Home ဆောင်းပါး အမျိုးသမီးစစ်မေတွေရဲ့ကျန်းမာရေးကို ရည်ရွယ်ကူညီပေးနေတဲ့”ယုံကြည်ချက်နဲ့ဆက်လျှောက်”

အမျိုးသမီးစစ်မေတွေရဲ့ကျန်းမာရေးကို ရည်ရွယ်ကူညီပေးနေတဲ့”ယုံကြည်ချက်နဲ့ဆက်လျှောက်”

ရှင်ငြိမ်း  

 “SAF ရဲမေလေးတွေက မိုးအရမ်းများတော့ အတွင်းခံတွေမခြောက်ဘူး။ အဲ့ဒီကနေမှ အမျိုးသမီး မှိုရောဂါတွေ ဖြစ်တယ်။ ရာသီလာချိန်မှာ(Pad) သုံးတော့ပိုပွားလာတယ်။ ရရာအတွင်းခံဝယ်ဝတ်ရတော့ ယောက်ျားလေး အတွင်းခံကအစ ဝတ်ရတယ်။”လို့ အသိပေးလာသူကတော့ 33 Society ရဲ့ Project Leader တစ်ဦးဖြစ်တဲ့ မမိုးသဲစေပါ။

33 Society က တိုက်ခိုက်ရေး၊ သတင်းပြန်ကြားရေးနဲ့ တခြားကယ်ဆယ်ရေး၊ နည်းပညာစတဲ့လုပ် ဆောင်မှုတွေလည်း အများကြီးလုပ်ဆောင်နေတာပါ။ အဲ့ဒီထဲက ပရော့ဂျက်(Project) တစ်ခုဖြစ်တဲ့ အမျိုးသမီးစစ်မေတွေရဲ့ ကျန်းမာရေးအတွက် ကူညီပေးနေတဲ့“ယုံကြည်ချက်နဲ့ဆက်လျှောက်”ဆိုတဲ့အစီအစဉ်တစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အခုလည်း ရခိုင်ပြည်နယ်က ကျောင်းသားလက်ရုံးတပ်တော် (SAF)မှ အမျိုးသမီးစစ်မေ ၅၀ ဦးကျော်အတွက် လိုအပ်နေတဲ့ Tampons ဗူး(၁၀၀) ကျော်၊ အမျိုးသမီးရောဂါသက်သာဖို့ လိမ်းဆေး (၁၆၀)ဗူးနဲ့ အတွင်းခံအထည် (၁၉၀)ကို ထောက်ပံ့ပေးဖို့ ရှိနေတာပါ။

ကျောင်းသားလက်ရုံးတပ်တော်မှ အမျိုးသမီးစစ်မေတွေဟာ မိုးကာလ မခြောက်သေးတဲ့အတွင်းခံတွေ ထပ်တလဲလဲသုံးတာနဲ့ အမျိုးသမီးလစဉ်သုံးတွေကို အချိန်အကြာကြီး ဝတ်ထားတာတွေကြောင့် မှိုဖြစ်ကာယားနာတွေဖြစ်တဲ့ ပြဿနာနဲ့ ကြုံနေရတာပါ။

SAF မှ နိုင်ရာတာဝန်ထမ်းနေတဲ့ စစ်မေရွှေသိဂီက“စစ်မေတွေရဲ့မိန်းမကိုယ်မှာ မှိုစွဲပြီး ယားနာတွေဖြစ်တယ်။ တချို့က လစဉ်သုံးကို အကြာကြီးဝတ်လို့ အဖြူဆင်းတာမျိုးရှိတယ်။ တချို့က ပူစပ်ပူလောင်တွေဖြစ်ပြီး ထိုင်မရ ထမရနဲ့ဆိုတော့ အလုပ်တွေပျက်တာပေါ့။”လို့ ရှင်းပြပါတယ်။

နောက် စစ်မေတချို့ဆိုရင် သားဥအိမ်ရေအိတ်တည်တဲ့ရောဂါတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေဟာ ရာသီသွေးဆင်းတဲ့အခါ ကိုက်ခဲနာကျင်မှုကို တခြားသူထက်ပိုမိုခံစားရလေ့ရှိပါတယ်။ သူတို့ဟာ နာကျင်မှုကိုသက်သာစေတဲ့ဆေးဝါးတွေမရတဲ့အတွက် လုပ်ငန်းတာဝန်တွေမထမ်းဆောင်နိုင်ကြတော့ပါဘူး။

“အခုလိုမိုးတွင်းမှာ အတွင်းခံတွေမခြောက်ဘူး။ နောက်လှမ်းတဲ့အခါ အဲ့မှာမှိုတွေပေါက်ဖွားမှုရှိတော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မိန်းမကိုယ်မှာ ယားနာတွေပေါက်တာအဖြစ်များတယ်။ အသစ်သွားဝယ်ဖို့ကလည်း မြို့ ပေါ် လိုအလွယ်တကူ မဟုတ်ဘူး။ နောက်အမျိုးသားတွေနဲ့မတူတာက အမျိုးသမီးတွေက ရောဂါပိုး ဝင်လွယ်တယ်။” လို့ မမိုးသဲစေက ရှင်းပြပါတယ်။

ယခင်ကတော့ ရခိုင်မှာ အတွင်းခံတွေ၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေကို ငွေကြေးနဲ့ဝယ်လို့ရပေမယ့် ဒေသတွင်းတိုက်ပွဲတွေဖြစ်လာတော့ ဒါတွေလည်း လိုသလောက်ဝယ်လို့မရတော့ပါဘူး။

ဓာတ်ပုံ – မိုးသဲစေ

ဒါ့အပြင် စစ်တပ်ရဲ့ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ထောက်ပို့လမ်းကြောင်းကြပ်တည်းတာနဲ့ ကုန်ဈေးနှုန်းမြင့် တက်လာမှုကြောင့် ဝယ်ဖို့ခက်ခဲတဲ့အနေအထားမှာ စစ်မေတွေဟာ ကြုံသလိုဖြေရှင်းရင်း အခုလိုရောဂါတွေ ဖြစ်လာခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်တပ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်နေသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ အစစအရာရာခက်ခဲကြမ်းတမ်းပြီး နေစားဖို့တောင်မလုံလောက်တဲ့ တောထဲတောင်ထဲမှာ မိသားစုကို စွန့်ကာလက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းနေတဲ့ အမျိုးသမီးတွေကလည်းမနည်းပေ။

ဒီအမျိုးသမီးတွေရဲ့ တကိုယ်ရေကျန်းမာရေးအတွက် ကူညီမှုတွေပြုလုပ်ပေးနေတာကတော့ 33 Society ရဲ့“ယုံ ကြည်ချက်နဲ့ ဆက်လျှောက်”အစီအစဉ် ဖြစ်ပါတယ်။

“အဓိကကတော့ တပ်ရင်းတပ်ဖွဲ့က အမျိုးသမီးတွေအနေနဲ့ တောထဲမှာနေရတာက မြို့ပေါ်မှာနေတာနဲ့ မတူဘူး။ မီးမရှိဘူး။ ရေရှားပါးတဲ့နေရာတွေရှိတယ်။ ဒီလိုနေရာတွေမှာ အမျိုးသားတွေနဲ့အတူတူ ယှဉ်တွဲနေထိုင်ရတယ်။ ဒီထဲမှာမှ ကျမတို့ရာသီလာတဲ့အချိန်တွေဆို ခက်ခဲတဲ့အပိုင်းတွေရှိတယ်။”လို့ ပရောဂျက် ခေါင်းဆောင် မမိုးသဲစေက ပြောပါတယ်။

ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တာကို အပြင်းအထန်ခံစားရတဲ့အမျိုးသမီးတချို့လည်းရှိပါတယ်။ ဒါပေမဲ့ တောထဲမှာ လူမျိုးပေါင်းစုံ၊ အယူအဆပေါင်းစုံရှိတာတွေကြောင့် အမျိုးသမီးတချို့က သူတို့ ခံစားရတဲ့ နာကျင်မှုဝေဒနာကို ထုတ်မပြောဝံ့ကြပါ။

ဥပမာ အမျိုးသမီးတစ်ယောက်က သူရာသီလာနေတဲ့အကြောင်းကို အမျိုးသားတွေရှိတဲ့နေရာ၊ လူအများကြားမှာ မပြောရဘူး။ ရှက်စရာလို့ ယူဆတာကြောင့် ဝေဒနာကို ကြိတ်မှိတ်ခံစားနေတဲ့ အမျိုးသမီးတွေလည်းရှိကြောင်း မမိုးသဲစေက ရှင်းပြပါတယ်။

စစ်ကိုင်း PDF မှ မမေပိုးကလည်း“ကျမတို့ရာသီသွေးကို အမျိုးသားတွေမြင်ဖို့ မသင့်တော်ဘူးဆိုတာတွေရှိတယ်။ အဲ့လိုအယူအဆတွေရှိတော့ ကျမတို့က ရာသီလာတိုင်း သူတို့ရှေ့မှာကို မရှိနေချင်တာ။ မလွတ်လပ်လို့။ အဲတော့ အလုပ်ဆိုလည်း မလုပ်ချင်၊ မသွားချင်ဘူးပေါ့။”လို့ ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် 33 Society က မြန်မာနိုင်ငံအနှံအပြားမှာရှိတဲ့ အမျိုးသမီးစစ်မေတွေရဲ့ တကိုယ်ရေ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး “ယုံကြည်ချက်နဲ့ ဆက်လျှောက်”အစီအစဉ်ကို ဖန်တီးလာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – မိုးသဲစေ

“ယုံကြည်ချက်နဲ့ ဆက်လျှောက်”ရဲ့အဓိပ္ပါယ်ကတော့ နယ်ပယ်နေရာအသီးသီမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသမီးစစ်မေတွေဟာ ရာသီသွေးဆင်းနေလည်း တော်လှန်ရေးအတွက် လုပ်ငန်းဆောင်တာတွေ ဆက်လုပ်သွားမယ်လို့ ဆိုလိုတာဖြစ်ကြောင်း မမိုးသဲစေက ရှင်းပြပါတယ်။

အမျိုးသမီးတွေမှာ မျိုးဆက်ပြန့်ပွားဖို့အတွက်သားအိမ်ရှိတာကြောင့် တစ်လမှာ တစ်ကြိမ်တော့ ရာသီသွေးဆင်းလေ့ရှိပါတယ်။ ရာသီသွေးဆင်းတယ်ဆိုတာ အရွယ်ရောက်တဲ့ အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ကိစ္စတစ်ခု ဖြစ်ပါ တယ်။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက် ပိုပြီး သန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် ပထမဆုံးအနေနဲ့ “ယုံကြည်ချက်နဲ့ ဆက်လျှောက်”အစီအစဉ်ကနေ မြန်မာပြည်တောင်ပိုင်း တော်လှန်ရေး နယ်ပယ်အသီးသီးက အမျိုးသမီးစစ်မေ ၂၀၀ ဦးအတွက် တကိုယ်ရေသုံးကျန်းမာရေးအိတ်(The Goody Bag) တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဘယ်လိုအတားအဆီးမှ မရှိပါဘဲ အာဏာရှင်ကျဆုံးရေးလုပ်ငန်းစဉ် မှာ”ယုံကြည်ချက်နဲ့ ဆက်လျှောက်” သွားနိုင်စေဖို့ ရည်ရွယ်ဖြန့်ဝေနေတာပါ။

ဒီတကိုယ်ရေသုံး ကျန်းမာရေးဆေးအိတ်မှာ အမျိုးသမီးများ လစဉ်ဓမ္မတာသွေးစီးဆင်းမှုအတွက် အသုံးဝင်မယ့် Pad အစားထိုး Menstrual Cup တစ်ခု၊ Mefenamic Acid အကိုက်အခဲပျောက်ဆေး တစ်ကဒ်၊ တစ်ကိုယ်ရည်သုံး ရေနွေးအိတ်တစ်အိတ်နဲ့ အရေးပေါ်သန္ဓေတားဆေးတစ်ကဒ် အဓိကပါဝင်ပါတယ်။

လစဉ်သုံးအစား Menstrual Cup ကို ပေးရတဲ့အကြောင်းကတော့ အမျိုးသမီးစစ်မေတွေအနေနဲ့ လစဉ်သုံး(PAD) တွေကို (၄)နာရီတစ်ကြိမ်လဲလှယ်ဖို့ မလွယ်ကူပါဘူး။ ဒါ့အပြင် သုံးပြီးသားတွေကို စွန့်ပစ်တဲ့နေရာမှာလည်း လူမြင်မခံတဲ့ကိစ္စရှိသလို အလွယ်တကူလည်း စွန့်ပစ်လို့လည်းမရတာတွေကြောင့်ပါ။

စစ်မေ မမေပိုးကတော့“တချို့လစဉ်သုံးတွေက ဓါတ်မတည့်တာတွေရှိတယ်။ ယားတယ်။ ပူတယ်ပေါ့။ နောက် သွေးဆင်းတာများရင် နှစ်ထပ်ခံရတာတို့ဘာတို့ရှိတယ်။ အဲ့တော့ ဖောင်းဖောင်းကြီးဖြစ်ရင် နေရတာလည်း မသက်သာဘူး။”လို့ ဆိုပါတယ်။

သူ့အတွက်တော့ လစဉ်သုံးထက် အကြိမ်ကြိမ် အခါခါပြန်သုံးနိုင်သလို ပြေးလို့ခုန်လို့လည်းရတဲ့ Menstrual Cup ကို သုံးရတာ ပိုအဆင်ပြေတယ်လို့ ပြောပါတယ်။

အများစုကတော့ လစဉ် သုံးပစ္စည်းတွေ အသုံးများကြပေမယ့် အနည်းဆုံးတော့ အရေးပေါ် လွယ်လင့်တကူ သုံးလို့ရမယ့် လစဉ်သုံးတွေ မရရှိနိုင်တဲ့ အခြေအနေမျိုး၊ လစဉ်သုံးတွေ အသုံးပြုဖို့ အဆင်မပြေဖြစ်တဲ့အခြေအနေ မျိုးတွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ဖြန့်ဝေတာဖြစ်ပါတယ်။

ဓာတ်ပုံ – မိုးသဲစေ

ဒါ့အပြင် နေ့စဉ်တိုးမြင့်လာတဲ့ကုန်ဈေးနှုန်းနဲ့ တိုက်ပွဲတွေကြောင့် ဝယ်ယူရခက်ခဲတာ၊ ပို့ဆောင်ရေး ခက်ခဲတာတွေရှိတဲ့အတွက် သုံးစွဲရလွယ်ကူပြီး တစ်ခုကို ငါးနှစ်အထိအသုံးခံတယ်လို့ မမိုးသဲစေက ရှင်းပြပါတယ်။

တချို့အမျိုးသမီးတွေဟာ ရာသီသွေးဆင်းတဲ့အချိန်မှာ အခက်အခဲမရှိဖြတ်သန်းနိုင်ပေမယ့် တချို့ကတော့ ရာသီသွေးဆင်းတဲ့ကာလကို ခက်ခက်ခဲခဲဖြတ်သန်းရတာတွေလည်းရှိပါတယ်။

“နယ်ဆိုတော့ ဆေးတွေဘာတွေမရှိတော့ ရာသီလာလို့ကိုက်ခဲရင် လူကြီးတွေက ထညှက်တွေကြိုတိုက်တာ၊ ပေါက်ပန်းဖြူ ရွက်တွေပြုတ်တိုက်တာ။ ဆနွင်းလည်းစားရတယ်။”လို့ ကနီဒေသမှစစ်မေ ဝတ်ရည်က ပြောပါတယ်။

တောထဲရောက်တော့ နာကျင်မှုဝေဒနာခံစားရတဲ့အခါ လုပ်ကိုင်ပေးမယ့်သူမရှိတာကြောင့် ဝမ်းနည်းအားငယ်မှု ဖြစ်ခဲ့ရကြောင်း သူက ဆိုပါတယ်။

ဒီလိုကိုက်ခဲနာကျင်မှုသက်သာစေဖို့အတွက်”ယုံကြည်ချက်နဲ့ ဆက်လျှောက်” အစီအစဉ်က အကိုက်အခဲ သက်သာစေမယ့် Mefenamic Acid ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးကို ထည့်ပေးထားတာဖြစ်ပါတယ်။

ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာတွေခံစားရတဲ့အခါ အလွယ်တကူရနိုင်တဲ့ Paracetamol ပါရာစီတမောအ ကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုမယ့်အစား အမျိုးသမီးရောဂါနဲ့ ဓမ္မတာအချိန်မှာ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ Mefenamic Acid ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးကို ရွေးချယ်ပေးဖို့လိုအပ်တယ်လို့ မမိုးသဲစေက ဆိုပါတယ်။

ဒါ့အပြင် ရာသီလာလို့ ကိုက်ခဲစဉ်မှာသုံးရတဲ့ အလွယ်တကူမရနိုင်တဲ့ ရေနွေးအိတ်လေးတွေလည်း တကိုယ်ရေသုံး ကျန်းမာရေးဆေးအိတ်မှာ ထည့်သွင်းပေးထားပါသေးတယ်။

ဓာတ်ပုံ – မိုးသဲစေ

မမိုးသဲစေက“ကျမက သားဥအိတ်ရေအိတ်ရှိတော့ ရာသီလာရင် သူများထက်ပိုကိုက်ခဲတတ်တယ်။ အဲ့မှာခရီးတွေ ဘာတွေ သွားလို့ ရေနွေးအိတ်မရှိရင် ပုလင်းခွံထဲရေနွေးထည့် အဝတ်ပတ်သုံးရတယ်။ ခရီးသွားချိန်ဆိုတော့ ရေနွေးအိတ်ကြီးကို ကျောပိုးအိတ်ထဲထည့်သွားဖို့ကလည်း အဆင်မပြေဘူးလေ။”လို့ ပြောပါတယ်။

ဒီအခက်အခဲတွေပြေလည်စေဖို့အတွက် နေရာမယူဘဲ သယ်ဆောင်ရလွယ်မယ့် တစ်ကိုယ်ရည်သုံးအိတ်ဆောင် ရေနွေးအိတ် အသေးစားလေးတွေကို ထည့်ပေးခဲ့တာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အရေးပေါ်သန္ဓေတားဆေးဆိုတဲ့အတိုင်း အရေးပေါ်မှသာ သောက်ရမယ့်ဆေးပါ။ ဒီဆေးဟာ မကြာခဏသုံးလို့ရတဲ့ဆေးမဟုတ်ပါ။

ဒီဆေးပေးရတဲ့ရည်ရွယ်ချက်ကိုတော့ မမိုးသဲစေက“လူတွေမှာ ဖို၊ မဆိုတဲ့ကိစ္စတွေရှိတယ်။ နောက်အကြောင်း အမျိုးမျိုးကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရလို့ရှိရင် ကိုယ်ဝန်မရအောင်က ကိုယ့်ကိုကိုယ် ကာကွယ်မှ ရမယ်။ တကယ်လို့ ကိုယ်ဝန်ရသွားခဲ့ရင် တော်လှန်ရေးခရီးလမ်းမှာ မမျှော်လင့်တဲ့အဟန့်အတားဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ထည့်ပေးတာပါ။”လို့ ဆိုပါတယ်။

အရေးပေါ်သန္ဓေတားဆေးဟာ တစ်ကတ်မှာ ဆေးတစ်လုံးသာပါဝင်ပြီး တစ်ကြိမ်သာသောက်ရတာဖြစ်ပါတယ်။

တချို့ ကလည်း အမျိုးသမီးတွေကို အရေးပေါ်သန္ဓေတားဆေးပေးသလို အမျိုးသားတွေကိုလည်း ကွန်ဒုံးတွေပေးသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေရပေမယ့် လက်ရှိမှာတာ့ ကွန်ဒုံးဖြန့်ဝေဖို့အစီအစဉ်မရှိသေးကြောင်း သူကဆို ပါတယ်။

“ယုံကြည်ချက်နဲ့ ဆက်လျှောက်”မှာ တစ်ကိုယ်ရည်သုံးပစ္စည်းအိတ် ဖြန့်ဝေပေးတာအပြင် အမျိုးသမီးစစ်မေတွေအတွက် လိုအပ်တဲ့ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးနိုင်ဖို့  Online Training Course (အွန်လိုင်းက သင်ကြားပေးခြင်းအစီအစဉ်)နဲ့ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် OB – GYN နဲ့ တစ်ဦးချင်းဆွေး နွေးသွားနိုင်မယ့် Teleconsultation အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။

လက်ရှိအမျိုးသမီးစစ်မေဦးရေ (၂၀၀)စာစတင်ပြီး မြန်မာတစ်နိုင်ငံလုံးက စစ်မေတွေတစ်ယောက် မကျန်ဆီ ရောက်ရှိဖို့ “ယုံကြည်ချက်နဲ့ ဆက်လျှောက်”ကဆက်လက်လျှောက်လှမ်းနေတာဖြစ်ပါတယ်။

Author:

Related Articles