Home ဆောင်းပါး မိုင်းကိုင်ကတုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်ဆိုး

မိုင်းကိုင်ကတုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်ဆိုး

နန်းဆိုင်နွမ်။ ။

အနက်ရောင်တအာင်း၀တ်စုံတွေကို ကိုယ်စီ၀တ်ဆင်ထားကြတဲ့ လူအုပ်ကြီးဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ပွဲရွာအနီးက တောင်ယာတစ်ခုဆီမှာ ၂၀၂၂ မတ်လ ၁၄ ရက်က စုဝေးခဲ့ကြပါတယ်။ သူတို့ဟာ တောတွင်းတစ်နေရာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုသုံးယောက်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နေကြတာဖြစ်ပါတယ်။

သေဆုံးသူများဟာ အသက် ၃၉ နှစ်အရွယ် မိုင်းနုမ်ဟန်၊ အသက် ၂၆ နှစ်အရွယ် လွေးအေးခ တို့ဇနီးမောင်နှံနဲ့ သူတို့ရဲ့ အသက် ခုနှစ်လအရွယ် သမီးငယ်တို့ဖြစ်ကြပါတယ်။ အဆိုပါမိသားစုဟာ လွန်ခဲ့တဲ့ နှစ်လခန့်ကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ၂၀၂၂ မတ်လ ဒုတိယသတင်းပတ်အတွင်းမှာတော့ မိုင်းကိုင်မြို့နယ်ထဲက လူသူဝေးတဲ့ တောတွင်းတစ်နေရာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

အသက်ခုနှစ်လအရွယ် ကလေးငယ်အပါအဝင် မိသားတစ်စုလုံး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ဒေသခံတွေနဲ့ သတင်းကြားရသူတွေဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုရဲ့ နောက်ဆုံးခရီးဟာ ပြီးဆုံးသွားပေမယ့် မပြီးသေးတဲ့ နောက်ဆက်တွဲမေးခွန်းတွေ ကျန်ရစ်နေပါတယ်။ လူမမယ်ကလေးငယ်အပါအဝင် မိသားတစ်စုလုံးကို သတ်ဖြတ်တဲ့လက်သည်တရားခံဟာ အခုအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သလို၊ သတ်ဖြတ်မှုအတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူတာမရှိသေးပါဘူး။

သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ် မိုင်းနုမ်ဟန်ဟာ ရွေးကောက်ပွဲဝင် အမတ်လောင်းတစ်ဦးဖြစ်သလို မိုင်းကိုင်မြို့မှာ လူသူလေးစားကြတဲ့ တအာင်းနိုင်ငံရေးသမားလည်းဖြစ်ပါတယ်။ သူဟာ မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

မိုင်းနုမ်ဟန် နဲ့သူ့မိသားစုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်က မိုင်းနုမ်ဟန်မိခင်ရဲ့ နာရေးကနေ သူ့အိမ်ကိုအပြန် တုံလောရွာအနီးမှာ ပျောက်ဆုံးသွားတာလို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ နှစ်လနီးပါးကြာပြီးတဲ့နောက် မတ်လ ၉ ရက်မှာ မိသားစုသုံးယောက်ရဲ့အလောင်းတွေကို တောတွင်းတစ်နေရာမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

Photo Credit: ရွှေဖီမြေ

အခင်းဖြစ်ပွားတဲ့နေရာအထိကို သတင်းယူခဲ့တဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေကတော့ မိုင်းနုမ်ဟန်ဟာ လက်နဲ့ လည်ပင်းကို ကြိုးတုတ်ထားပြီး သေနတ်ဒဏ်ရာတွေနဲ့အတူ သေဆုံးနေတာ တွေ့ရတယ်လို့ဆိုပါတယ်။ ၎င်းရဲ့အမျိုးသမီး လွေးအေးခဟာလည်း သမီးဖြစ်သူကို ကျောပိုးရင်းသေဆုံးနေတယ်လို့ ဆိုပါတယ်။

တုန်လှုပ်ခြောက်ခြားစရာ လူသတ်မှုမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှာ တာဝန်ရှိတယ်လို့ စွပ်စွဲမှုတွေလည်း ရှိလာခဲ့ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အပါအဝင် တအာင်းအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေကလည်း မိုင်းနုမ်ဟန်တို့ကို RCSS ကဖမ်းဆီးသွားတာဖြစ်ပြီး သေဆုံးမှုအတွက် တာဝန်ယူဖို့ တောင်းဆိုထားပါတယ်။ မိုင်းနုမ်ဟန် ရဲ့မိခင်ပါတီဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ကလည်း သတ်ဖြတ်မှုအတွက် အမှန်တရားနဲ့ တရားမျှတမှုရဖို့ တာဝန်ယူဖြေရှင်းပေးဖို့ RCSS ကိုတောင်းဆိုထားပါတယ်။

ဒါ့အပြင် RCSS တပ်ဖွဲ့ကနေ ထွက်ပြေးလာတဲ့ တပ်သားတစ်ယောက်ကိုလည်း ကိုးကားပြီး သေဆုံးမှုအတွက် RCSS မှာတာဝန်ရှိတယ်လို့ စွပ်စွဲကြတာဖြစ်ပါတယ်။

RCSS ဘက်ကတော့ စွပ်စွဲမှုတွေကို ပယ်ချခဲ့ပြီး နိုင်ငံရေးထိုးနှက်မှုနဲ့ လူထုအထင်လွဲအောင်လုပ်တဲ့ စွပ်စွဲချက်တွေလို့ မတ်လ ၂၃ ရက်က ကြေညာချက်ထုတ်ပြီး တုန့်ပြန်ထားပါတယ်။ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်ဘဲ တအာင်း (ပလောင်)အဖွဲ့အစည်းအချို့က RCSS ကို တစ်ဖက်သတ် ဝိုင်းဝန်းအပြစ်ဖို့နေတာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အပြန်အလှန်စွပ်စွဲမှုတွေ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ဘယ်လိုပဲရှိရှိ နိုင်ငံရေးနဲ့မဆိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့ လသားအရွယ် ကလေးငယ်ကိုပါ သတ်ဖြတ်လိုက်တဲ့အပေါ် တုန့်လှုပ်ခြောက်ခြားခဲ့ရကြောင်း တအာင်းအမျိုးသမီးအဖွဲ့ မှ လွေးချီဆငါး က ပြောပါတယ်။

“အခုလုပ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ကလေးက လသားဖြစ်တယ်။ ဘာမှကိုနားမလည် မိခင်ကလည်း အမျိုးသမီးငယ် ဖြစ်တယ်။ ဒါကိုကြည့်မယ်ဆိုရင် ရာဇ၀တ်မှု ကျူးလွန်တယ်။ ကြီးလေးတဲ့ ပြစ်မှုတခု ကျူးလွန်လိုက်တယ်” လို့ လွေးချီဆငါးက ပြောဆိုလိုက်ပါတယ်။

Photo Credit: ရွှေဖီမြေ

မိသားစုလိုက် မတရားဖမ်းဆီးပြီး ရက်စက်သတ်ဖြတ်ခြင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခဒေသရှိ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက်နေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကလည်း မတ်၂၃ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ လုပ်ရက်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကိုလည်း ချိုးဖောက်မှုမြောက်ကြောင်း၊ ထိုလုပ်ရက်အပေါ် WLB က ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ရာဇ၀တ်မှုဆိုင်ရာ ဂျီနီဗာ သဘောတူစာချုပ်ကို လိုက်နာရမယ် ဆိုတဲ့ကတိက၀တ်ကို ၁၉၉၂ ခုနစ်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂျီနီဗာသဘောတူစာချုပ်ထဲမှာတော့ တရားဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း(သို့မဟုတ်) လူမဆန်စွာပြုမူခြင်း၊ ကိုယ်ခန္ဓာ (သို့မဟုတ်) ကျန်းမာရေးကို ပြင်းထန်စွာ အထူးထိခိုက်စေအောင် ရည်ရွယ်လုပ်ခြင်း၊ ဓားစားခံအဖြစ်ဖမ်းဆီးမှုများ မပြုလုပ်ရကြောင်း ပါ၀င်ပါတယ်။

“ အခု လုပ်ရက်က ဂျီနီဗာကို လျစ်လျူရှုတယ်။ မလေးစားဘူး။ ဥပက္ခာပြုတယ်။ မကျင့်သုံးဘူးဆိုတဲ့ ပုံစံရောက်တယ်” လို့ လွေးချီဆငါး ကထောက်ပြပြောဆိုလိုက်ပါတယ်။

အမျိုးသမီး၊ ကလေးနဲ့ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှုဟာ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ အနေနဲ့ ရာဇ၀တ်မှုတွေ၊ လူသားတွေကို သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ စစ်ဥပဒေဖြစ်တဲ့ ဂျီနီဗာကွန်းဗင်းရှင်းကို လိုက်နာကျင့်သုံးရမှာဖြစ်ပြီး၊ ချိုးဖောက်ရင် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး မှ စစ်ရာဇဝတ်မှုနဲ့ တရားစွဲ စစ်ဆေးပြီး တရားစီရင်နိုင်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) မှ ပြောရေးဆိုခွင့်ရှိက ထောက်ပြပြောဆိုလိုက်ပါတယ်။

မိုင်းကိုင်မြို့နယ်မှာ ဖြစ်ပွားတဲ့ မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ကိစ္စမှာ လသားအရွယ်နဲ့ အမျိုးသမီးကိုပါ ရက်စက်စွာ သတ်ဖြတ်တဲ့ဖြစ်ရပ်က ကလေးနဲ့အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးအတွက်ခြိမ်းခြောက်နေတဲ့ရာဇ၀တ်မှု ဖြစ်ကြောင်း SWAN တာ၀န်ရှိသူ က ဆိုပါတယ်။

“ ဒီဖြစ်စဥ်ကို ကြားရတော့ ကျမတို့ စွမ်းအနေနဲ့ တုန်လှုပ်၀မ်းနည်းရပါတယ်။ ဒီဖြစ်ရပ်လိုမျိုး ရှမ်းပြည်အနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်သူတွေ အမျိုးသမီးတွေ၊ ကလေးငယ်တွေကစ ဓားစာခံဖြစ် အသက်တွေ စတေးခဲ့ရတာ မနည်းတော့ပါဘူး” လို့ SWAN ရဲ့ ပြောခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိလသားအရွယ်ကလေးငယ်နဲ့ အမျိုးသမီးကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့အစည်း၊ ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်း က အဓိက တာ၀န်ယူဖြေရှင်းရန်၊ ငြိမ်းချမ်းရေးအတွက် တော်လှန်ရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေ အနေနဲ့ တာ၀န်ယူမှု၊ တာ၀န်ခံမှု မရှိပါက တိုင်ရင်းသားအချင်းချင်းပဋိပက္ခ ပိုတိုးလာနိုင်ကြောင်း ရှမ်းပြည်အတွင်း အမျိုးသမီးအရေး လှုပ်ရှားနေတဲ့သူတွေ က ပြောပါတယ်။

“ဒီကိစ္စကို တာဝန်ယူတာဝန်ခံမှု မရှိသမျှတော့ တိုင်းရင်သားအချင်းချင်း ပဋိပက္ခတွေ ပိုမိုကြီးပွားလာနိုင်တယ်။ ဒါကြောင့် ကျမတို့ရှမ်းပြည်မှာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်သွားနိုင်ဖို့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ တာဝန်ယူမှုတာဝန်ခံမှုရှိဖို့ အရေးကြီးဆုံးအချက်ဖြစ်တယ်” လို့ SWAN တာ၀န်ရှိသူက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

Photo Credit: ရွှေဖီမြေ

ရှမ်းပြည်ရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် လက်ရှိမှာတော့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ လုံခြုံရေးဟာ အလွန်ပင် စိုးရိမ်ရေမှတ်ရောက်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ရှိနေတဲ့ နယ်မြေမှာလည်း အမျိုးသမီးတွေအတွက် လုံခြုံရေး မရှိတော့ကြောင်း တအာင်း(ပလောင်) အမျိုးသမီးများအစည်းအရုံး TWO က ဆိုပါတယ်။

“အမျိုးသမီးနဲ့ ကလေးတွေအတွက်ကတော့ လုံခြုံမှု မရှိတော့ဘူး။ ဘာမှမသိတဲ့သူကိုတော့ သတ်ခံရတာဆိုတော့ အခု တယောက် နှစ်ယောက်တည်း မသွားရဲဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ နေရာကတော့ လုံခြုံမှုမရှိဘူး” လို့ လွေးချီဆငါး က လက်ရှိ ရှမ်းပြည်နယ် အနေအထားကို ပြောပါတယ်။

ရှမ်းပြည်တွင်း လက်တလောဖြစ်ပေါ်နေတဲ့ မိုင်းနုမ်ဟန်ဇနီးနဲ့ သမီးငယ်ကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စဟာ ရှမ်းပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံး အမှုမှန် အမြန်ပေါ်ပေါက်ရေး နဲ့ တရားမျှတမှုရရှိရေး တို့ အရေးတကြီး လိုအပ်နေပါတယ်။

“ဘယ်သူပဲသတ်ခဲ့သတ်ခဲ့ ကျမအနေနဲ့ကတော့ ၀န်ခံစေချင်တယ်။ အခုက လသားကလေးကိုပါ မကျန် သတ်တော့ သမိုင်းမှာ နာမည်ဆိုးနဲ့ကျန်ခဲ့မယ်။ ရှမ်းနဲ့ပလောင် (တအာင်း) ဆိုတာ ရှမ်းပြည်တွင်းမှာ အတူယှဥ်တွဲနေထိုင်လာခဲ့တာ။ အခုက တဖက်က ဖြစ်ရင် တဖက်ကို လက်ညိုးထိုးတာနဲ့ အချိန်ကုန်မယ်” လို့ မိုင်းကိုင်တွင် နေထိုင်တဲ့ နန်းမောက်ခမ်း က ပြောပါတယ်။

အရင်က လူမျိုးရေးပြဿနာနဲ့ တိုင်းရင်းသားအချင်းချင်းကြားဖြစ်ပွားတဲ့ စစ်ပွဲတွေမရှိတဲ့ မိုင်းကိုင်ဟာ ၂၀၂၁ ကစလို့ တိုင်းရင်းသားအချင်းချင်းကြား တိုက်ပွဲတွေနဲ့ မိသားစုလိုက်သတ်ခံရတာတွေ ဖြစ်လာခဲ့တဲ့အတွက် နောက်ပိုင်းလည်း အခုလို အဖြစ်မျိုး ဆက်ဖြစ်လာမှာကို စိုးရိမ်ရကြောင်း နန်းမောက်ခမ်းက ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လူ့အခွင့်အရေးချိုးဖောက်မှု၊ ကျူးလွန် သတ်ဖြတ်မှုတွေ လုံး၀မပြုလုပ်ဖို့နဲ့ မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လသားကလေး အပါအ၀င် မိသားစုလိုက် သတ်ဖြတ်တဲ့ကိစ္စ အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံး ရရှိရန် မတ် ၁၆ ရက်စွဲနဲ့ သျှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

“သတ်ခံရတဲ့မိသားစုအတွက် တရားမျှတမှု အမှန်တရားမရမချင်း ကျမတို့ကတော့ ဆက်လုပ်နေအုံးမှာပါ။ ကျူးလွန်တဲ့ သူတွေကလည်း ၀န်မခံမချင်း မခံသရွေ့ကျမတို့က ပြောရခက်ပါတယ်။ ကျမတို့ကတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” လို့ TWO က ပြောခွင့်ရ လွေးချီဆငါးက ဆိုပါတယ်။

မိုင်းကိုင်မြို့နယ် အတွင်းဖြစ်ပွားတဲ့ မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ ပြဿနာဟာ ကျူးလွန်တဲ့အဖွဲ့အစည်းတွေ ၀င်ရောက်မဖြေရှင်းပါက လူမျိုးရေးပဋိပက္ခ ဖြစ်ပွားလာနိုင်ပြီး၊ ရှမ်းပြည်နိုင်ငံရေးအတွက် နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွက် အမဲစက် ဖြစ်လာနိုင်ကြောင်းလည်း ရှမ်းပြည်အတွင်းလှုပ်ရှားတဲ့ အမျိုးသမီး အဖွဲ့က ၀ေဖန်ထောက်ပြ ပြောဆိုလိုက်ပါတယ်။

Author:

Related Articles