Home သတင်း ပခုက္ကူမြိုပေါ်မှ နေအိမ်တစ်အိမ်အား စစ်အုပ်စုက စီးနင်းရာ ယောကျ်ားကိုမတွေ့၍ ဇနီးနှင့် သမီးကို ဖမ်းဆီးသွား

ပခုက္ကူမြိုပေါ်မှ နေအိမ်တစ်အိမ်အား စစ်အုပ်စုက စီးနင်းရာ ယောကျ်ားကိုမတွေ့၍ ဇနီးနှင့် သမီးကို ဖမ်းဆီးသွား

နွေဦးမောင် ။ ။

ပခုက္ကူမြိုပေါ်ရှိ နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေရာတွင် ယောကျ်ားဖြစ်သူကိုမတွေ့သောကြောင့် ဇနီးနှင့် သမီးငယ်ကို ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။

ပခုက္ကူမြို့ ၊အမှတ် (၃)ရပ်ကွက်၊ မဒေါင်းလှရပ်မှ ကိုဇော်ထွန်းအောင်၏ နေအိမ်အား ဒီဇင်ဘာ ၁၄ နေ့ လယ် ၃ နာရီခန့်က ဝင်ရောက်ရှာဖွေခြင်းခံရပြီး ကိုဇော်ထွန်းအောင်အား မတွေ့သောကြောင့် ၎င်း၏ဇနီး မမေသီရိနှင့် ငါးနှစ်ခန့်အရွယ် သမီးငယ်တိုအား ဖမ်းဆီးသွားသည်ဟု ဆိုသည်။

“ယောကျ်ားဖြစ်သူက အိမ်မှာမရှိတာဗျ။ ဘယ်ရောက်နေလဲတော့ မသိဘူး။ ခရီးလွန်နေတာမျိုးတော့ မဟုတ်ဘူး။ အဲဒါကို မိန်းမနဲ့ကလေးကို ဓားစာခံ ဖမ်းသွားတာ”ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကိုဇော်ထွန်းအောင်အား PDF ကိုထောက်ပံ့ သည်ဟူသော စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်း၏နေအိမ်သို့ဝင်ရောက်ရှာဖွေစဥ် အခြားအမျိုးသားနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်လာသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသော ကိုဇော်ထွန်းအောင်၏ဇနီး မမေသီရိသည် အသက် (၂၅)နှစ်ခန့်ရှိပြီဖြစ်ပြီး ၎င်းတို့သား အမိအား စစ်ကောင်စီတပ်က ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ပခုက္ကူမြို ၊အမှတ်(၉) ရပ်ကွက်၊ တန်ဆောင်တိုင်လမ်းနေ မဖြိုးဖြိုးမင်းမောင်အား PDF များကိုထောက်ပံ့သည်ဟူသောစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ရိုက်နှက်ထိုးကြိတ် ဖမ်းဆီးခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီတပ်က မဖြိုးဖြိုးမင်းမောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ထားသည်။

Author:

Related Articles