Home ဆောင်းပါး LGBT သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆူနာမီရဲ့ တော်လှန်ခရီးလမ်း

LGBT သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆူနာမီရဲ့ တော်လှန်ခရီးလမ်း

ခင်ဘုန်းမို့

“ရည်ရွယ်ချက်ရှိရှိမီးရှို့သွားတာလို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကြောင်းဝင်ရောက်လာတာက ပုံမှန်စစ်ကြောင်းပုံစံမျိုးတော့မဟုတ်ဘူး။ ရုတ်တရက်ရှောင်တခင်ထွက်လာတဲ့ပုံစံမျိုးဖြစ်တယ်။ မီးရှို့ခဲ့စဉ်ကလည်း ဒီအိမ်ကိုမီးရှို့မှကိုရမယ်။ အဲ့လိုလည်းပြောသွားတယ်။ အခုမိုးရာသီမိုးရွာနေတော့ မီးမလောင်မှာစိုးလို့ဆိုပြီး အိမ်ကိုမီးတဝကြီး ရှို့ပြီးသွားကာပြာကျလုနီးပါးကျမှ သူတို့ကလှည့်ပြန်သွားတာဆိုတော့လေ။ ဒါရည်ရွယ်ချက်ရှိရှိနဲ့တမင်သက်သက် လုပ်ဆောင်တဲ့လုပ်ရပ်ပေါ့။” လို့ဆူနာမီကပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေကို လူကိုဖမ်းဆီးရုံသာမက ပိုင်ဆိုင်မှုတွေချိတ်ပိတ်တာ၊ ဖျက်ဆီးတာလည်းလုပ်လေ့ရှိပါတယ်။ တော်လှန်ရေးမှာလှုပ်ရှားနေသူတွေအနေနဲ့ ဘဝတစ်ခုလုံးကိုတောင်တော်လှန်ရေးထဲမှာနစ်မြုပ်ထားလိုက်တဲ့အတွက် ပိုင်ဆိုင်မှုတွေဆုံးရှုံးရမယ်ဆိုတဲ့အရေးကို အစထဲကမျှော်လင့်ထားပြီးသားဖြစ်ပါတယ်။

အဲ့ဒီအထဲမှာအသက်(၃၅)နှစ်အရွယ် ဆူနာမီလို့ခေါ်တဲ့LGBTသပိတ်ခေါင်းဆောင်တစ်ဦးလည်းပါဝင်ပါတယ်။ သူဟာ Dawei LGBT Community ကိုဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေမှာအဓိကပါဝင်တဲ့အတွက် ဆူနာမီရဲ့အိမ်ကို စစ်ကောင်စီက နှစ်ကြိမ်တိတိ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တတိယအကြိမ်မှာတော့ ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်အာဏာမသိမ်းခင်က ဆူနာမီဟာ LGBT အခွင့်အရေးတွေနဲ့ပတ်သက်ပြီး လှုပ်ရှားခဲ့ပါတယ်။ ကိုယ်တိုင်လည်း ခွဲခြားဆက်ဆံမှုတွေကိုဘဝတစ်လျှောက်လုံးကြုံလာခဲ့ရသူဖြစ်တဲ့အတွက် LGBT တွေရဲ့အခွင့်အရေးတွေကို တစိုက်မတ်မတ်လုပ်ကိုင်ဖြစ်ခဲ့ပြီး ဘဝတူ LGBT တွေရဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ခွန်အားပေးတဲ့သူအဖြစ်ရပ်တည်ခဲ့တာလို့ဆိုပါတယ်။

LGBTအရေးတွေလုပ်ကိုင်ရင်းဘဝကိုဖြတ်သန်းနေခဲ့တဲ့ဆူနာမီဟာစစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းလိုက်တဲ့ အခါမှာတော့ တော်လှန်ရေးခရီးလမ်းကိုလျှောက်ဖို့အကြောင်းဖန်လာပါတော့တယ်။

“အာဏာသိမ်းလိုက်ပြီဆိုတာနဲ့ ကျွန်မတို့ဆီမှာလူ့အခွင့်အရေးတွေအများကြီးဆုံးရှုံးသွားတယ်။ လူ့အခွင့်အရေးဆုံးရှုံးသွားတာကိုမှ ကျား၊မ အခွင့်အရေးဆုံးရှုံးသွားတာနဲ့ LGBT ဆုံးရှုံးမှုတွေကမတူဘူးပေါ့နော်။ LGBT တွေကပိုပြီး ဖိနှိပ်ခံထားရတဲ့ဘဝတွေပေါ့လေ။ အဲ့ဒါကြောင့်ကျွန်မတို့ LGBT community ကနေပြီး အာဏာသိမ်းစထဲကဆန့် ကျင်ခဲ့တာဖြစ်ပါတယ်”လို့ ဆူနာမီကပြောပါတယ်။

ဆူနာမီဟာစစ်အာဏာသိမ်းမှုကြိုးပမ်းစဉ်ကာလကစတင်ကတည်းက လမ်းမပေါ်ထွက်ခဲ့ပါတယ်။ လူထုသပိတ် စစ်ကြောင်းတွေမှာ ပါဝင်တယ်။ ပြောက်ကျားသပိတ်တွေကိုလည်းဖော်ဆောင်ခဲ့ပါတယ်။ အာဏာရှင်ကိုတွန်းလှန်နေတဲ့ စိတ်တူ ကိုယ်တူLGBT တွေကိုစုစည်းပြီး LGBT Community တစ်ခုကိုဖွဲ့စည်းခဲ့တယ်။ မြေပြင်သပိတ်တွေကိုမရပ်မနားထွက်ခဲ့ပါတယ်။

လူထုသပိတ်တွေအားနည်းတဲ့အချိန်တွေမှာတောင် ပြောက်ကျားသပိတ်တွေပုံစံမျိုးစံနဲ့ပါဝင်ခဲ့ပြီး ဒီလိုပါဝင်တဲ့အတွက်ဆူနာမီနဲ့အတူ တခြားသပိတ်ဦးဆောင်သူတွေရဲ့ဓာတ်ပုံတွေနဲ့တကွရှာဖွေထောက်လှမ်းတာတွေရှိလာပါတယ်။ ဒါကြောင့်မြို့‌ပေါ်မှာနေလို့အဆင်မပြေတော့တဲ့အတွက် ကျေးရွာဘက်တွေကိုသွားရောက်တိမ်းရှောင်ခဲ့ပါတယ်။ ကျေးရွာဘက်တွေ‌ရောက်တော့လည်း သပိတ်တွေရရင်ရသလိုဖော်ဆောင်ခဲ့သလို ကျေးရွာဘက်တွေမှာသပိတ်ထွက်နိုင်ဖို့အတွက် သူနဲ့ စိတ်တူကိုယ်တူမိတ်ဆွေတွေဟာ အတော်လေးကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

“ရွာဘက်မှာကျတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့လူတွေကို သူတို့ကကြောက်အောင်ခြောက်ထားခဲ့တဲ့စိတ်တွေကြောင့် ကျွန်မတို့ကိုပြည်သူတွေကလက်ခံဖို့လည်း ကြောက်ရွံ့ကြသလိုကျွန်မတို့ကိုမြင်ရင်ကြောက်ရွံတဲ့ပြည်သူတွေလည်းရှိတယ်”လို့ဆူနာမီကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

ရှောင်တိမ်းနေထိုင်ရတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အိမ်မှာပေါ်ပေါ်ထင်ထင်နေလို့မရဘဲ ရွာနဲ့မလှမ်းမကမ်းက တောစပ်တွေ၊ လယ်ကွင်းပြင်ကတဲလေးတွေမှာဖြစ်သလိုနေထိုင်စားသောက်ရပါတယ်။

“ရေမချိုးရတဲ့နေ့တွေရှိသလို အစာမစားရတဲ့နေ့တွေရှိတယ်။ ဒါတွေကျတော့ကျွန်မတို့ကအခက်အခဲလို့မမြင်ပါဘူး။ ဒီထက်ပိုပြီးခက်ခဲတာက ကျွန်မတို့ကို ကျေးရွာက ပြည်သူပြည်သားတွေက လက်မခံထားလောက်တဲ့အထိဖြစ်တာကတော့ ကျွန်မတို့အတွက်အခက်အခဲတစ်ခုပါပဲ”လို့သူကဖွင့်ဟပါတယ်။

သူလည်းအိမ်မှာမနေနိုင်တော့သလိုသူ့မိသားစုတွေလည်းတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီကသူ့အိမ်ကိုဝင်ရောက်ပြီး ပစ္စည်းတွေမွှေနှောက်ရှာဖွေတာ၊ဖျက်ဆီးပစ်တာတွေ ပြုလုပ်ကြပါတယ်။

ပထမအကြိမ်နဲ့ဒုတိယအကြိမ်မှာတော့နေအိမ်ထဲကပစ္စည်းတွေကိုဖျက်ဆီးခဲ့ပေမယ့် တတိယအကြိမ်မှာတော့ ပြာအတိကျအောင်မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ဆူနာမီကဆက်ပြောပါတယ်။

တော်လှန်ရေးခရီးလမ်းကိုရွေးချယ်လိုက်ကတည်းကသူဟာ ဒီလိုဖြစ်ရပ်တွေကြုံရမယ်ဆိုတာကို တွေးထင်ပြီးသား လို့ဆိုပါတယ်။ တော်လှန်ရေးမှာပါဝင်တဲ့သူတွေရဲ့ဘဝ၊ မိသားစုနဲ့နေအိမ်တွေကိုဖျက်ဆီးတာကစစ်ကောင်စီကတော် လှန်ရေးမှာပါဝင်သူတွေကို အကြောက်တရားကြီးစိုးအောင်ပြုလုပ်တဲ့နည်းလမ်းပါပဲ။

“အကြီးမားဆုံးစိန်ခေါ်မှုသည်အကြောက်တရားဖြစ်တယ်။ အဲ့ဒီအကြောက်တရားကိုကြီးစိုးနေလို့မရဘူး။ တော်လှန်ရေးမှာအကြီးမားဆုံးစိန်ခေါ်မှုကတော့အကြောက်တရားကိုဖျောက်ဖို့ပါပဲ”လို့သူ့ခံယူချက်ကိုပြောပါတယ်။

တော်လှန်ရေးထဲမှာပါဝင်သူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ စိတ်ဓာတ်ကျတဲ့အချိန်တွေကို ဆူနာမီတစ်ယောက်လည်းကြုံ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေအတွက်အားတင်းပြီးတော့ စိတ်ဓာတ်မကျအောင်တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာတော်လှန်ရေးမှာပါဝင်နေတဲ့ပြည်သူတွေကိုဖမ်းဆီးပြီးတဲ့အခါ အကြမ်းဖက်ညှင်းပန်းနှိပ်စက်တာတွေပြုလုပ်လေ့ရှိပါတယ်။

ဖမ်းဆီးခံရတဲ့ LGBT တွေကို ရင်သားကိုဆေးလိပ်မီးနဲ့ထိုးတာ၊စအိုကို ဖန်ကွဲစထိုးသွင်းတာ ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လိင်အင်္ဂါတွေကိုကိုင်ခိုင်းတာ၊ နမ်းခိုင်းတာစတာတွေကိုစစ်ကောင်စီတပ်ဖွဲ့တွေကကျူးလွန်တဲ့အကြောင်း ကြားသိရတဲ့ဖြစ်စဥ်တွေလည်းရှိတယ်လို့ ဆူနာမီကပြောပါတယ်။

ဆူနာမီဟာလည်း LGBT တစ်ယောက်ဖြစ်တဲ့အတွက် ဖမ်းဆီးထောင်ချခံရတဲ့အခါ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ညှင်းပန်းနှိပ်စက်ခံရမှာကို စိုးရိမ်မိတယ်လို့ဆိုပါတယ်။

“တချက်တော့ တုန်လှုပ်တယ်။ ငါတို့ LGBT တွေဖမ်းခံရတာ တခြားသူတွေနဲ့မတူဘူးပေါ့။ တချက်တော့ အကြောက်တရားတွေဝင်တယ်။ အကြောက်တရားတွေဝင်လည်းကျွန်မတို့ဒီစနစ်ကြီးကိုတော်လှန်မှဖြစ်မှာလေ”လို့သူကဆက်ပြောပါတယ်။

သူဦးဆောင်တဲ့ Dawei LGBT Community မှာပါဝင်တဲ့ LGBT တွေဟာ လက်ရှိအချိန်ထိပြောက်ကျားသပိတ်တွေ ဖော်ဆောင်တာ၊ ပြည်သူလူထုကိုတော်လှန်ရေးနဲ့ပတ်သက်ပြီးလှုံ့ဆော်တာ၊ စစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့တာစတဲ့တော်လှန်ရေးအတွက်ကျရာဝန်ကိုထမ်းနေကြပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးက စစ်အာဏာရှင်နဲ့အတူအတွေးအခေါ်ဟောင်းတွေကိုပါတိုက်ထုတ်ရတဲ့ကာလဖြစ်ပါတယ်။

တော်လှန်ရေးအသိုင်းအဝိုင်းမှာတော့ ဆူနာမီတို့လို LGBT တွေအပေါ်ခွဲခြားဆက်တာမျိုးတွေမရှိပေမယ့် ကျေးရွာနဲ့ နယ်ဘက်တွေမှာတော့ LGBT တွေအပေါ်အမြင်မပြောင်းတာတွေအနည်းငယ်ရှိနေပါသေးတယ်။

စစ်အာဏာသိမ်းမှုမတိုင်ခင်တုန်းကလည်း LGBT ဖြစ်မှုအပေါ်ခွဲခြားဆက်ဆံမှုတွေကြုံခဲ့ရပါတယ်။

အရင်ကဆိုသူဟာ make-up artist တစ်ယောက်ဖြစ်တဲ့အတွက် နေရာအနှံ့လှည့်လည်ပြီး အလုပ်သွားလုပ်ရတာရှိပါတယ်။ အဲ့ဒီအခါမှာတချို့ရွာကလူကြီးတွေကLGBTဖြစ်မှုအပေါ်မှ ာအမြင်မကြည်တာမျိုးတွေကြုံခဲ့ရပါတယ်။

“ကျွန်မတို့ LBGT ဆိုတာလည်းလူသားထဲက လူသားတရပ်ပဲကျွန်မတို့မှာမတူညီတဲ့မတူကွဲပြားတဲ့ စိတ် လေး တစ် ခုရှိရုံနဲ့ကျွန်မတို့ကိုလိုရာဆွဲသွင်းပုံစံမျိုးတော့မလုပ်ကြဖို့ပေါ့”လို့ဆူနာမီကပြောပါတယ်။

တော်လှန်ရေးခရီးကြမ်းကြီးကိုလျှောက်လှမ်းနေတဲ့ သူ့ရဲ့ငယ်ဘဝဟာလည်း မချောမွေ့ခဲ့ပါဘူး။

သူဟာလူမှန်းသိတက်စအရွယ်ကတည်းက နွဲ့နွဲ့နှောင်းနှောင်းနေချင်ကာ မိန်းက‌လေးတွေဘဝကိုအားကျပြီး မိန်းကလေးလိုနေချင်တဲ့စိတ်တွေဖြစ်ပေါ်ခဲ့တာပါ။

သူ့အတွက်လိင်စိတ်ခံယူမှုကွဲပြားတာဟာဘယ်သူကိုမှထိခိုက်အောင်မလုပ်သလို မ‌ကောင်းမှုတစ်ခုလည်းမဟုတ်ခဲ့ပေမယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကတော့ ဆူနာမီရဲ့ဖြစ်တည်မှုကို အပြစ်ရှိစိတ်ဖြစ်အောင်ခံစားစေခဲ့ပါတယ်။

စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ဖိနှိပ်မှုတွေနဲ့ကြီးပြင်းခဲ့ရသလို ကိုယ့်ကိုကိုယ်သတ်သေချင်ဖို့ကြိုးစားခဲ့တဲ့ အခြေအနေထိ ရောက်အောင်တွန်းပို့ခဲ့ကြပါတယ်။ ငယ်ဘဝတစ်လျှောက်လုံးစိတ်ဒဏ်ရာတွေသာရခဲ့ရပြီး အနာတရဖြစ်မှုတွေ၊ စိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေကြောင့်ပဲ ငယ်ဘဝကိုမေ့ပစ်ထားတယ်လို့ဆူနာမီကဆိုပါတယ်။

“ကျွန်မတို့ငယ်ဘဝတွေက သာမာန်ယောကျာ်းမိန်းမတွေနဲ့မတူဘူး။ အခက်အခဲတွေစိတ်ဒဏ်ရာတွေနဲ့နေရခဲ့တဲ့အတွက် တခါတလေကျရင် ကျွန်မတို့ ဘဝကြီးကိုအရှုံးပေးချင်တဲ့အထိ စိတ်ဒဏ်ရာတွေနဲ့ဖြတ်သန်းခဲ့ရပါတယ်” လို့ ဆူနာမီကပြောပါတယ်။

အရွယ်ရောက်လာတော့လည်း ရှေးရိုးစွဲအယူအဆတွေကြား ခွဲခြားမှုတွေအမျိုးမျိုးကိုရင်ဆိုင်ရပြန်ပါတယ်။ လူတချို့ကအမြင်နဲ့နှိမ့်ချတာ၊ အပြောအဆိုနဲ့ခွဲခြားတာစတာတွေကိုကြုံတွေ့ခဲ့ရပါတယ်။

စစ်အာဏာမသိမ်းခင်က professional make-up artist အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီးအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လုရောက်ခင်လေးမှာ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် အနာဂတ်တွေရိုက်ချိုးခံခဲ့ရပြန်ပါတယ်။

အနာဂတ်နိုင်ငံတော်သစ်မှာ LGBT တွေကိုလူသားထဲကလူသားတစ်ယောက်အဖြစ်မြင်စေချင်ပြီးတော့ LGBT တွေ အပေါ်မလိုလားအပ်ပဲပုဒ်မ(မှောင်ရိပ်ခိုမှု)တပ်ဖမ်းဆီးတာတွေလုပ်တဲ့ ဥပဒေတွေကိုပြုပြင်ပြောင်းလဲစေချင်တာက တော့ဆူနာမီရဲ့ဆန္ဒပါပဲ။

တော်လှန်ရေးမှာပါဝင်တယ်ဆိုတာလည်း တစုံတရာကိုမက်မောလို့မဟုတ်ဘဲ အလွှာပေါင်းစုံကပြည်သူတွေနည်းတူ LGBT တွေကလည်း လိပ်ပြာလုံလုံနဲ့ပါဝင်တော်လှန်ကြတာဖြစ်တယ်လို့ ဆူနာမီကပြောပါတယ်။

LGBT တွေကိုလည်း လူသားတွေထဲကလူသားလို့မြင်ပေးပြီး သာမာန်လူတွေကိုချစ်ခင်တဲ့ပုံစံမျိုးနဲ့ ချစ်ခင်ပေးကြဖို့ ဆူနာမီကတောင်းဆိုပါတယ်။

“လူတွေရဲ့အမြင်တွေကိုပြောင်းလဲပေးစေချင်တယ်။ ကုန်ကုန်ပြောရရင်ကျွန်မတို့ကိုအထင်သေးအမြင်သေးအဲ့လိုပုံ စံတွေကိုပျောက်စေချင်တယ်။ LGBTတွေကတော်လှန်ရေးမှာ တကယ့်တော်လှန်ရေးအောင်တဲ့အချိန်ကျရင်သူတို့လည်းတော်လှန်ရေးမှာပါဝင်ခဲ့တာပဲ။ အားစိုက်ခွန်စိုက်တကယ့်ကို တက်တက်ကြွကြွပါဝင်တယ်ဆိုတဲ့ ပီတိလေးကို ရစေချင်ပါတယ်”လို့ဆူနာမီကဆိုပါတော့တယ်။

Author:

Related Articles