ပုံ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

စစ်ကြောရေးမှာ ရိုက်နှက်လိုက်တဲ့ဒဏ်တွေကို ဆေးဝါးကုသမှုမရလို့ သေဆုံးတာ၊ ရောဂါအခံရှိသူတွေက လုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ သေဆုံးတာနဲ့ ထောင်ထဲရောက်မှ ကျန်းမာရေးထိခိုက်လာပြီး ရောဂါတွေ ဖြစ်ကာ သေဆုံးရတဲ့သူတွေ လည်းရှိနေတာပါ။ ဒီသုံးခုကတော့ အကျဉ်းထောင်ထဲမှာ သေဆုံးရတဲ့ အချက်တွေဖြစ်တယ်လို့ PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦးကရှင်းပြပါတယ်။

ဆေးကုသခွင့်မရလို့ အကျဉ်းသားတွေသေဆုံးရတာအခုမှမဟုတ်ပဲယခင်ကာလတွေထဲက ဆေးကုသခွင့်မရလို့ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးကျဉ်းသားတွေဆိုတာလည်း မနည်းပါဘူး။

သက်သေဆိုရင်တော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ဖြစ်စဉ်ကို ပြောရမှာပါ။ ထောင်ထဲ အစားအသောက်မသန့်ရှင်းလို့ အူမှာ သန်ကောင်ပိတ်တာကို အစာအိမ်လိုလို အူမကြီးလိုလို မသေချာဘဲနဲ့ ခွဲစိပ်လိုက်တာ အူကို ၆ လက်မလောက်ဖြတ်လိုက်ရပြီး ဗိုက်ကို အတွင်းအပြင်အချက် ၁၀၀လောက် အချုပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ပြီးခဲ့တဲ့ခေတ်အဆက်ဆက်ကနဲ့ မတူတော့ဘဲ သေဆုံးတာတွေ ပိုမိုများလာတယ်လို့ ကိုသိုက်ထွန်းဦးက ထောက်ပြပါတယ်။

“ပြီးတော့ ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီတမောဆေးတမျိုးပဲပေးနိုင်တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ၂၀၂၁ မှာ လည်ပင်းမှာ ကြက်ရိုးဆူးတဲ့သူကို ပါရာကတ်ဆေးလေးလာပေးတယ်။ ဒါလေးသောက်ထားပါတဲ့။ အဲ့ဒါက မြန်မာတနိုင်ငံလုံးကအကျဉ်းထောင်တွေမှာ ဖြစ်နေတဲ့အခြေအနေပါ။”လို့ သူကရှင်းပြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးခံရတာမဟုတ်ဘဲ အမှန်တရားအတွက် ရပ်တည်ရင်း ဖမ်းခံရတာဖြစ်လို့ သူတို့ကို လူ့အခွင့်အရေးနဲ့အညီဖမ်းဆီးထိန်းသိမ်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကျဉ်းထောင်တွေကို ဖိနှိပ်မှုယန္တရားတစ်ခုလိုကျင့်သုံးလာပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဦးတည်ညှင်းပန်းနှိပ်စက်တာတွေလုပ်လာတယ်လို့ ကိုသိုက်ထွန်းဦးက ရှင်းပြပါတယ်။

“သေချာကိုမှ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်သတ်ဖြတ်ဖို့လုပ်နေတယ်။ သူတို့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ခေါ်ထုတ် သတ်ဖြတ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေရှိသလို တစ်ဖက်မှာလည်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မပေးဘဲ နှိပ်စက်နေတာရှိတယ်။”လို့ သူက ဆိုပါတယ်။

အကျဉ်းထောင်တွေမှာက ပုံမှန်ကျန်းမာရေးကောင်းသူတောင် ရောဂါတစ်ခုမဟုတ် တစ်ခုဖြစ်လေ့ရှိပါတယ်။ ဒါကလည်း ထောင်ကကျွေးတာအာဟာရမပြည့်ဝတဲ့အတွက် ထောင်အခေါ်အဝေါ်(တုတ်ဆွဲတာ)လို့ခေါ်တဲ့လေ ဖြတ်သလိုမျိုး လမ်းမလျှောက်နိုင်တော့တာတွေဖြစ်ကြတာများပါတယ်။

“နောက်သောက်ရေတွေလည်း အဆင်ပြေသလို သောက်ရတဲ့အခါမှာ ဝမ်းလျှောတာဖြစ်တယ်။ ချိုးရေနဲ့သောက် ရေတွေမှာ ခဲဓါတ်ပါဝင်မှုများတဲ့အတွက် ကျောက်ကပ်ထိခိုက်တဲ့သူတွေရှိတယ်။ အဲ့တော့ နေထိုင်ရတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ပူးပူးကပ်ကပ်နေရတော့ ပွေးဝဲယားနာတွေဖြစ်တယ်။”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့ကြောင့် အကျဉ်းထောင်တစ်ခုမှ လစဉ်နဲ့အမျှ အနည်းဆုံး လူအယောက် ၃၀ နဲ့ ၅၀ ကြား ထောင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရတာဖြစ်ပါတယ်။ အပတ်စဉ် ဆရာဝန်ပြသနေရတဲ့သူက နှစ်ရာနဲ့ သုံးရာ ဝန်းကျင်မှာရှိနေ တယ်လို့ PPNM ရဲ့စာရင်း တွေအရ သိရပါတယ်။

“အကျဉ်းထောင်ထဲက ဖြစ်တဲ့ကိစ္စတွေကို ပြောရမယ်ဆိုရင်တော့ ထောင်အာဏာပိုင်တွေက အဓိက တာဝန်ယူရမယ်။ နောက် အဲ့ဒီအချိန်မှာ တာဝန်ကျခဲ့တဲ့ထောင်ဆရာဝန်တွေလည်း တာဝန်ယူရမယ်လို့ ပြောချင်တယ်။”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်က အကျဉ်းထောင်တွင်း ဖြစ်ပွားတဲ့ကိစ္စရပ်တွေကို ဘာတခုမှ ထုတ်ပြန် ပြောဆိုတာမရှိသလို ယခုချိန်ထိလည်း ထောင်တွင်းသတ်ဖြတ်မှုဖြစ်စဉ်တွေကို ဖုံးကွယ်ထားပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ထောင်ဆေးရုံတွေမှာ ဆေးကုသခွင့်ရဖို့၊ ဆေးဝါးတွေအကန့် အသတ်မရှိပို့ဆောင်နိုင်ဖို့နဲ့ ဆရာဝန်လုံလောက်စွာထားရှိနိုင်ဖို့အရေး မျှော်လင့်နေရုံမှတပါး တခြားမရှိတဲ့အ‌ခြေအနေဖြစ်နေပါတယ်။

Author:

Related Articles