Home သတင်း မလုံခြုံ ထိတ်လန့်မှုများအောက်က လူပ်ရှားသွားလာနေရတဲ့အမျိုးသမီးတွေ

မလုံခြုံ ထိတ်လန့်မှုများအောက်က လူပ်ရှားသွားလာနေရတဲ့အမျိုးသမီးတွေ

ဒေဝီ။ ။

မသူဇာတစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ ချိန်းဆိုထားတဲ့နေရာကိုသွားဖို့ အိမ်ကနေထွက်လာပြီး ဘတ်စ်ကား မှတ်တိုင်နား မရောက်ခင်မှာ နေအိမ်ကနေထွက်လာနေပြီဆိုတဲ့အကြောင်း သူငယ်ချင်းကို ဖုန်းဆက်ပြောပြီး ဖုန်းကိုလွယ်ထားတဲ့ အိတ်ထဲ ပြန်ထည့်လိုက်စဉ် ခဏလေးမှာပဲ အိတ်ကို ရုတ်တရက် ဆောင့်ဆွဲတာခံလိုက်ရတယ်။

လွယ်ထားတဲ့ အိတ်ကိုဆွဲဆောင့်လိုက်တဲ့အရှိန်ကြောင့် လူကလည်း လမ်းမပေါ်ပစ်ကျသွားခဲ့တယ်။ လဲကျရာကနေ အိတ် ကို ဆွဲယူသွားတဲ့သူကို လှမ်းကြည့်မိလိုက်တော့ ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က သူ့အိတ်ကိုလုယူပြီး မောင်းထွက် သွားတာကိုတွေ့လိုက်ရပါတယ် ။

ဆောင့်ဆွဲလိုက်တဲ့အရှိန်ကြောင့် လက်နဲ့ဒူးမှာ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ထိတ်လန့်နာကျင်နေတဲ့ကြားက အိတ်လုသွားလို့ အော်ဟစ် အကူအညီတောင်းပေမယ့် နေ့ခင်းလူအသွားအလာနည်းတဲ့အချိန်ဆိုတော့ ဘေးပတ်ဝန်းကျင်ဆီက အကူအညီ မရခဲ့ပါဘူး။

” ကျွန်မအိတ်လုသွားလို့ ဖမ်းပေးကြပါဦးလို့အော်ပေမယ့် ဆိုင်ကယ်ကမောင်းထွက်သွားပြီ၊ ရုတ်တရက်ဖြစ်သွားတာဆို တော့ လမ်းထိပ်ကလူတွေကလည်း ဘာဖြစ်သွားလဲဆိုတာတောင်သိပ်မသိလိုက်ကြဘူး။ ညီမအော်တော့မှ လုသွားတယ် ဆိုတာသိတာ” လို့ သာကေတမြို့နယ်မှာနေတဲ့ အသက် ၂၆ နှစ်အရွယ် မသူဇာကဆိုတယ်။

သူအော်လိုက်တဲ့အသံကြောင့် လမ်းထိပ်မှာရှိတဲ့ လူတစ်ချို့က မသူဇာ အနားကိုရောက်လာပြီး ဝိုင်းဝန်းကူညီပေးခဲ့ပေမယ့် လုယက်သွားတဲ့သူတွေကိုတော့မမိခဲ့ပါဘူး။

လုယက်မှုကို ရဲတိုင်ဖို့စဉ်းစားမိပေမယ့် ပိုက်ဆံအနည်းငယ်နဲ့ ဖုန်းပဲပါသွားတာကြောင့် အလုပ်မရှုပ်ချင်တော့သလို၊ ဒီအချိန် မှာ တိုင်ကြားဖို့ကလည်း ဘာမှထိရောက်မှာမဟုတ်တဲ့အတွက် ရဲစခန်းမတိုင်ဘဲ ဒဏ်ရာတွေနဲ့ အိမ်ကိုသာပြန်ခဲ့လိုက်တယ် လို့ မသူဇာကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြတွေရော နယ်မြို့တွေမှာပါ သိသိသာသာကြုံလာရတာက ဒုစရိုက်မှုတွေ အကြမ်းဖက် လုယက်မှုတွေ တစ်နေ့ထက်တစ်နေ့များပြားလာပြီး ပြည်သူတွေဘဝ မလုံခြုံတော့တဲ့အခြေအနေပါ။ ရန်ကုန်မြို့လူစည် ကားရာနေရာဖြစ်တဲ့ လှည်းတန်းမှာလည်း ပြီးခဲ့တဲ့ မတ်လက တက္ကစီငှားစီးတဲ့ အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းနဲ့ ကားပေါ် ပါလာသူနှစ်ဦးက ရိုက်နှက်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကို လုယက်သွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

ပြည်သူတွေမှာ စီးပွားရေးကျပ်တည်းလာတဲ့အပြင် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးလျော့ရဲလာမှုတွေ၊ အဓိက တာဝန်ရှိအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ကလည်း ဒုစရိုက်မှုကျူးလွန်သူတွေကို စောင့်ကြည့်အရေးယူရမဲ့အစား ဆန္ဒပြသူ တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီကိုဆန့်ကျင်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပစ်မှတ်ထား ဖမ်းဆီးအရေးယူတာတွေ ၊ အကျဉ်းထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတဲ့အခါ ခိုးဆိုးလုယက်သူ၊ ဒုစရိုက်မှုကျူးလွန်သူတွေကိုပါ လွတ်ငြိမ်းပေးမှုတွေ ကြောင့် နေရာစုံ မြို့နယ်စုံမှာ အကြမ်းဖက်လုယက်မှုတွေက ပိုများလာပါတယ် ။

ဒီလိုကြုံတွေရသူတွေထဲ မသူဇာလည်း ပါဝင်ခဲ့တာပါ။ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက မသူဇာတို့ရပ်ကွက်မှာ လုယက်မှုတွေခိုးမှုတွေ၊ နေအိမ်ဖောက်ထွင်းမှုတွေကို မကြာခဏကြားနေပေမယ့် ကိုယ်တိုင်ကြုံရမယ်လို့ မတွေးမိခဲ့ပါဘူး။

အိတ်အလုခံရတဲ့နေရာဟာ မသူဇာ နေ့စဉ်ဆိုသလို သွားလာနေကျနေရာဖြစ်ပြီး အိမ်ကနေကားမှတ်တိုင်ကိုရောက်ဖို့ ငါးမိနစ်တောင်မရှိတဲ့အကွာအဝေးနေရာမှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကြောင့် အခုဆို ဘယ်နေရာသွားသွား မလုံခြုံတဲ့အခြေ အနေကို ခံစားနေရတယ်လို့ ပြောပါတယ်။

” လူအသွားအလာကျဲပေမယ့် လူပြတ်တဲ့နေရာမဟုတ်ဘူး။ ပြီးတော့ နေ့ခင်းပိုင်းအချိန်ကြီးဖြစ်သွားတာ အိမ်ကလူကြီးတွေ ကတော့ လူကိုဘာမှမလုပ်သွားတာပဲ ကံကောင်းတယ်ပေါ့။ တစ်ချို့ဆို လုခံရတဲ့အပြင် ဓားနဲ့ပါလုပ်သွားတာတွေလည်း ကြားနေရတာလို့” မသူဇာက‌ပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက ရန်ကုန်မြို့မှာ အမျိုးမျိုးသော အကြမ်းဖက်မှုတွေ လုယက်ရိုက်နှက်မှုတွေကြားနေရတော့ အရင်လို ညဘက်တွေမှာ သွားသွားလာလာမလုပ်တော့သလို အပြင်ထွက်လို့ ကားငှားစီးရင်တောင် သူငယ်ချင်း အဖော် တွေ ပါမှပဲ စီးတာဖြစ်ပြီး ဒီလိုကြုံတွေ့လိုက်ရတော့ ပြန်တွေးတိုင်း ထိတ်လန့်မိတယ်လို့ဆိုပါတယ်။

” အရင်ကဆို မသွားလာဖူးတဲ့နေရာတွေ လူပြတ်တဲ့နေရာတွေလောက်ပဲ သွားတာလာတာသတိထားရတာ၊ အခုက ကိုယ့် နေရာနားမှာဖြစ်သွားတော့ အရမ်းလန့်သွားတာ၊ ဈေးသွားတာတောင် နောက်က ကားသံဆိုင်ကယ်သံ ကျယ်ကျယ် ကြား ရင် လန့်လန့်ပြီး နောက်လှည့်ကြည့်ရတယ်” လို့ မသူဇာကပြောပါတယ်။

မသူဇာလိုပဲ မလုံခြုံတဲ့ကာလမှာ အကြမ်းဖက်ရန်ပြုခံလိုက်ရသူက မနှင်းနှင်း (အမည်လွှဲ)ပါ။ မနှင်းနှင်းက လူအသွားအလာ များတဲ့ လှိုင်မြို့နယ်က သံလမ်းမှတ်တိုင်နားမှာ လမ်းလျှောက်နေတုန်း ‌‌အမျိုးသားတစ်ယောက်က သူ့ကို ကားလမ်းမပေါ် တွန်းချတာ ခံလိုက်ရပါတယ်။

လမ်းမပေါ်အရှိန်နဲ့လဲသွားစဉ်မှာပဲ ယင်းအမျိုးသားက မနှင်းနှင်းလက်ထဲက ထီးကိုဆွဲလုပြီး ထီးအချွန်နဲ့ဒေါသတကြီး ဆက် တိုက် ရိုက်နှက်ခဲ့တယ်။ မနှင်းနှင်းက အော်ဟစ်အကူအညီတောင်းပေမယ့် ရပ်မသွားဘဲ ‌ဒေါသတကြီးနဲ့ ပိုရိုက်နှက်နေခဲ့ တယ်။ မနှင်းနှင်းရဲ့ အဆက်မပြတ်အော်ဟစ်အကူအညီ တောင်းသံကြောင့်အနီးက ဆိုက်ကားနင်းသူတစ်ဦးက ဝင်ရောက် ဟန့်တားခဲ့တာကြောင့် ယင်းအမျိုးသားက ရိုက်နှက်နေရာတာကနေ ရပ်ပြီးအေးအေးဆေးဆေးထွက်သွားတာလို့ ပြောပါ တယ်။

” ရိုက်ပြီး တစ်လှမ်းချင်းထွက်သွားတာ ပြေးတောင်မပြေးဘူး၊ အရူးပါးနေမယ်၊ သူရူးတာက အန္တရာယ်များတယ် “လို့ မနှင်း နှင်းကပြောပါတယ်။

ယင်းအမျိုးသား လမ်းလည်ခေါင်ကို တွန်းလိုက်ချိန်မှာ မြေကြီးနဲ့ရိုက်မိတဲ့အရှိန်ကြောင့်ပါလာတဲ့ လက်တော့မှာအနည်းငယ် ပဲ့သွားသလို၊ ခန္ဒာကိုယ်နဲ့လက်မှာ နာကျင်တာ၊သွေးခြေဥတာ ပွန်းပဲ့ဒဏ်ရာတွေရခဲ့ပြီး လက်နှစ်ဖက်မှာ တစ်ပတ်လောက် နာကျင်မှုကိုခံခဲ့ရတယ်လို့ ပြောပါတယ်။

“သူ့ပါးစပ်ကနေလည်း နင်ငါ့ကို အဲ့ဒီလိုလာမလုပ်နဲ့လို့ပြောတယ်။ ခေါက်ထီးကို အရွက်နေရာချိုးပြီးအချွန်နဲ့ ထိုးခါနီးမှာ အဘတစ်ယောက်ဝင်တားလို့ လှည့်ထွက်သွားတာ”လို့ မနှင်းနှင်းက‌ပြောပါတယ်။

မနှင်းနှင်းကို ရိုက်နှက်နေစဉ်က အနီးဝန်းကျင်မှာ လူတစ်ချို့ရှိနေပေမယ့် လာရောက်ကူညီပေးမယ့်သူမရှိဘဲ တချို့တွေက မဆိုင်သလို လှမ်းကြည့်နေသလို အချို့ကလည်း အချင်းချင်းရန်ဖြစ်နေတာမှတ်လို့ ဝင်မကူညီတာလို့ ပြန်ပြောပါတယ်။

” သူ့ကပါးစပ်ကနေ ကျွန်မကိုသိတယ် သိတယ်လို့ပြောလို့ အသိတွေမှတ်ပြီးဝင်မကူတာလို့ အနားကလူတွေကပြောတယ်။ ဒါပေမယ့်အသိဖြစ်ဖြစ် သူစိမ်းဖြစ်ဖြစ် လင်မယားဖြစ်ဖြစ် အကြမ်းဖက်ခံနေရရင် ဝင်ကူသင့်ကြောင်း ဒီလူသာ ဓားပါရင် ပထမ နှစ်ချက်နဲ့တင် အသက်ပါနေပြီဖြစ်ကြောင်းကို ပြောခဲ့ရတယ်”လို့ ပြောပါတယ်။

အင်းစိန်လမ်းမ (သံလမ်းမှတ်တိုင်၊သုခ မှတ်တိုင်)အနီးတွင်သွားလာပြီး အမျိုးသမီးများနဲ့ သက်ကြီးရွယ်အိုများကို ပစ်မှတ်ထား ရန်ပြုလေ့ရှိသူ

အနီးဝန်းကျင်က သူတွေပြောပြချက်အရ ယင်းအမျိုးသားရဲ့ မိန်းကလေးတွေကို အကြောင်းမဲ့ရိုက်နှက်မှုက တခါနှစ်ခါမက ဖြစ်ခဲ့ဖူးပြီး စိတ်မမှန်တဲ့ပုံစံမျိုးနဲ့ မိန်းကလေးတွေကိုဦးတည်ပြီး အကြမ်းဖက်ရိုက်နှက်နေတာကြောင့် ယင်းနေရာကို ဖြတ် သန်းသွားလာနေတဲ့ အမျိုးသမီးလေးတွေလည်း သတိထားသွားလာဖို့လိုသလို ရပ်ရွာတာဝန်ရှိသူတွေလည်း ယင်းအမျိုး သားကျူးလွန်တာတွေအတွက် တစ်ခုခုဟန့်တားလုပ်ဆောင်စေချင်တယ်လို့ မနှင်းနှင်းက ပြောပါတယ်။

မနှင်းနှင်းလည်း သူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ ရဲစခန်းတိုင်လည်း ဖမ်းဆီးအရေးယူတာ မျိုး လုပ်မှာမဟုတ်တဲ့အတွက် မတိုင်ကြားဖြစ်ခဲ့ဘဲ ယင်းအမျိုးသားရဲ့ပုံပန်းသဏ္ဍန်ကို ယင်းနေရာဝန်းကျင်ဖြတ်သန်းသွား လာနေတဲ့ အမျိုးသမီးတွေ သတိထားရှောင်ကျဉ်နိုင်အောင် လူမူကွန်ရက်ပေါ်မှာသာ တင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

အကြမ်းဖက်လုယက်ခံရတဲ့ဒုစရိုက်မှု ရန်ကုန်မှာတင်ကြုံရတာတင်မဟုတ်ပါဘူး။ မန္တလေးမြို့မှာလည်း အမျိုးသမီးတစ်ဦး အသတ်ခံရပြီး ကားပေါ်မှာပါလာတဲ့ငွေနဲ့ရွှေထည် ပစ္စည်းတွေလုယက်သွားတာစတဲ့လုယက်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့မှာ ဆိုင်ကယ်ဆီဖြည့်ပြီးပြန်လာတဲ့ အသက်၂၁အရွယ် မိန်းကလေးတစ်ဦးကို ဆိုင်ကယ်နဲ့လူနှစ်ဦးက လမ်းပိတ်ရပ်ပြီး ဓားထောက်ကာ ဖုန်းနဲ့လက်စွပ်ကို လုယက်ခဲ့သလို ယင်းမိန်းကလေး လက်ကို ဓားနဲ့ခုတ်ပြီး ဆိုင်ကယ် လုယူသွားတာ၊ ရှမ်းပြည်နယ်မူဆယ်မြို့မှာ အသက်၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦး ကားအရောင်းအဝယ်လုပ်ဖို့ ချိန်းဆိုတဲ့ နေရာသွားရောက်စဉ် အသတ်ခံလိုက်ရတာ၊ အမှိုက်ကောက်တဲ့ အမျိုးသမီးကို လုယက်ရာမှာ ငွေကြေးမရရှိတာကြောင့် ဓားနဲ့ထိုးသွားလို့ သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ပါသေးတယ်။

” အခုလိုဖြစ်တာ ဖမ်းမယ့်သူမရှိလို့ပါ တာဝန်ရှိသူတွေက မဖမ်းဘဲလွှတ်ထားတာကြောင့် လုယက်တာတွေရိုက်နှက်ခံရ တာတွေဖြစ်နေတာ”လို့ မိတ္ထီလာမြို့နယ်မှာနေထိုင်တဲ့ မစုစု(အမည်လွှဲ)ကပြောပါတယ်၊

မစုစုကလည်း စားသောက်ဆိုင်မှာသူငယ်ချင်းတွေနဲ့ မုန့်ထိုင်စားနေတုန်း စားပွဲခုံပေါ်တင်ထားတဲ့ ပိုက်ဆံအိတ်ကို လုယူ သွားခြင်းခံရတာပါ။

” ပေါ်တင်ကို အလစ်သုတ်သွားတာ၊ အိမ်သာသွားသလိုလိုနဲ့ ဆိုင်ထဲဝင်လာပြီး ပြန်ထွက်လာတော့ ဖုန်းနဲ့ပိုက်ဆံအိတ် ယူသွားတာ” လို့ မစုစုကပြောပါတယ်။

လုယက်သူနောက်ပြေးလိုက်ပြီး ဖမ်းဆီးပေမယ့်ဆိုင်ကယ်နဲ့ထွက်ပြေးတာကြောင့်မမိခဲ့သလို၊ ထွက်မပြေးနိုင်အောင် ဆိုင် ကယ်ကို နောက်ကနေဆွဲထားတဲ့ မစုစုကိုယ်တိုင်လည်း အရှိန်လွန်ပြုတ်ကျခဲ့ပြီး လက်နဲ့နဖူးတွေမှာပါ ဒဏ်ရာရခဲ့တယ်လို့ ဆက်ပြောပါတယ်။

ယင်းလုယက်သူက ဆိုင်ထဲဝင်ရောက်ပြီး ပစ္စည်းမလုယူခင် အပြင်မှာရပ်ထားတဲ့ ကားကို လိုက်လံဖွင့်ကြည့်ပြီး ကားထဲက ပစ္စည်းတွေကို ခိုးယူဖို့ကြံစည်သေးတယ်လို့ဆိုပါတယ်။

ဒီလို နိုင်ငံအနှံ့မှာ လုယက်မှုတွေခိုးမှုတွေ ၊မိန်းကလေးတွေကို အကြမ်းဖက်ရိုက်နှက်မှုတွေက ခပ်စိပ်စိပ်တွေ့လာရသလို ယင်းကျူးလွန်သူတွေကိုလည်း ဆိုင်ရာအဖွဲ့အစည်းတွေက အရေးယူမှုမပြုဘဲလွတ်ထားတာကြောင့် ပြည်သူတွေမှာ မလုံမခြုံနဲ့နေထိုင်နေရတာလို့ အကြမ်းဖက်ခံရသူတွေက ဆိုပါတယ်။

လူသွားလူလာပြတ်တဲ့နေရာတင်သာမက လူစည်ကားရာနေရာတွေမှာပါ ခါးပိုက်နှိုက်မှု၊လုယက်မှုတွေ အကြမ်းဖက်မှုတွေ၊ ရိုက်နှက်မှုတွေကို နေ့စဉ်နဲ့အမျှကြားနေရတော့ နေ့စဉ်အပြင်ထွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အိမ်သားတွေအတွက် အိမ်မှာ ကျန်နေတဲ့ မိသားစုတွေမှာလည်း စိတ်ပူပန်နေရပါတယ်။

ရန်ကုန်မှာနေတဲ့ ကလေးသုံးဦးမိခင်‌‌ဒေါ်စန်းစန်းဆိုရင် သာမန်လက်လုပ်လက်စားမိသားစုဖြစ်တဲ့အတွက် ရွှေငွေတွေမဆင် နိုင်ပေမယ့်လည်း အခုကာလလူတွေက ကျပ်တည်းလာတဲ့အခါ ဖုန်းတွေပိုက်ဆံအိတ်တွေကအစ ရတဲ့ပစ္စည်းတွေကို လုယက်တာ၊ ခြိမ်းခြောက်ငွေတောင်းယူတာ၊ ပစ္စည်းတင်မက လူပါအန္တရာယ်ပေးတာစတဲ့သတင်းတွေကို ကြားနေရတော့ နေ့စဉ် အလုပ်သွားနေရတဲ့ သားနဲ့သမီးဖြစ်သူတို့တွေအတွက် စိတ်မချဖြစ်မိတယ်လို့ဆိုပါတယ်။

ဒေါ်စန်းစန်းရဲ့သားနဲ့သမီးတို့က အပြင်ထွက်အလုပ်တဲ့သူတွေဖြစ်တော့ မနက်၈နာရီကျော်ကတည်းက အိမ်ကထွက်ပြီး ညဆို ခုနှစ်နာရီဝန်းကျင်မှ ပြန်လာတဲ့အတွက် အိမ်ပြန်မရောက်မချင်း စိတ်ပူပန်ရပြီး သားသမီးတွေရုံးသွားရုံးပြန် ကားမှတ် တိုင်ကိုလိုက်ပို့လိုက်ကြိုရတာ အလုပ်ရောက်တဲ့အခါလည်း မလိုအပ်ဘဲနဲ့ အပြင်ခဏခဏမသွားဖို့၊ဖုန်းတွေ ဘာတွေကို မြင်သာအောင် မထားဖို့ကို မှာထားရတယ်လို့ ဆိုတယ်။

” သူတို့ကို အစစအရာရာ ဂရုတစိုက်နဲ့နေခိုင်းရတယ်၊ မတော်လို့ လုယက်တာနဲ့ ကြုံတွေ့ရင်တောင် သူတို့လိုချင်တာ အသာတကြည်နဲ့ပေးလိုက်လို့မှာထားရတယ်၊ ပစ္စည်းပါတာအရေးမကြီးဘူး။ လူဘာမှမဖြစ်ဖို့အရေးကြီးတယ်လေ” လို့ ဒေါ်စန်းစန်းက ‌ပြောပါတယ်။

မြို့ပြနဲ့ နယ်မြို့နယ်တွေမှာ ယခင်ထက်ဒုစရိုက်မှုတွေ တစ်နေ့တခြားပေါများနေပြီး ဒါတွေက အဓိက တာဝန်ရှိအဖွဲ့ အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က တာဝန်ယူတားဆီးဆောင်ရွက်ရမှာဖြစ်တယ်လို့ CDM ရဲဝန်ထမ်းတစ်ဦးက‌ပြောပါတယ်။

ရာဇဝတ်မှုတွေ လျော့ပါးအောင်ဆောင်ရွက်ရမှာက ရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ဖြစ်ပေမယ့် လက်ရှိကျူးလွန်နေတဲ့ အမှု အခင်းတွေကို ထိထိရောက်ရောက်နှိမ်နင်းတားဆီးတာမျိုးမတွေ့ရဘဲ စစ်ကောင်စီရဲ့ညွှန်ကြားမှုတွေနဲ့ပြည်သူတွေကိုသာ ဆန့်ကျင်သူတွေ အဖြစ် သတ်မှတ်ပြီးဖမ်းဆီးအရေးယူတာ၊ အမှုအခင်းတွေကို လာဘ်လာဘမျှော်ကိုးပြီး လုပ်ဆောင် နေတာမျိုးတွေပဲ တွေ့ရကြားရတယ်လို့ ယင်းရဲဝန်ထမ်းကပြောပါတယ်။

” မတည်ငြိမ်တဲ့အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့အကျိုးအတွက် မျှော်ပြီး လုပ်နေတာတွေများတယ်၊ ပြည်သူတွေ ဘယ်လောက်ထိခိုက်ထိခိုက် ၊ မလုံမခြုံဖြစ်လည်းပဲ သူတို့နဲ့မဆိုင်သလိုနေနေတာ၊ ဒီအမှုအခင်းတွေကို အရေးတစ်ယူနဲ့ ဖိဖိ စီးစီး ဖမ်းဆီးတာမျိုးမရှိဘူး”လို့ “ယင်းရဲဝန်ထမ်းက ပြောပါတယ်။

ပြည်သူတွေမှာလည်း စားဝတ်နေရေး ကျပ်တည်းမှုတွေအပြင် ရာဇဝတ်မှုတွေထူပြောလှတဲ့အခြေအနေမှာ ကျီးလန့် စာစာဘဝတွေနဲ့နေထိုင်နေရပြီး အရင်လို လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ သွားလာနေထိုင်လို့ရတဲ့ အချိန်အခါကို ရောက်ဖို့ မျှော်လင့်နေကြပါတယ်။

မသူဇာကလည်း ဘယ်သွားသွားမလုံခြုံတဲ့အခြေအနေပေါ်မှာစိတ်ပျက်မိပြီး ပြည်သူတွေအေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ဖို့ ဆို ရာဇဝတ်မှုကျူးလွန်သူတွေကို လွှတ်မထားဘဲ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သေချာဖော်ထုတ်အရေး ယူစေချင် တယ်လို့ ယခုလိုဆိုပါတယ်။

” ဘယ်သွားသွားမလုံခြုံတဲ့အခြေအနေကြီးကို တအားစိတ်ပျက်တယ်။ မိန်းကလေးမလို့ ဆင်ဆင်ခြင်ခြင်သွားရမယ်ဆိုတဲ့ အမြင်မျိုး ပြန်ရောက်လာသလိုဖြစ်နေတာ ဒါပေမယ့်အခုကအကုန်လုံးမလုံခြုံတာ ဒါတွေကိုတော့လျစ်လျူရှုမထားသင့်ဘူး”

Author:

Related Articles