အင်တာဗျူး
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေထဲမှာအမျိုးသားဆိုရင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိအကျုံးဝင်ပြီး အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားပါတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူနဲ့ တခြားအတတ်အပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကို ကျွမ်းကျင်သူလို့သတ်မှတ်ပြီး အမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား သတ်မှတ်ထားပါတယ်။ နိုင်ငံသားတိုင်းဟာ သာမာန်အခြေအနေမှာ နှစ်နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်အခြေအနေဆိုရင် ငါးနှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး စက်မှုလက်မှုပညာသည်တွေကတော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။
အိမ်ထောင်သည်အမျိုးသမီး၊ သာသနာ့ဝန်ထမ်း၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေအပြင် နိုင်ငံ့ဝန်ထမ်း၊ ပညာသင်ကြားနေသူ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေသူ၊ မူးယစ်ဆေးဝါးဖြတ်နေသူ၊ ဆေးကုနေရသူ၊ ထောင်ကျနေသူတွေကတော့ စစ်မှုထမ်းဖို့ရွှေ့နိုင်တယ်လို့ ဆိုထားပါတယ်။
၂၀၂၄ ဧပြီလကုန်မှာ အသက် (၁၈)နှစ် (၃၅)နှစ်အထိအသက်ပြည့်တဲ့အမျိုးသား ငါးထောင်ကို ပထမဆုံးအမှတ်စဉ်အဖြစ် စစ်မှုထမ်းသင်တန်းခေါ်ယူခဲ့ပါတယ်။
အမျိုးသမီးတွေကို အမှတ်စဉ်(၅)မှ ခေါ်ယူမယ်လို့ကြေညာထားပေမယ့် အမှတ်စဉ် (၃) မတိုင်ခင် ဇူလိုင်လပိုင်းကစပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းထဲကအမျိုးသမီးတွေကို စာရင်းကောက်ခံမှုတွေ စတင်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အလုပ်သမားထုအမျိုးသမီးတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သူတို့အနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေ ကြုံနေရလဲဆိုတာနဲ့ပတ်သက်ပြီး HIက မေးမြန်းထားတာကိုစုစည်းဖော်ပြလိုက်ပါတယ်။
မအိ(ပြောရေးဆိုခွင့်ရှိသူ)
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM
စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်း ကျွမ်းကျင်အလုပ်သမား ရှားပါးမှုများလာတယ်။ လုပ်ငန်းခွင်တွေထဲမှာ လူနည်းသွားတော့ အမျိုးသမီးတွေပိုပြီး အလုပ်လုပ်ပေးရတယ်။ အချိန်ပိုခေါ်တာတွေများလာတယ်၊ အများပြည်သူရုံးပိတ်ရက်တွေမှာတောင် အချိန်ပိုဆင်းပေးနေရတယ်။ စစ်မှုထမ်းဥပဒေကြောင့် လုပ်ငန်းခွင်အတွင်း ဖိအားများပိုများလာတာ၊ မနိုင်ဝန်ထမ်းပြီးအလုပ်လုပ်နေရတာ စစ်မှုထမ်းဥပဒေကြောင့် နေရတာလုံခြုံမှု မရှိတာ၊ စိုးရိမ်စိတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ ထွက်ခွာနေကြရတယ်။
ပွဲစားတွေ လူကုန်ကူးသူတွေရဲ့ လိမ်ခံရတာ၊ ဖမ်းစီးခံရတာ၊ လူမှုဘဝအလုံးစုံ ထိခိုက်နေရပါတယ်။ စစ်မှုထမ်းဖို့ မဲနှိုက်ပြီဆိုရင် ပိုက်ဆံရှိတဲ့မိသားစုတွေက ပိုက်ဆံပေးပြီး မဲနှိုက်ရတာတွေရှိပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ အခြေခံလူတန်းစား အလုပ် သမားတွေက စစ်မှုထမ်းဖို့ မဲပေါက်ရင် အလုပ်ထွက်ပြီး ရွာတွေပြန်ရတယ်။ ရွာမပြန်ရင် မိသားစုကိုဖမ်းမယ် လုပ်တာတွေပြုလုပ်ပါတယ်။ လက်တလော အဖွဲ့ချုပ်အနေနဲ့တော့ စစ်မှုထမ်းဖို့စိုးရိမ်နေကြတဲ့ အလုပ်သမားတွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေတော့ လုပ်နေတာရှိပါတယ်။ စစ်မှုထမ်းရှောင်ဖို့ အရေးပေါ်လိုအပ်လာရင်လည်း ကူညီဆောင်ရွက်ပေးတာမျိုးလုပ်ပေးပါတယ်။
မဝင်းဝင်း
အထည်ချုပ်စက်ရုံ
စစ်မှုထမ်းဥပဒေကို လုံးဝမကြိုက်ဘူး။ စစ်မှုထမ်းဖို့ဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်ဝင်ကြတာလေ သူတို့က အခု ဥပဒေထုတ်လိုက်တော့ မဖြစ်မနေထမ်းရတဲ့ပုံစံကြီး မထမ်းချင်ဘူး အဲ့လိုပုံစံဆိုတော့မကြိုက်ဘူး။ ဥပဒေအကြောင်း သိရတုန်းကဆို စိုးရိမ်စိတ်နဲ့နေနေရတယ်။ ဘယ်အချိန်ကိုယ်ပါမလဲ၊ ဘယ်အချိန် ကိုယ့်မိသားစုထဲကပါမလဲ။ အဲ့လိုမျိုးတွေတွေးပြီး စိုးရိမ်ပူပန်ရတာတွေရှိတယ်။ ကိုယ့်မိသားစုဝင်ထဲမှာဆို အသက်အကျုံးဝင်တဲ့ မောင်နှမတွေရှိတယ်။ အရင်းထဲမှာလည်းရှိတယ်။ ဝမ်းကွဲထဲမှာလည်းရှိတယ်။ ဆွေမျိုးနီးစပ်တွေထဲမှာလည်းရှိတယ်။ အဲ့လိုဆိုစိတ်ပူတယ်လေ။ သတင်းကြားတာတွေအရဆို အမျိုးသားတွေကိုမဲနှိုက်တာမျိုးတွေလုပ်တယ်။ ပါတဲ့သူကလိုက်ရမယ်၊ မလိုက်နိုင်ရင် ပိုက်ဆံဘယ်လောက်ပေးရမယ် အဲ့လိုပုံစံမျိုးတွေသတင်းကြားတာတွေရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာဆို အလုပ်သွားနေရင်းနဲ့ ဆွဲသွားတာမျိုးတွေရှိတယ်။ ပိုက်ဆံနဲ့လိုက်ပြီးထုတ်ရတာမျိုးတွေရှိတယ် အဲ့ဒါမျိုးတွေတော့ မြင်ရသိရတယ်။
ဒီထဲတွေကိုယ်က စိတ်ပါလို့ဝင်မှာမဟုတ်ဘူးလေ။ မထမ်းဆောင်နိုင်ဘူး။ ကိုယ်ရှောင်လို့ရသလောက်တော့ ရှောင်ရမှာပဲ။ ဒီမှာကောက်ရင် ရွာပြန်ရမှာပေါ့။ စာရင်းထဲမပါချင်ရင် ငွေပေးပြီး ရှောင်လို့ရမယ်ဆိုရင်တောင် ကျွန်မတို့ အနေအထားနဲ့ မရနိုင်ဘူးလေ။ ငွေမပေးနိုင်ဘူး။ တနေ့လုပ်မှ တနေ့စားရတာ အထည်ချုပ်လုပ်တယ်ဆိုတာ လစာဘယ်လောက်မှ ရတာမဟုတ်ဘူး။ နယ်ကနေ ရန်ကုန်တတ်လာတယ်ဆိုတာက ရန်ကုန်မှာကိုယ်ပိုင်အိမ်တွေ ကိုယ်ပိုင်ခြံတွေနဲ့နေရတာ မဟုတ်ဘူး။ ဒီလစာကိုပဲ အမှီပြုပြီးအိမ်ငှားနေရတာ အဆောင်ငှားနေရတာ၊ ရရစားစား ဝါးဝါးမြိုမြိုပဲရှိတာ အပိုအလျှံမရှိဘူး။ အဲ့လိုမျိုးကျအခက်အခဲရှိတယ်။ အဲ့လိုပေးရမယ်ဆိုရင်တောင် ပေးနိုင်မယ့် အနေအထားမျိုးထဲမှာ မပါဘူး။ ကျွန်မတို့အတွက်က ရှောင်ဖို့ တိမ်းဖို့ လောက်ပဲလုပ်နိုင်တဲ့အနေအထားပဲ ရင်ဆိုင်ဖို့ ကြတော့လည်း ရင်ဆိုင်နိုင်တဲ့ အင်အားမရှိဘူး။ မီးစင်ကြည့်ကရမယ့်ဘဝတွေပဲ။
နိုင်ငံခြားထွက်ဖို့ကြတော့လည်း ဒီမှာမိဘရှိ နေသေးတော့ ထွက်လို့မရတဲ့အနေအထားမျိုးဖြစ်တယ်။ အများစုကတော့ နိုင်ငံခြားကိုထွက်ဖို့ပြင်နေကြတဲ့သူတွေများတယ်။ ကိုယ်တိုင်တွေးတာကလည်း မြန်မာနိုင်ငံထက်စာရင် နိုင်ငံခြားကအဆင်ပြေမယ်လို့တွေးတယ်။ ဒီမှာနေနေရင် ပိုက်ဆံလည်း အပိုသုံးဖို့မရှိဘူး။ သူများနိုင်ငံမှာဆိုရင် ပိုက်ဆံလည်းပိုရမယ် စစ်မှုထမ်းဖို့ရှောင်တာလည်းပါတယ်။ ဟိုမှာပဲအလုပ်လုပ်ပြီးတော့ အိမ်ကိုပိုက်ဆံပို့လို့ရတယ်။ သွားခွင့်ရှိမယ်ဆိုရင် ကိုယ်တိုင်လည်းသွားချင်ပါတယ်။ ဒီမှာလည်းမနေချင်ဘူး။
မနှင်း
အထည်ချုပ်စက်ရုံ
စစ်မှုထမ်းဥပဒေထွက်တယ်ဆိုတဲ့ အကြောင်းကြားတော့ အရမ်းကြောက်သွားတာ၊ အရမ်းလည်းလန့်သွားတယ်။ ဒါကြီးကမဖြစ်သင့်ဘူးဆိုတဲ့ အသိရှိတယ်။ အရမ်းလန့်သွားတယ် ကြားကြားချင်းတုန်းကဆို အဲ့လိုခံစားရတယ်။ ငိုတောင်ငိုရတယ်။ ဒီဥပဒေကြောင့် ကိုယ့်မောင်တွေကိုစိတ်ပူရတာ၊ ကိုယ့်ယောကျာ်းတွေကိုစိတ်ပူရတာတမျိုး ကိုယ့်အတွက်ကိုယ်စိတ်ပူရတာတမျိုး။ သူတို့အတွက်ပဲစိတ်ပူရတော့မလား၊ ကိုယ့်အတွက် ကိုယ်စိတ်ပူရတော့မလားဖြစ်ခဲ့ရတယ်။ အဲ့ကြားထဲရတဲ့ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းနဲ့ အဆင်မပြေရတဲ့ကြားထဲပေါ့နော်။ စားဖို့တောင် မနည်းရုန်းကန်နေရတဲ့အခြေအနေမှာ ဒီလိုဟာကြီးကြားလိုက်ရတော့ စိတ်ထဲမှာ အလုပ်တောင် လုပ်ချင်စိတ်မရှိအောင် စိတ်ဓာတ်တွေအရမ်းကျသွားတယ်။ စိုးရိမ်စိတ်တွေ မြင့်တက်ခဲ့တယ်။ လက်ရှိ ကျွန်မတို့ဘက်မှာတော့ မကောက်သေးဘူး။
ကျွန်မတို့ ညီမလေးတွေရှိတဲ့ ဧရာဝတီတိုင်းဘက်မှာဆိုရင် သူတို့တွေကိုစာရင်းလိုက်ကောက်ပြီးသွားပြီ သူတို့ရဲ့ မိဘတွေဆိုသူတို့ရန်ကုန်ရောက်နေလို့ မထည့်တာ၊ ရွာက မိန်းကလေးတွေဆို (၁၈)နှစ်ပြည့် ပြီးတာနဲ့ သူတို့ စာရင်းပေးရတယ်။ ကိုယ်တိုင်သာ စာရင်းကောက်တဲ့အထဲပါမယ်ဆို အခက်အခဲက မပြောပြတတ်အောင်ပဲ။ အိမ်မှာ မိသားစုတွေရှိတယ်။ မိဘတွေကလည်း သူတို့သားသမီးတွေ ထည့်လိုက်ရတဲ့အတွက် ငိုတာတို့ သတိလစ်တာတို့တွေလည်းရှိတယ်။ ကိုယ့်မိဘတွေလည်း အဲ့လိုဖြစ်မှာကျိန်းသေတယ်။ အဲ့လိုအချိန်မျိုးက မတွေးရဲစရာပါပဲ။ ကိုယ်တွေအနေအထားနဲ့ကတော့ နိုင်ငံခြားထွက်ဖို့အဆင်မပြေဘူး။ ဒါပေမယ့် သူတို့ဆီကို လုပ်ဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ စာရင်းထဲမပါအောင် ရှောင်ဖို့ငွေပေးလို့ကလည်း အဆင်မပြေနိုင်ဘူး။
ကိုယ်ရတဲ့လစာက ကိုယ့်မိသားစုနဲ့တောင်မလောက်ဘူး။ ကိုယ်တောင် မနည်းခြိုးခြံပြီးစားနေရတာဆိုတော့ သူတို့ကိုပေးဖို့ဆိုတာ ငွေပိုငွေလျှံရှိတာမဟုတ်ဘူး။ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပေမယ့်လည်း စိတ်ပူရတယ်။ မောင်လေးတွေရှိတယ်။ ညီမလေးတွေရှိတယ်။
ကိုယ်တွေရဲ့နီးစပ်ရာပတ်ဝန်းကျင်က စစ်တပ်နဲ့ပတ်သက်တဲ့သူတွေဆို ကလေးလေးယောက်လောက်နဲ့ မိခင်တစ်ယောက်ရှိတာတောင် ဆန်လေးလုံးလောက်ပေးပြီး ရိက္ခာကိုပေးတာ အဲ့လိုနေရာကိုရောက်သွားရင် မသေထမင်းမသေဟင်းစားပြီးနေရမှာဆိုတော့ အဆင်မပြေဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ ပိုက်ဆံငွေ အင်အားနဲ့လိုက်နေတာ တချို့အသိုင်းအဝိုင်းတွေဆို ထိခိုက်ပွန်းပဲ့မခံဘူး။ ကိုယ်တွေလို အောက်ခြေလူတန်းစားတွေကို ထိုးကျွေးပြီးထည့်မှာလေ။ တချို့ကျတော့လည်း မိဘတွေက ရှိတာလေးတွေရောင်းချပြီး သူတို့ သားသမီး ကင်းလွတ်အောင် ပြည်ပကိုပို့တာရှိတယ်။ တချို့ဆိုလည်း ပိုက်ဆံမတတ်နိုင်ပေမယ့် စင်္ကာပူလို ဒူဘိုင်းလို နိုင်ငံမျိုးသွားတာတွေရှိတယ်။
ကျွန်မတို့ဆိုလည်း အိမ်ထောင်ရှိပေမယ့် အိမ်ထောင်ကျကျ၊ မကျကျသူတို့သတ်မှတ်တာကလည်း ဥပဒေအရဆိုပေမယ့် တကယ်တမ်းသူတို့လုပ်ချင်ရင်လုပ်တာပဲဆိုတော့ ဘယ်သူကမှလည်း သူတို့ပြောတာမယုံဘူး။ အချိန်တန်ရင် သူတို့လုပ်ချင်တာလုပ်တာပဲ။ ကိုယ့်ရဲ့မောင်တို့ ကိုယ့်ရဲ့ယောကျ်ားတို့ ပုံမှန်အလုပ်သွားလို့ ကားကြပ်လို့နောက်ကျတာမျိုးဆိုရင်တောင် ဘာများဖြစ်နေလဲဆို စိုးရိမ်စိတ်တွေနဲ့နေရတယ်။ အိမ်ကလူကလည်း စိတ်ပူနေရသလို ပြန်လာတဲ့လူကလည်း စိုးရိမ်စိတ်နဲ့ပြန်လာရတယ်။ ပေါ်တာဆွဲတာတွေ၊ လုတာ ရိုက်နှက်တာတွေလည်းရှိနေတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကြိုတင်တွေးပူနေရတယ်။ အိမ်ထောင်ဖက်အတွက်လည်း ပူရသလို ကိုယ့်မောင်ကိုယ့်ညီမတွေကို ပူရတာတမျိုးပူပန်မှုတွေက အများကြီးပဲ။
မအေးလဲ့
အထည်ချုပ်စက်ရုံ
ဥပဒေထွက်တုန်းကဆို ကြောက်တာပေါ့။ စစ်မှုထမ်းရမယ်ဆိုတော့ အသက်အပိုင်းအခြားတော့ခေါ်မယ်ဆိုတော့ ကြောက်တော့ကြောက်နေတယ်။ အပေါင်းအသင်းတွေထဲမှာ သူတို့မောင်တွေ အကိုတွေ မဲတွေပေါက်တုန်းကဆို ငိုနေကြတာကြုံဖူးတယ်။ ကိုယ်တွေသာ စာရင်းကောက်တဲ့အထဲ ပါမယ်ဆို အခက်အခဲတွေကတော့အများကြီးပဲ။ အိမ်မှာက မိဘနှစ်ပါးရှိတာ ကိုယ်မရှိရင်ဘယ်သူကြည့်မလဲ၊ အိမ်မှာရှိတဲ့ကလေးတွေကလည်း ငယ်သေးတယ်။ မိဘနှစ်ပါးနဲ့ကလေးတွေပဲရှိတော့ အဆင်မပြေဘူး။ နိုင်ငံခြားသွားဖို့ဆိုတာလည်း အဆင်မပြေဘူး။ မဖြစ်မနေဆိုရင်တော့ သွားချင်တယ်။ သွားဖို့ဆိုပြီး ပိုက်ဆံစုဆောင်းထားတာတော့မရှိပါဘူး။ ဒါပေမယ့် ကိုယ်အဝေးထွက်သွားရင် မိဘနှစ်ပါးကိုဘယ်လိုလုပ်ရမလဲ။ ဒီစစ်တပ်ထဲကိုအမျိုးသမီးတွေကိုထည့်တော့ရော ဘာထူးမှာလဲ။
သူတို့က ဘာရည်ရွက်ချက်ကြောင့်နဲ့ မိန်းကလေးတွေကိုခေါ်တာလဲ။ အခက်အခဲတွေကတော့ အများကြီးပါပဲ။