Home ဆောင်းပါး အမျိုးသမီးတွေအပေါ် အထင်အမြင်သေးတဲ့ မြန်မာ့လူမှုရေးအမြင်တွေကို ခုခံနေရသူတွေ

အမျိုးသမီးတွေအပေါ် အထင်အမြင်သေးတဲ့ မြန်မာ့လူမှုရေးအမြင်တွေကို ခုခံနေရသူတွေ

ရှင်ငြိမ်း

“လူတွေရဲ့အမြင်တွေမှာက ယောကျာ်းမရှိရင် ကျန်တဲ့မိန်းမက ဒုက္ခရောက်မယ်တို့ သနားစရာဖြစ်မယ်တို့ မိန်းမပျက်ဖြစ်မယ်ဆိုတဲ့ ခေါက်ရိုးကျိုးနေတာကြီးနဲ့ ကျမကို အထင်သေးသလိုဆက်ဆံတယ်။”လို့ ရင်ဖွင့်လာသူကတော့ မစန်းဌေးလို့ အများကခေါ်တဲ့ ဒေါ်စန်းစန်းဌေးပါ။

အသက် ၃၆ နှစ်အရွယ် မစန်းဌေးရဲ့ခင်ပွန်းဖြစ်သူဟာ ဒေသကာကွယ်ရေးတပ်(PDF)တစ်ခုမှာတာဝန်ထမ်းနေတာကြောင့် အိမ်ထောင့်တာဝန်ကို ပုခုံးထမ်းယူနေရတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

“ကျမမရှိတဲ့အချိန်တွေမှာ ကလေးတွေကို နင့်အမေက ယောကျာ်းထပ်ယူတော့မှာ အဲ့ကျ နင်တို့က ဘယ်သူနဲ့နေမှာလဲ။ အဲ့လိုတွေ ကလေးတွေကိုပြောတော့ ကျမအလုပ်သွားမယ်ဆိုရင် မေမေမသွားပါနဲ့ဆိုပြီး ငိုကြတော့တာပဲ” လို့ မစန်းဌေးကပြောပါတယ်။

သူအထင်သေးဆက်ဆံခံရတာ ဘာမှမဖြစ်ပေမယ့် ဒီအတွက်ကြောင့် သားသမီးတွေ စိတ်ဒဏ်ရာရမှာကိုတော့ သူကစိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူမရှိတဲ့အချိန်မှာ ငွေကြေးအင်အားလည်း မပြည့်စုံတာကြောင့် ကလေးသုံးယောက်ရဲ့ စားဝတ်နေရေး အတွက်သူဟာ ရပ်ကွက်ထဲမှာ ကြုံရာကျပန်းတွေလုပ်ကိုင်လို့တစ်မျိုး၊ ဘိန်းမုန့်လှည့်လည်ရောင်းလို့ တစ်ဖုံရုန်းကန်နေရသူပါ။

သို့ပေမဲ့ မြန်မာဆိုရိုးမှာရှိတဲ့ “တံခွန်မရှိတဲ့ကုက္ကား၊ အလံမရှိတဲ့ရထား၊ လင်သားမရှိတဲ့မိန်းမ မတင့်တယ်”၊ “မောင် တကျိပ်ပင် ရှိလင့်ကစား လင်ယောကျာ်း မရှိတဲ့မိန်းမက မတင့်တယ်”ဆိုတာတွေကြောင့် ယောကျာ်း မရှိတဲ့မစန်းဌေးလိုအမျိုးသမီးတွေဟာ လူမူဝန်းကျင်မှာ အခုလိုနှိမ့်ချဆက်ဆံတာတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် သူက“မိန်းမတစ်ယောက်ထဲဖြစ်လို့ အထင်သေးတာမျိုးက အခုထိရှိနေတုန်းပဲ။ ခေတ်ကာလ အခြေအနေအရတော့ မရှိသင့်တော့ဘူး။ ခုက အမျိုးသမီးတွေ အရင်လိုယောကျာ်းနောက်မှာနေတဲ့သူတွေ မဟုတ်တော့ဘူး။ ကိုယ်ဒူးကိုယ်ချွှန်နဲ့ရဲဝံ့တဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။”လို့ ဆိုပါတယ်။

အသားညိုညို ခန္ဓာကိုယ်ပိန်ပိန်ပါးပါးရှိတဲ့ မစန်းဌေးရဲ့ဇာတိဟာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာ တစ်ခုကဖြစ်ပြီး အစိုးရကျောင်းဆရာမတစ်ဦးဖြစ်သလို အမျိုးသားကလည်း အိမ်မှာကျူရှင်ပြတဲ့ဆရာတစ်ဦး ဖြစ်ပါတယ်။

ကျောင်းကလည်း တောကျောင်းဖြစ်တာကြောင့် ကျောင်းဆရာမလစာကမိသားစုလေးယောက် အတွက် မလောက်ငှခဲ့ပါဘူး။ ဒါပေမဲ့ အမျိုးသားရဲ့ဝင်ငွေကြောင့် သူတို့ မိသားစုလေး အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။

အာဏာသိမ်းလိုက်တော့ အကြမ်းမဖက်အာဏာဆန့်ကျင်ရေး(CDM)ကျောင်းဆရာမဖြစ်လာပြီး အာဏာရှင် တော်လှန်ရေးဆန္ဒပြပွဲတွေမှာ တောက်လျောက်လိုက်ပါခဲ့ကြတယ်။ နောက်ပိုင်းသူက မီးဖွားနေတဲ့အတွက်သပိတ်တွေမှာလိုက်ပါနိုင်တာ မရှိတော့ပါဘူး။

ခင်ပွန်းဖြစ်သူက၃ လတိုင်တိုင် သပိတ်တွေမှာလိုက်ပါဆန္ဒပြနေရင်း တစ်ရက်မှာစစ်တပ်က ပစ်လိုက်တဲ့ကျည်ဆန်က ခင်ပွန်းဖြစ်သူရဲ့ညီငယ်ဖြစ်သူကို ထိမှန်ကာ ညီဖြစ်သူက နေရာတင်ဆုံးပါးသွားခဲ့ပါတယ်။

“နဂိုကလည်း တော်လှန်ရေးမှာ သူက စိတ်ထက်သန်နေတာဆိုတော့ ဒီထဲညီလေးဆုံးတော့ ပိုဆိုးသွားတာပေါ့။ အဲ့မှာပဲ လက်နက်ကိုင်တော့မယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ထွက်သွားခဲ့တာပဲ။”လို့ မစန်းဌေးကရှင်းပြပါတယ်။           

ခင်ပွန်းဖြစ်သူထွက်မသွားခင်က လက်နက်ကိုင်ထဲဝင်မယ့်အကြောင်းသူ့ကို တိုင်ပင်တဲ့အခါမှာ သူကိုယ်တိုင်ကလို လိုလားလားခွင့်ပြုပေးခဲ့လို့ ပတ်ဝန်းကျင်ရဲ့ဝေဖန်တာကို ခံခဲ့ရတာဖြစ်ပါတယ်။  

“ယောကျာ်းက ကျမတို့သားအမိတွေကို စိတ်ပူပြီးမသွားချင်ပါဘူး။ ကျမက ငါလုပ်နိုင်တယ်။ နင်စိတ်ချလက်ချသွားပါလို့ အားပေးရတယ်။ အသိတွေကတော့ အဲ့လိုသွားခိုင်းလို့ဆိုပြီး ကျမကိုအပြစ်တင်ကြတာပေါ့။ တချို့ဆိုမ ကောင်းပြောတာတွေလည်းရှိတယ်။”လို့ မစန်းဌေးက ပြောပါတယ်။

ယခင်က ခင်ပွန်းသည်ရဲ့ဝင်ငွေအပေါ်မှီခိုခဲ့တဲ့မစန်းဌေးဟာ အမျိုးသားတောထဲဝင်သွားချိန်မှာတော့ ကလေးတွေ လက်ကိုဆွဲပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်အလုပ်လိုက်တောင်းခဲ့တာဖြစ်ပါတယ်။

သူ့မှာလသားအရွယ်ကလေးတစ်ယောက် အပါအဝင် ၇ နှစ်နဲ့ ၄ နှစ်အရွယ်သားသမီးသုံးယောက်ရှိပါတယ်။ သူအပြင်ထွက်အလုပ်သွားလုပ်ရင်တော့ လသားကလေးတစ်ယောက်သာ ခေါ်သွားပြီး ကျန်တဲ့ကလေး နှစ်ယောက်ကိုတော့ ဘေးအိမ်မှာအပ်ထားခဲ့ရတာဖြစ်ပါတယ်။

မစန်းဌေးက“ရွာမှာဆိုတော့ အလုပ်ကရှားတယ်လေ။ ကိုယ်လုပ်တတ်တာကလည်း စာသင်တာပဲရှိတယ်ဆိုတော့ ကလေးတွေမငတ်အောင်ထားနိုင်ဖို့ အလုပ်မျိုးစုံလုပ်ရတယ်။ ကုန်ဈေးနှုန်းမြင့်လာတော့အတော်လေး ရုန်းကန်ရတယ်။”လို့ပြောပါတယ်။

သူဟာအဝတ်လိုက်လျှော်တာ၊ ပန်းကန်ဆေးတာ၊ အိမ်ရှင်းတာ၊ ဈေးဝယ်တာစတဲ့အလုပ်မျိုးစုံကိုမရွေးဘဲ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အလုပ်မရှိတဲ့အချိန်ဆို ဘိန်းမုန့်ဖုတ်ပြီး ရပ်ကွက်ထဲလှည့်လည်ရောင်းပါတယ်။

ကျောင်းဆရာမဘဝကနေ ချက်ခြင်းသူများခိုင်းစေခံရတဲ့ဘဝရောက်သွားတော့ တချို့က အားနာစိတ်နဲ့မခိုင်းတာ ရှိသလိုတချို့ကတော့ ဆရာမဖြစ်ပြီး သိက္ခာမရှိတဲ့အလုပ်ကိုလုပ်တယ်လို့ ဝေဖန်တာလည်းခံခဲ့ရပါတယ်။

တချို့ကတော့ အမျိုးသမီးတစ်ဦးထဲကလေးသုံးယောက်နဲ့ရပ်တည်နေရတာကို ကိုယ်ချင်းစာစိတ်နဲ့သက်သာတဲ့ အလုပ်တွေရွေးပေးတာလည်းရှိတယ်လို့ သူကပြောပါတယ်။

ပတ်ဝန်းကျင်က သူ့ကို ဘာပြောပြော၊ ဝေဖန်နေတာတွေလည်း ဂရုမစိုက်ပေမယ့် သူ့ကလေးတွေကို မဟုတ်မမှန် တာပြောတာတွေအတွက်တော့ အမြဲသောကရောက်နေရတာလို့ဆိုပါတယ်။

“နင့်အမေက နောက်လင်ယူတော့မှာလို့ ကလေးတွေကိုပြောလာရင် အလုပ်မှာလည်းပင်ပန်းလာတဲ့အခါဆို အဲ့ဒါတွေကြားရင် ဒေါသဖြစ်တယ်။ တခါတလေပြောပြလို့မရတဲ့အပူတွေကြောင့် စိတ်ဓါတ်ကျတာတွေလည်းရှိတယ်။ ဒါပေမယ့် ပြိုလဲတာတော့ မဖြစ်ခဲ့ဘူး။”လို့ မစန်းဌေးက ဆိုပါတယ်။

အခုဆိုရင် ခင်ပွန်းမရှိဘဲ တစ်ကိုယ်ထဲရုန်းကန်နေတာ သုံးနှစ်နီးပါးရှိလာပြီဆိုပေမယ့် အခုထိဝေဖန်အပြစ်တင်တာတွေ ရှိနေဆဲဖြစ်ပါတယ်။

မစန်းဌေးလို ခင်ပွန်းမရှိလို့ပြစ်တင်ဝေဖန်ခံရသူနောက်တစ်ဦးကတော့ ထားဝယ်မြို့မှ အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့အသက် ၂၅ နှစ်အရွယ် မဆုဝေဖြစ်ပါတယ်။

“ယောကျာ်း တောထဲမသွားခင်ကလည်း သူ့သူငယ်ချင်းတွေက မင်းမရှိရင် မိန်းမက နောက်ယောကျာ်းယူမယ်နော်တဲ့။ တောထဲရောက်ကျတော့လည်း သူ့အပေါင်းအဖော်တွေက သတိပေးတယ်တဲ့။ မင်းမိန်းမက ငယ်သေးတော့ နောက်တစ် ယောက်ပြောင်းသွားမယ်တဲ့။ ဘယ်လိုအတွေးအခေါ်တွေမှန်းမသိဘူး။”လို့ မဆုဝေက ပြောပါတယ်။

မဆုဝေတို့ဟာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ အိမ်ထောင်ပြုခဲ့ပြီး ဇူလိုင်လမှာ ခင်ပွန်းဖြစ်သူက ဒေသကာကွယ်ရေးတပ် (PDF)ထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ သူတို့မှာတော့ ကလေးမရှိသေးပါဘူး။

အသားဖြူဖြူ နက်မှောင်နေတဲ့မျက်လုံးမျက်ခုံးတွေနဲ့ ပြေပြစ်တဲ့ရုပ်ရည်ရှိတဲ့မဆုဝေကို ချောမောသူတစ်ဦးလို့ မြင်တဲ့သူတိုင်းက မှတ်ချက်ပြုခံရလေ့ရှိပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ တာဝန်ကျသူနာပြုတစ်ဦးဖြစ်တဲ့ မဆုဝေ ဟာအမျိုးသားအများစုရဲ့ စိတ်ဝင်စားတာခံရလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာတွေလုပ်လာတော့ အိမ်ထောင်ပြုတာကိုအကြောင်းပြကာ မဆုဝေ အလုပ်ကနေထွက်လာခဲ့ပါတယ်။ ကွမ်းပင်စိုက်ထားပြီး စီးပွားရေးလုပ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေနဲ့ သူတို့မိသားစုတွေရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ စိတ်တူကိုယ်တူဖြစ်ခဲ့ကြတဲ့ မဆုဝေတို့ဇနီးမောင်နှံဟာ ဆန္ဒပြသပိတ်တွေမှာ တက်ကြွစွာ ပါဝင်သလို ထမင်းထုတ်ဝေတာ၊ ရေသန့်၊ အအေးစတာတွေ ဝေတာတွေလည်း အတူလုပ်ခဲ့ကြတာပါ။

အဲ့လိုကနေစစ်တပ်ကဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးလာတော့ သူ့အမျိုးသားက နှစ်ယောက်အတူ လက်နက်ကိုင်ထဲဝင်ဖို့ ပြောပေမယ့် ငဲ့ညှာရမယ့်မိသားစုတာဝန်တွေကြောင့် လိုက်မသွားဖြစ်ခဲ့ပါဘူး။

“သူ့အမေကြီးတစ်ယောက်ထဲဖြစ်နေတာရယ် စားသောက်ရေးလည်းရှိတော့ လိုက်မသွားဖြစ်တာပါ။”လို့ရှင်းပြပါတယ်။

ဒါပေမဲ့ ကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေးမလုပ်နိုင်ရင်တောင် ခင်ပွန်းဖြစ်သူကိုတော့ PDF ထဲဝင်စေလို တဲ့ဆန္ဒ မဆုဝေမှာရှိနေခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူထွက်သွားပြီးနောက် သူကတော့ ကျန်းမာရေးမကောင်းတဲ့မိခင်ကြီးကို ပြုစုစောင့်ရှောက်ပေးရင်း စားဝတ်နေရေးအတွက်အိမ်ဆိုင်လေးဖွင့်ကာ ဝမ်းစာရှာခဲ့ပါတယ်။ အခုလိုနေထိုင်တဲ့ကြားက သူ့အပေါ် အပြစ်တင်၊ ဝေဖန်လာကြတာဖြစ်ပါတယ်။

“လက်ထပ်ပြီး ကလေးမရတော့လည်း အပြစ်ပြောကြတယ်။ အလှပျက်မှာစိုးလို့ ကလေးမယူတာ။ နောက်လင်ယူချင်လို့ ကလေးမယူတာဆိုပြီး ပြောခံရတယ်။ ယောကျာ်းမရှိတဲ့အချိန် အပြင်ထွက်ရင်ပဲ မဟုတ်တာလုပ်တဲ့သူလို့ မြင်ကြတယ်။ အဲ့လိုအယူအဆတွေမရှိစေချင်တော့ဘူး။”လို့  ညည်းညူပြောပြခဲ့ပါတယ်။

အခုဆိုရင် အမျိုးသားဖြစ်သူ လက်နက်ကိုင်ထဲဝင်သွားတဲ့ ၂ နှစ်ကျော်ကာလမှာ မဆုဝေဟာ ပတ်ဝန်းကျင်ဝေဖန်ခဲ့သလို ဘာတစ်ခုမှမဖြစ်ဘဲ မိခင်ကြီးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် ခင်ပွန်းသည်မရှိတဲ့အမျိုးသမီးတွေကို အခုလိုဝေဖန်ပြစ်တင်နေတာကို ကြည့်ရင် အမျိုးသမီးတွေအပေါ်မှာ ဖိနှိပ်ထားတဲ့အယူအဆစွဲတွေရှိနေသေးတယ်ဆိုတာ ထင်ရှားတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်တဲ့ မနော်မာရီက ထောက်ပြပါတယ်။

မြန်မာလူ့အသိုင်းအဝိုင်းမှာ မိန်းကလေးတွေဟာ မွေးဖွားလာချိန်မှစပြီး မိဘလူမူအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက် စံနှုန်းတွေအတိုင်း နေထိုင်ရသလို အိမ်ထောင်ကျပြီးရင်လည်း ခင်ပွန်းဖြစ်သူရဲ့ဦးဆောင်မှုနောက်ကနေ လိုက်ပါကြရတာဖြစ်ပါတယ်။

ဒီလိုသတ်မှတ်ချက်စံနှုန်းတွေကို လိုက်နာတဲ့အမျိုးသမီးတွေရှိသလို ဒီစံနှုန်းတွေကို ဆန့်ကျင်နေထိုင်တဲ့ အမျိုးသမီးတွေကိုတော့ ပတ်ဝန်းကျင်က အကောင်းမမြင်ဘဲ မဟုတ်တမ်းတရား စကားလုံးတွေနဲ့ ထိုးနှက်လေ့ရှိပါတယ်။

“အမျိုးသမီးဆိုရင် ဘယ်လိုနေရမယ်ဆိုတဲ့စံတန်ဖိုးသတ်မှတ်ချက်တွေကလေ အခြေအမြစ်မရှိတဲ့ အကြောင်း အရာတွေကနေပြီး ဓလေ့ထုံးတမ်းတွေဖြစ်လာတာ။ အဲ့အယူအဆတွေကြောင့် အမျိုးသမီးတွေကို တဆင့်နိမ့်သူလို့ ပုံသွင်းခဲ့ကြလို့ လင်ယောကျာ်းမရှိရင် မတင့်တယ်တာတွေ ဘာတွေဖြစ်လာပေါ့။”လို့ မနော်မာရီက ဆိုပါတယ်။

ဒါ့ကြောင့်လည်း လူထုတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတစ်ချို့ဟာ စစ်အာဏာရှင်ကိုသာမက အခုလို အယူအဆစွဲတွေကိုပါ ရင်ဆိုင်တွန်းလှန်နေရတာဖြစ်ပါတယ်။

အမျိုးသမီးတွေကို တန်ဖိုးထားဆက်ဆံမယ်ဆိုရင် အခုလိုအယူအဆစွဲတွေ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေလည်း တဖြေးဖြေး ပျောက်ကွယ်သွားလိမ့်မယ်လို့ မနော်မာရီက အကြံပြုစကားဆိုထားပါတယ်။

Author:

Related Articles