Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ (၁၂)ရက်မှ (၁၇)ရက်အတွင်းတစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှထူးခြားတဲ့ အကြောင်းအရာတွေ ကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် အမျိုးသမီး သံတမန်သစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ်အမျိုးသမီးသံတမန်သစ် မစ္စမာကျားကိုခန့်အပ်လိုက်တယ်လို့ စစ် ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မစ္စမာကျားဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက တာဝန်ပြီးဆုံးလို့ပြန်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင် နေရာမှာ အစားထိုးတာဝန်ယူမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် မစ္စမာကျားဟာ ၁၉၉၅ ခုနှစ်က ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ အခြေ စိုက်တရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Source – RFA Burmese

လက်နက်ကြီးကြောင့်ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံး           

စစ်ကောင်စီတပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့မှာနေထိုင်တဲ့ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၃၃ နှစ်အရွယ် ဒေါ်လိန်းရှဲင်းဖြစ်ပြီး သူရဲ့ သမီးဖြစ်သူ ခြောက်နှစ်အရွယ် ကလေးကတော့ လက်တစ်ဖက်ပြတ်သွားတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။

မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် အနီးက ၀ဥခြံထဲကို ကျရောက်ပေါက်ကွဲချိန် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Source – RFA Burmese

ဒုရဲအုပ်ချယ်ရီထက် ပြန်မလွှတ်သေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ဟာ  သြဂုတ် ၉ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမှာဖြစ်ပေမဲ့ ၁၁ ရက် ထပ်မံချုပ်နှောင်ထားတယ်လို့သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ ဒုရဲအုပ်ချယ်ရီထက်ကို ဖမ်းဆီးပြီး ဇဗ္ဗူသီရိ မြို့ နယ် အမှတ် ၁ ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက ရဲစည်းကမ်းထိန်းသိမ်းရေး  ဥပဒေ၊ ပုဒ်မ ၅၀၅(က) အမှုဖွင့်ခဲ့တာပါ။

၂၀၂၂ ခုနှစ်ဇန်နဝါရီလမှာ  ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မနဲ့  ထောင်ဒဏ် ၃ နှစ်အမိန့်ချခဲ့ပြီး ၂၀၂၂ ခု မတ်လမှာ ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။

Source –  DVB

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့စစ်ကောင်စီကြိုးစား

နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ စစ်ကောင်စီဘက်က ကြိုးစားခဲ့တယ်လို့သိရပါတယ်။

မကြာသေးခင်ရက်တွေ အပါအဝင် ၃ ကြိမ်ခန့် ကြိုးစားခဲ့ကြောင်း နေပြည်တော်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ အဲ့ဒီအထဲက ၆ နှစ်ကို မနှစ်က သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။

Source – VOA

မုံရွာမှာဈေးထဲ လက်နက်ကြီးကျလို့ အမျိုးသမီးရှစ်ဦးနဲ့အမျိုးသားသုံးဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထနောင်းတော (တောင်) ရွာဈေးထဲကို စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီး ကြောင့်အရပ်သား(၁၁)ဦးအစုလိုက်အပြုံလိုက်သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ မနက်ခင်းက ဈေးရောင်း၊ ဈေးဝယ် လူစည်ကားနေချိန်မှာ  မုံရွာမြို့အထွက်မအူရွာ မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် (မအူဂိတ်) ကနေ သုံးမိုင်ခန့်ဝေးတဲ့ အဲဒီရွာဈေးကို ၆၀ မမ လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့တာဖြစ်ပြီး ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၄ နှစ်ကနေ ၅၀ ကြားအရွယ်တွေ ဖြစ်ပြီး အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသားသုံးဦးပါဝင်ပါတယ်။

သေဆုံးသူတွေထဲမှာ ထနောင်းတော (တောင်) ရွာက ဒေသခံ ငါးဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ ညောင်ဖြူပင်၊ ထန်းလေးပင်၊ ကျပိုင်နဲ့ နဂါးတွင်းရွာတွေ ဈေးလာဝယ်ကြသူတွေလို့ ဆိုပါတယ်။

Source – RFA

အရပ်သားများအပေါ် မုဒိမ်းမှု၊ပြန်ပေးဆွဲမှုများစစ်ကောင်စီကျူးလွန်သည့် အထောက်အထားများ ရရှိထားကြောင်း  IIMM ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားများအပေါ် ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုများအပါအဝင် ရာဇဝတ်မှုကျူးလွန်ထားတဲ့ အထောက်အထားတွေရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMM က ဩဂုတ်လ ၁၃ ရက်နေ့ကအစီရင်ခံစာထုတ်ပြန်ပါတယ်။

စစ်ဘက်ဆိုင်ရာပစ်မှတ်မရှိဘဲလေကြောင်းမှ မကြာခဏ ဗုံးကြဲမှုတွေကြောင့် အရပ်သားအများအပြားသေဆုံးခြင်း၊ ပြည်တွင်းရွှေ့ပြောင်းသူတွေရဲ့ စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးနဲ့ကျန်းမာရေးအဆောက်အအုံများထိခိုက်ပျက်စီးခြင်းစတဲ့အထောက်အထားတွေကို IIMM ကစုဆောင်းရရှိထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ထားစဉ် အသတ်ခံခဲ့ရသူတွေရဲ့ ခန္ဓာကိုယ်ကို ဖြတ်တောက်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ရုပ်ပျက်ဆင်းပျက်နဲ့ လိင်အင်္ဂါတွေကို လှီးဖြတ်ထားတဲ့အလောင်းတွေကို လူမြင်ကွင်းမှာ ပြသခြင်းစတဲ့ လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်နေကြောင်း မှတ်တမ်းရရှိထားတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Source – Mizzima

ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO လက်နက်ကြီးပစ်ခတ်၍ ပအိုဝ်းဒေသခံအမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ် ဦးဒဏ်ရာရ

စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပန်အောင်ရွာကအသက် (၄၀) အရွယ် မိခင်တစ်ဦး သေဆုံးကာ သုံးနှစ်အရွယ် သားငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဩဂုတ် ၁၄ရက်ကဆီဆိုင်အရှေ့ဘက် ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီး အကြိမ် ၄၀ကျော် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပအိုဝ်းကျေးရွာတွေကို  နေ့စဉ် လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဖျက်ဆီးလျှက်ရှိတယ်လို့ PNLAက ထုတ်ပြန်ပါတယ်။

Source – People’s Spring

ကန်ပက်လက်မှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးနဲ့အမျိုးသမီးတစ်ဦးသေဆုံး

တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေကြောင်းဗုံးကြဲ တိုက်ခိုက်လို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာသုံးနှစ်အရွယ် ကလေးတဦးနဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးသေဆုံးသွားတယ်လို့ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူနှစ်ဦးအပြင် ခြောက်လနဲ့ ၁၂အရွယ် ကလေးတဦးစီအပါအဝင် စုစုပေါင်း လေးဦးလည်း ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကန်ပက်လက်မြို့နယ် မြောက်ဘက်မှာရှိတဲ့ ဆတ်ချောက်ကျေးရွာ စာသင်ကျောင်းကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source – Delta News Agency

မောင်မယ်ရှောင်ရွာတွင် အမျိုးသမီးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ခြေထောက်ဒဏ်ရာရ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းနင်းမိကာ ခြေထောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဒေသခံတွေကို ဩဂုတ်လ ၁၃ရက်မှစပြီး သုံးရက်အတွင်း အဝတ်အစား အသုံးအဆောင်တွေကို ယူဆောင်ခွင့်ပြုထားတဲ့အတွက် သွားယူရာမှ အပြန်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသမီးငယ်နဲ့မိသားစုတို့ဟာ ဥယျာဉ်ခြံထဲမှာ စစ်ဘေးရှောင်ကာ နေထိုင်ကြသူများဖြစ်တယ်လို့ သိရပါတယ်။

Source – Dawei Watch

Author:

Related Articles