Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

အမျိုးသမီးငယ်တစ်ဦးကို ရိုက်နှက်တဲ့ ကျေးရွာ ပလဖနဲ့ မိသားစုကို အရေးယူပေးဖို့ အမျိုးသမီး ၇၀ ကျော် ဆန္ဒ ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ အမျိုးသမီးငယ်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ ကျေးရွာ ပလဖအဖွဲ့ဝင်နဲ့ မိသားစုကို အရေးယူပေးဖို့ အမျိုးသမီး ၇၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ကျေးရွာအတွင်းက လမ်းဆုံမှာ အမျိုးသမီးတွေစုဝေးပြီး အမျိုးသမီးတယောက်အား အုပ်စုဖွဲ့ရိုက်နှက်တဲ့ပလဖ အလိုမရှိဆိုတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကလည်း အပြစ်မဲ့မိန်းကလေးတယောက်ကို ရိုက်နှက်တဲ့ပလဖ အလိုမရှိ၊ အပြစ်မဲ့ မိန်းကလေးတယောက်ကို ရိုက်နှက်တဲ့ပလဖ အရေးယူပေးဆိုပြီး ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကျေးရွာအတွင်းက အပြစ်မဲ့မိန်းကလေးငယ်တဦးကို ကျေးရွာပလဖ အဖွဲ့ဝင်နဲ့ မိသားစုတွေက ကျေးရွာလမ်းပေါ်မှာ အုပ်စုဖွဲရိုက်နှက်ခဲ့တာကို မြို့နယ်ပလဖအဖွဲ့ထံ တင်ပြတိုင်ကြားတာ အရေးမယူခဲ့သလို ကျေးရွာအဆင့် ပအဖခေါင်းဆောင်က နစ်နာသူ မိန်းကလေးငယ်ကို တောင်းပန်ဖို့ ညှိနှိုင်းပေးတာကိုလည်း ကျူးလွန်သူတွေဘက်က မတောင်းပန်တဲ့အပြင် မထေမဲ့မြင်လုပ်နေတာကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာပလဖ အဖွဲ့ဝင် အောင်ရဲကျော်က ကျေးရွာအတွင်းနေ မရီဝေလှိုင်ကို အခြားပကဖအဖွဲ့ဝင်တစ်ယောက်နဲ့ ရည်းစားဖြစ်နေတယ်ဆိုပြီး သွားပုပ်လေလွင့်ပြောဆိုမှုကို မခံနိုင်လို့ စက်တင်ဘာ ၁၃ ရက်မှာ အောင်ရဲကျော်ကို အရေးယူပေးဖို့ မရီဝေလှိုင်က ကျေးရွာပအဖရုံးမှာ သွားရောက်တိုင်တန်းခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ ကျေးရွာပအဖခေါင်းဆောင်က နစ်နာသူနဲ့ ပြောဆိုသူနှစ်ဦးစလုံးကို ကျေးရွာရုံးမှာ မျက်နှာချင်း ဆိုင်ခေါ်ယူ တွေ့ဆုံပြီး ပြောဆိုခံရသူ မိန်းကလေးငယ်ကို ကန်တော့ပွဲနဲ့ တောင်းပန်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပလဖအဖွဲ့ဝင် အောင်ရဲကျော်က မတောင်းပန်တဲ့အပြင် ကျေးရွာပအဖက ဆုံးဖြတ်ချက်ကို မလိုက်နာပဲပြန်သွားခဲ့ပါတယ်။ မရီဝေလှိုင်လည်း ရုံးကနေ အိမ်ပြန်လာစဉ် အောင်ရဲကျော်အပါအဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦးက ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့ ပလဖအဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကတော့ ယနေ့အချိန်ထိ အရေးယူခံရတာမျိုး မရှိဘဲ ကျေးရွာထဲမှာ ပုံမှန်သွားလာနေတယ်လို့ သိရပါတယ်။

Source – Myanmar Now

ဝမ်ပေါင်စီမံကိန်းနယ်မြေ တိုက်ခိုက်ခံရမှုအတွက် အမျိုးသမီး ၁၄ ဦးအပါအဝင် အရပ်သား ၂၃ ဦးအားဖမ်းဆီး စစ်ဆေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေရှိ စစ်တပ်က အမျိုးသမီး ၁၄ ဦး အ ပါအဝင် အရပ်သား ၂၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၉ ဦးကို တော်လှန်ရေးအင်အားစုရဲ့လှုပ်ရှားမှုအကြောင်း ၄ ရက်ကြာစစ်ဆေးမေးမြန်းကာ ညှဉ်းပန်းနှိပ်စက်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက ဝမ်ပေါင်စီမံကိန်းအနီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နာရီပိုင်းအတွင်း အခုလိုဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလဆန်းမှာ စီမံကိန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ၃ ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးဝန်းကျင်ကျေးရွာတွေကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေခဲ့တာပါ။

Source – Myanmar Now

စစ်တွေမှာ အမျိုးသမီး၊ ကလေးတွေပါ မချန် စစ်ကောင်စီ လိုက်ဖမ်း

စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်ရပ်ကွက်အချို့မှ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် လူခြောက်ဆယ်ဝန်းကျင်ကို ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်ကြာတဲ့ စက်တင်ဘာ ၁၆ ရက်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်တင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ စစ်တွေမြို့ ရွှေပြား၊ မိဇံ၊ မော်လိပ်ရပ်ကွက်တို့အတွင်း ရောက်လာကာ အိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေ၊ လသားအရွယ် ကလေးငယ်တွေနဲ့ အသက်ခြောက်ဆယ်ဝန်းကျင် သက်ကြီးပိုင်းအချို့လည်း ပါဝင်ပြီး ရွှေပြားရပ်ကွက်မှ ဖမ်းဆီးခံရသူအများဆုံးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း တိတိကျကျမသိရသေးပါဘူး။ စစ်ကောင်စီက စစ်တွေမြို့အနှံ့ ကားတွေနဲ့ လှည့်လည်ကာ လူနေအိမ်တွေကို ဝင်စစ်၊ ဖမ်းဆီးတာတွေ နေ့စဉ် ရက်ဆက်လုပ်နေတာ နှစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဧည့်စာရင်းအကြောင်းပြ ဝင်ဖမ်းတာအပြင် အိမ်ထဲ ဝင်ရောက်၊ မွှေနှောက်ကာ ရွှေ၊ ငွေ၊ ပစ္စည်းတွေကို ယူသွားတာတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source – Delta News Agency   

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်းမှာ အဲ့ဒိုပေါ်မီ(ဒီးကူ)ပွဲကျင်းပ

ထိုင်းကရင်နီနယ်စပ် အမှတ်(၁) ဒုက္ခသည်စခန်းမှာ  ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)လက်အောက်ရှိ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးကျောင်း(WSP)က အဲ့ဒိုပေါ်မီ (ဒီးကူ)ပွဲကို စက်တင်ဘာလ ၂၀ ရက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

“ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူတွေဟာ မတူကွဲပြားတဲ့ နေရာတွေကနေ လာရောက်ကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို မပပျောက်စေဖို့၊ သိရှိနားလည်ပြီး ထိန်းသိမ်းထားတတ်ဖို့နဲ့  အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် စွမ်းရည်တွေကို ဖော်ထုတ်တတ်ဖို့ ရည်ရွယ်ပြီး ကိုယ်ပိုင် ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ဝတ်စုံဒီဇိုင်းဖန်တီး ဝတ်ဆင်ပြသတာကိုပါ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”လို့ KNWO တာဝန်ခံက ပြောပါတယ်။

အဲ့ဒိုပေါ်မီ(ဒီးကူ)ပွဲကို ကရင်နီအမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများ၊ ကျောင်းသူ မိဘတွေနဲ့ ဝန်ထမ်းတွေ စုစုပေါင်း လူဦးရေ (၆၀) ကျော် တက်ရောက်ခဲ့ပြီး သင်တန်းသူ သင်တန်းသား ၃၄ ဦးပါဝင် ကျင်းပ ခဲ့တယ်လို့သိရပါတယ်။

Source – ဖက်ဒရယ် FM

စစ်ကိုင်းမြို့ ပစ်ခတ်မှုမှာ အမျိုးသမီး ၁၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မော်တော်ယာဉ်တစ်စီး စက်တင်ဘာ ၁၇ ရက်နေ့မှာ တိုက်ခိုက်ခံရကာ ယာဉ်ပေါ်ပါတဲ့တောင်ယာလုပ်ကိုင်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

နံနက် ၆ နာရီခွဲခန့်က ကြွယ်ပုံရွာရဲ့အရှေ့မြောက်ဘက်တစ်မိုင်ခန့်အကွာ ကားလမ်းကုန်းအတက် နေရာမှာ  တိုက်ခိုက်ခံ လိုက်ရတာဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အရပ်သားများဖြစ်ကြပြီး ဒဏ်ရာရတဲ့ အမျိုးသား ၃ ဦးကတော့ အစောင့်အကြပ်  အဖြစ် လိုက်ပါလာတဲ့ ပြည်သူ့စစ် ခေါ် ပျူစောထီး တပ်ဖွဲ့ဝင်များဖြစ်တယ်လို့ သိရပါတယ်။

Source – Myanmar Now

မီးလောင်အော်ရွာမှာ အိမ် ၃၀ကျော်မီးရှို့ခံရ၊ ပြာပုံထဲမှ စစ်ဘေးရှောင်အမျိုးသမီးအလောင်းတွေ့

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာမှာ နေအိမ် ၃၁ လုံး မီးရှို့ခံရပြီး ကျန်းမာရေး မကောင်းတဲ့ စစ်ဘေးရှောင်အမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်က ရှပ်ပုံရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ် သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၈ ရက်ထိ လယ်ဖက်ရွာ၊ ၅ မိုင်ရွာ၊ ၆ မိုင်ရွာ၊ ဖော့ရွာ၊ ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

Source – Dawei Watch

အမျိုးသမီးတွေအပါအဝင် သင်တန်းသား ၁၈ ဦး တောင်ကျချောင်းရေနဲ့ မျှောပါသေဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆေးသင်တန်းတစ်ခုမှာ အမျိုးသမီးတွေအပါအဝင် သင်တန်းသား ၁၈ဦးဟာ တောင်ကျချောင်းရေနဲ့ မျှောပါသေဆုံးခဲ့ကြောင်း သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖွင့်လှစ်ပြီး တော်လှန်ရေးဆေးတပ်သား ၁၀၀ ကျော် တက်ရောက်ခဲ့တဲ့ ဒီသင်တန်းမှာ ရေချောင်းတစ်ခုကို ဖြတ်ကျော်တဲ့ လေ့ကျင့်ခန်းပြုလုပ်နေစဉ် သင်တန်းသား ၁၈ဦး မှာ တောင်ကျချောင်း ရေနှင့်အတူ မျှောပါသေဆုံးခဲ့ရတာဖြစ်ပါတယ်။

‘ရာဂီ’ မုန်တိုင်းအရှိန်ကြောင့် မိုးကြီး၊ ရေလျှံနေချိန် ဆေးတပ်သားရဲဘော်တွေမှာ ‘ငါးပိဿာ’ ခန့်ရှိတဲ့လေးလံတဲ့ ပစ္စည်းတွေကို ကျောပိုးကာ ညအချိန်မှာ ရေစီးသန်နေတဲ့ ချောင်းတစ်ခုကို ဖြတ်သန်းလေ့ကျင့်ခဲ့တာပါ။ သေဆုံးသူများထဲတွင် KNDF တပ်ဖွဲ့ဝင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပါတယ်။

Source – Myanmar Now

အင်းတော်မှာ ပိတ်ဆို့ခံထားရတဲ့သူတွေထဲက အမျိုးသမီးနှစ်ဦး လက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မြို့မဘုန်းကြီးကျောင်းဝန်းထဲမှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်ဆို့ထားတဲ့ စစ်ရှောင်တွေရှိတဲ့နေရာကို ဒရုန်းနဲ့ကြဲချခံရတာကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် အရပ်သားလေးဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက် အင်းတော်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှာ ပြည်သူတွေက မြို့မဘုန်းကြီးကျောင်းထဲက ဘိုးဘွားရိပ်သာ၊ သရက်ကျောင်းဆောင်၊ အင်းတော်မြို့မပရိယတ္တိစာသင်တိုက် စတဲ့နေရာတွေကို ပြည်သူ ၁၀၀၀ ကျော်လောက် လာရောက်စစ်ဘေးရှောင်နေကြတာပါ။

ဩဂုတ် ၂၄ ရက်နေ့ ရဲစခန်းသိမ်းပိုက်ခံခဲ့ရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေ တိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်းဆောင်တွေဆီ ရောက်ရှိလာကာ ဒီစစ်ရှောင်တွေကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားပြီး လူသားဒိုင်းအနေနဲ့ အသုံးချခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၀၀၀ ဝန်းကျင်ထဲက ၃၀၀ ကျော်ကတော့ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

Source –  မြေလတ်အသံ

ရွှေဘိုနယ်တွင် စစ်တပ်က ဓားစာခံအမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၈ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် (၄၂) ခြေလျင်တပ်ရင်းမှ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းက မြို့မြောက်ဘက် နှစ်မိုင်ခွဲ ခန့်အကွာရှိ ထနောင်းဝန်းရွာကို စီးနင်းဝင်ရောက်ပြီး ဓားစာခံအဖြစ်ဖမ်းသွားတဲ့အမျိုးသမီး ၃ ဦးအပါ အဝင် ဒေသခံ ၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကြောင်းက ပစ်ခတ်ကာ ရွာထဲဝင်လာပြီး ထွက်ပြေးဖို့ပြင်ဆင်နေတဲ့ မရီရီခင်နဲ့ ဦးမောင်ငွေ လက်နက်ထိမှန် ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီနောက် စစ်ကြောင်းနဲ့အတူ ဓားစာခံအဖြစ်ဖမ်းလာတဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဓားစာခံ ခြောက်ဦးအနက် အမျိုးသားနှစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ စစ်ကြောင်းရှေ့မှ ခေါ်ဆောင်လာပြီး ကျန်လေးဦးကို စစ်ကြောင်းအတွင်း ကြားညှပ်ကာ ခေါ်ဆောင်သွားတာပါ။  

Source – Myanmar Now

ရေကြီးမြေပြိုမှုကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သား သုံးရာကျော်သေဆုံး

ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ၅၆ မြို့နယ်မှာ ရေကြီးရေလျံမှုနဲ့ မြေပြိုမှုတွေဖြစ်ခဲ့ ပါတယ်။

RFA ရဲ့ စက်တင်ဘာလ ၁၉ ရက် ညနေအထိရရှိတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီး ဒီထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် ကလောမြို့မှာ တစ်ရာ၊ ရမည်းသင်းမှာ ၇၁ ဦး၊ နေပြည်တော်မှာ ၄၇ ဦး၊ ရှမ်းနဲ့ ကယားအစပ်မှာ ၂၄ ဦး၊ တာချီလိတ်မှာ ၁၅ ဦး၊ ညောင်ရွှေမှာ ကိုးဦး၊ တောင်ငူမှာ ဆယ်ဦး၊ မိုင်းကိုင်၊ ပုသိမ်ကြီးနဲ့ ရေတာရှည်မှာ တစ် ဦးစီ၊ ကရင်ပြည်နယ်မှာ ငါးဦး၊ ပျော်ဘွယ်မှာ သုံးဦး၊ ဝမ်းတွင်းမှာ ငါးဦး၊ လွိုင်လင်မှာ ရှစ်ဦး၊ အောင်ပန်းမှာ နှစ်ဦး၊ ဧရာဝတီတိုင်းမှာ တစ်ဦး သေဆုံးပါတယ်။

ရေကြီးရေလျှံမှုကြောင့် ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ရွာအနီး စမုံချောင်းဘေးမှာ နေထိုင်တဲ့ အသက် ၂၄ နှစ် အ ရွယ် အမွှာ ညီအစ်ကိုတွေဖြစ်တဲ့ ကိုသန်းတိုးလင်း၊ ကိုသန်းတိုးဝင်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မဇင်မာမိုး၊ သမီးဖြစ်သူ အသက်နှစ်နှစ်အရွယ် မကြယ်ဇင်မိုးတို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Source – RFA

ဟိုပုံး တောင်ပြိုမှုကြား သေဆုံးသူ မြေးဖွားနှစ်ယောက်ကို တစ်ပတ်ကျော်ကြာမှ ထုတ်နိုင်ခဲ့

သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု ဗန်းစောက်ရွာမှာ ဖြစ်ပွားခဲ့တဲ့တောင်ပြိုကြောင့် သေဆုံးသွားတဲ့ မြေးအဖွားနှစ်ဦး အလောင်းကို တစ်ပတ်ကျော်ကြာမှ ပြန်သယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပြီး မြေးအဖွား ၂ ဦးဟာ မြေပိသေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူမှာ အဖွားဖြစ်သူ ဒေါ်မြနှင့် မြေး နန်းသက်နွယ်ဦးတို့ပါ။

ဒီအလောင်းနှစ်ခုကို တစ်ပတ်ကျော်ကြာ စက်တင်ဘာလ ၁၈ ရက်မှာ ရွာသားတွေစုပေါင်းပြီး တူးဖော်သယ်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။ ရေကြီးရေလျှံ၊ မြေပြို၊ တောင်ပြိုမှုတွေကြောင့် ဗန်စောက်ရွာမှ နေအိမ်စုစုပေါင်း ၄၀ ခန့် ပျက်စီးသွားကြောင်း သိရပါတယ်။

Source –  SHAN News

သီပေါမှာ စစ်တပ်မှ ရက်ဆက်ဗုံးကြဲတာကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA)က စက်တင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရှိရာ သီပေါမြို့ထဲကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်တဲ့အတွက် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် ကျောင်းထဲက အမျိုးသမီးတစ်ဦး ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

တဆက်ထဲ စစ်ကောင်စီတပ် Y-12 လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတဲ့အတွက် ပန်းတိမ်တောင် (မြောက်) ရပ်ကွက် ဝက်ဝံဈေးထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေးရောင်းနေတဲ့ အမျိုးသမီးဟာ ဗုံးစထိမှန်ခဲ့ပါတယ်။

Source – RFA

ခြုံကြီးရွာ စီးနင်းခံတိုက်ခိုက်ခံရလို့ ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၆ ရက် မနက် ၆ နာရီ လောက်မှာ စီးနင်းပြီး PDF ရဲဘော်တွေ နဲ့ တိုက်ပွဲဖြစ်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံ ၁၁ ဦး ဒဏ်ရာရခဲ့ ပါတယ်။

ဒါ့အပြင် PDF ရဲဘော်တွေအပါ ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျေးရွာအတွင်းပြည်သူတွေရှိနေတာနဲ့ ရဲဘော်တွေဖမ်းဆီးခံထားရတာတွေကြောင့် တော်လှန်ရေးတပ်တွေဘက်ကလည်း တပ်ပြန်ဆုတ်ခဲ့ရပြီး နောက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ချိန် မနက် ၁၁ နာရီခွဲလောက်မှာ Mi-35 တစီး၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ ကျေးရွာထဲကို စစ်တပ်လေ ကြောင်းက တိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်သည် အမျိုးသမီးတဦးသေဆုံးကာ ဒေသခံ ၁၁ ဦးလောက် ထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့တာဖြစ်ပါ တယ်။

Source – မြေလတ်အသံ

တီးတိန်မှာ တောင်ယာတဲ ပြိုကျပြီး အမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ်။ တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာမှာ တောင်ယာတဲ ပြိုကျပြီး ညအိပ်ပြောင်းဖူးသိမ်းနေသူ အမျိုး သမီး ၂ ဦးအပေါ် ပိသွားတာကြောင့် တစ်ဦးသေဆုံးသွားကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ အသက် ၅၆ နှစ်အရွယ်နဲ့ အသက် ၆၀ အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။ ရွာမှ လူငယ်တစ်ယောက် ပြောင်းသိမ်းဖို့ တောင်ယာ သွားခဲ့ရာမှ ဒီအမျိုးသမီးနှစ်ဦးကို တွေ့ပြီး တီးတိန်ပြည်သူ့ ဆေး ရုံသို့ ပို့ဆောင် ပေးခဲ့တာပါ။

Source – Chin World

Author:

Related Articles