သတင်းတို
စစ်ကောင်စီမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို နှစ်ပေါင်းများစွာ လက်နက်သဖွယ် အစဉ်တစိုက် အသုံး ပြုခြင်းများအား အချက်အလက်များနှင့်တကွ မှတ်တမ်းတင်ဖော်ပြပြီး တရားမျှတမှု ရရှိစေရေးဆောင်ရွက်နိုင်ရန် အပါ အဝင် အချက် (၁၁) ချက်ကို အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်တက်ရောက်သူများက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီမှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၃၂၅ ကို ချမှတ်ခဲ့တဲ့ နှစ်ပတ်လည်လဖြစ်တဲ့ အောက်တိုဘာလအတွင်း M-WPS အဖွဲ့က ဦးဆောင်ပြီး လက်ရှိ မြန်မာနိုင်ငံအကြပ်အတည်းကာလ အတွင်း အမျိုးသမီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ အခြေအနေတွေကို အောက်တိုဘာလ နောက်ဆုံးပတ်မှာ အွန်လိုင်းဖြင့် နှစ်ရက်တာ ဆွေးနွေးခဲ့ကြကာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်နေခြင်းက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေး၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေများကို အားကောင်းလာစေမှာ မဟုတ်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်နေမှုအား ပံ့ပိုးကူညီမှုများ လုံးဝမပြုလုပ်ရန်၊ လက်နက်နဲ့ နည်းပညာတွေ မထောက်ပံ့ရန်တို့ အပါအဝင် စစ်ကောင်စီကို တရားဝင်မှုရရှိ စေမည့် လုပ်ဆောင်မှုများ မပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။
သဘောထားထုတ်ပြန်ချက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ကျူးလွန်ခြင်း က စစ်ရာဇဝတ်မှုမြောက်စေသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လိုက်နာရမယ့် ကျင့်ဝတ်တွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို အလေးထားမှုရှိစေရန်နဲ့ အကြမ်းဖက်မှုကျူးလွန်သူ မည်သူ့ကိုမဆို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မပြုရန် ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအရေးကိစ္စတွေကို အကောင်အထည်ဖော်ရာမှာ ၂၀၂၄ ခုနှစ်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြုထားတဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူ ဟာမူဘောင် ၂၀၂၄ – ၂၀၂၇ ကို ကိုးကားပြီး ယင်းမူဘောင်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဦးတည် ဆောင်ရွက်ပေးရန်လည်း ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။
ထိုအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်မှာ မြန်မာနိုင်ငံနှင့် နိုင်ငံအသီးသီးမှ မြန်မာ့အရေးတက်ကြွသူ အမျိုးသမီး(၆၇) ဦးနဲ့ အမျိုးသား (၇)ဦး၊ စုစုပေါင်း (၇၄)ဦး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024