Home ဆောင်းပါး တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

လေးလအတွင်း လက်နက်ကိုင် ချိုးဖောက်မှုတွေကြောင့် အမျိုးသမီး ၄၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းတွင် လေးလတာကာလအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၂၆၆ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ပဉ္စမမဏ္ဍိုင်ပြည်သူအကူအညီပေးရေးအဖွဲ့(PMCSG)က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းတွင် ၁၄၅ ကြိမ်နှင့် မကွေးတိုင်းတွင် ၉၄ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ရာဇဝတ်မှုကျုးလွန်ခံရမှုမှာစစ် ကိုင်းမှာ ၁၈၉ ကြိမ်၊ မကွေးမှာက ၇၂ ကြိမ်နဲ့ ရန်ကုန်မှာ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းရှိ မြို့နယ် ၃၈ မြို့နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို မှတ်တမ်းတင်ထား တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိတိုင်းသုံးခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါင်း ၅၀၅ ခုမှာ အမျိုး သမီး ၄ ၂ ဦးနဲ့ အမျိုးသား ၃၄၂ ဦး သေဆုံးခဲ့ပြီး အတည်မပြုနိုင်တဲ့သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုများရှိကြောင်း စစ်တမ်းက ဆိုထားပါတယ်။

ဖြစ်စဉ်တွေမှာ စစ်အုပ်စုပါဝင်တဲ့အကြိမ်ရေပေါင်းက ၄၀၈ ကြိမ်ရှိပြီး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပါဝင်မှု ၅၉ ကြိမ်နဲ့ အမည်မသိအဖွဲ့အစည်းတွေရဲ့ပါဝင်မှုမှာ ၄၁  ကြိမ်အထိရှိကြောင်း ဖော်ပြထားပါတယ်။

စစ်ရာဇဝတ်မှု ကျုးလွန်မှုများလာရတာက စစ်တပ်နဲ့ သူတို့လက်အောက်ခံ ပျုစောထီးတွေက ဒေသခံပြည်သူတွေအပေါ်  မတရားအနိုင်ကျင့်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့အခြေအနေတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအရွေ့ပြောင်းလဲမှု မြန်ဆန်လာပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရဲ့ဆောင်ရွက်မှုယန္တရားက နှေးကွေးတုန့်ဆိုင်းနေဆဲ ဖြစ်တယ်လို့လည်း ပဉ္စမမဏ္ဍိုင်အဖွဲ့က ထောက်ပြနေပါတယ်။

Source – Mizzima 

စစ်ပွဲကြားက အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံးပါဝင်တဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ MSF တောင်းဆို

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်းက အမျိုးသမီးနဲ့ ကလေးငယ်တွေအများဆုံးပါဝင်တဲ့အရပ်သား ပြည် သူတွေကို အကာအကွယ်ပေးရမယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)က ဩဂုတ်လ ၉ ရက်က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၇ ရက်အထိ ၄ ရက်အတွင်း MSF အဖွဲ့က ဒဏ်ရာရသူ ၃၉ ဦးကို ဆေးကုသပေးခဲ့ရပြီး အဲဒီထဲမှာ ၄၀ ရာခိုင်က အမျိုးသမီးနဲ့ ကလေး‌တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

အများအပြားက မော်တာကျည်ထိမှန်တာနဲ့ သေနတ်ဒဏ်ရာတွေဖြစ်ပါတယ်။ ဩဂုတ်လ ၆ ရက် တစ်ရက်ထဲ ဒဏ်ရာရသူ ၂၁ ယောက် ဆေးကုသပေးခဲ့ရပြီး ဒီအတိုင်းအတာအထိ ပြင်းထန်ဒဏ်ရာတွေနဲ့ တွေ့မြင်ရတာဟာ ယခုနှစ်အတွင်း ပထမဦး ဆုံးအကြိမ်ဖြစ်တယ်လို့ MSF က ဆိုပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ထိခိုက်ဒဏ်ရာရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့တဲ့  ရိုဟင်ဂျာအရေ အတွက် ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုးလာခဲ့ကြောင်း၊ ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ် အတည်း ဆိုးရွားလာနေတာကို ပြသနေကြောင်း MSF က ပြောပါတယ်။

Source – RFA

နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး PDF ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ Royal Eagle People Defence Force -YSO တပ်ဖွဲ့ထံ သြဂုတ် ၄ ရက်က အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တဦး အလင်းဝင်ရောက်လာပါတယ်။

အလင်းဝင်လာသူဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှာ ၂၀၁၈ က စတင်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အေးအေးအောင်ဆိုတဲ့အမျိုးသမီးတစ်ဦးပါ။

ဒီရဲမေက G 3 ကျည် ၂၄ တောင့်၊ 9 mm ကျည် ၂၅ တောင့်၊ လက်တော့ပ် ၁ လုံးတို့နဲ့အတူ အလင်းဝင်လာတဲ့အတွက် Royal Eagle တပ်ဖွဲ့က ဆုငွေ ၁ သိန်းကျပ်ချီးမြှင့်ခဲ့ပြီး ကာယကံရှင်ရဲ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေး ခဲ့ တာ ဖြစ်ပါတယ်။

Source – မြေလတ်အသံ       

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ထပ်မံချုပ်နှောင်ခံရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ဟာ လွတ်ရက်စေ့ပေမယ့် ဆက်ပြီး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ဟာ အချုပ်ထောင်လျှော့ရက်နဲ့ ဩဂုတ်လ ၉ ရက်မှာ ရမည်းသင်းထောင်ကနေ လွတ်မြောက်လာမှာ ဖြစ်ပေမယ့် နောက်ထပ် ၁၁ ရက် ထပ်မံချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေနဲ့ ထောင် နှစ်နှစ်၊ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က နဲ့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းတဲ့နေ့အထိ ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးကို တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို စက်တင်ဘာလ ၂၁ ရက်အထိ နေအိမ်အကျယ်ချုပ်နဲ့ စောင့်ကြည့်ပြီးမှ ဖမ်းဆီး ထောင်ချခဲ့တာဖြစ်ပါတယ်။

Source – RFA

ရှမ်းမြောက်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲ့ဇနီးကို တပ်ရင်းက မီးဖွားစရိတ်ထောက်ပံ့

ရှမ်းမြောက်စစ်ဆင်ရေးမှာပါဝင်နေတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People’s Defence Army က တပ်ဖွဲ့ဝင်ရဲဘော်ရဲ့ဇနီး သည်တွေကို မီးဖွားစရိတ်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ဘုတလင်မြို့နယ်ရှိ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ တပ်ဖွဲ့ဝင် ရဲဘော် ဟန်ထူးဇော်ရဲ့ဇနီးဖြစ်သူကိုယ်ဝန်ဆောင်တစ်ဦးကို တပ်ရင်းက မီးဖွားစရိတ် ကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။

ရဲဘော် ဟန်ထူးဇော်ဟာ ရှမ်းမြောက်တိုက်ပွဲတွေမှာ သွားရောက်တိုက်ပွဲဝင်နေတာ ၆ လခန့်ရှိပြီဖြစ်ပြီး လက်ရှိအထိ မဟာ မိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

Source – မြေလတ်အသံ

စစ်စခန်းထဲက မိသားစုတွေအတွက် လုံခြုံရေးအစီအမံသီးခြားမရှိ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ဒေသအသီးသီးမှ စစ်စခန်းအများအပြား သိမ်းပိုက်ခံနေရပေမယ့် စစ်တပ်ထဲက မိသားစုဝင်တွေအတွက် လုံခြုံရေးအစီအမံ သီးခြားမရှိဘူးလို့ သိရပါတယ်။

တိုက်ပွဲတွေ စစ်တပ်ဌာနချုပ်တွေထံ နီးကပ်လာချိန်မှာ စစ်သားဇနီးတွေကို တပ်ရင်းစခန်းပတ်လည် ခံစစ်နေရာတွေမှာ အသုံးချထားတာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကိုတော့ သားဖွားခန်း၊ တပ်ရင်းရုံးတွေမှာ နေရာ ချထားပေးထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

စစ်အာဏာရှင်က တပ်တွင်းမိသားစုဝင် လုံခြုံရေးကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ စခန်းတွေရဲ့လုံခြုံရေး အားနည်းနေချိန် မှာ အသေခံတိုက်ခိုက်ခိုင်းတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်တော်သားအများအပြားကတော့ သူတို့ရဲ့အစီအစဉ်နဲ့ နေပြည်တော်မှာ ခိုလှုံတာ၊ ပြည်ပသို့ ထွက်ခွာတဲ့ နည်းနဲ့ လုံခြုံရေးကို ဖြေရှင်းနေကြတာပါ။

စစ်တပ်ထဲက စစ်သားတွေရဲ့ဇနီးသည်တွေကတော့ အရန်အင်အားခေါင်းစဉ်အောက်မှာ စစ်သင်တန်းတွေတက်ရပြီး တပ် စခန်းလုံခြုံရေးနဲ့ ခံစစ်စည်းတွေမှာ အခမဲ့အသုံးပြုခံရသူတွေဖြစ်လာပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ တပ်တွင်း အတူနေ သားသမီးတွေလည်း အလားတူ အသုံးချခံနေရတာဖြစ်ပါတယ်။

Source – Myanmar Now

ကိုယ်ဝန်ဆောင် တစ်ဦး လမစေ့ခင်မီးဖွားရာမှ ကလေးရောမိခင်ပါ သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လမစေ့ခင် ကလေးမီးဖွားရာ မီးမဖွားနိုင်ဘဲ ကလေးနဲ့ မိခင်ပါသေဆုံးသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင် မနုနုထွေးဟာ ငွေကြေးမတတ်နိုင်တာကြောင့် ကလေးမွေးဖို့ နေအိမ်မှာ အရပ်လက်သည်နဲ့ မွေးဖို့ကြိုးစားနေခဲ့ရာမှ မီးမဖွားနိုင်ဘဲရှိခဲ့တာပါ။

ဒီနောက် အခြေနေဆိုးလာတဲ့အတွက် ဒေသခံပရဟိတကားနဲ့ တောင်ငူဆေးရုံကိုပို့ဆောင်ချိန် ဆေးရုံရောက်ပြီး ၅ မိနစ်ခန့်အကြာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမွေးဖွားမယ့်ကိုယ်ဝန်ဟာ ဒုတိယမြောက်ကလေးဖြစ်ပြီး ပထမကလေး မွေးဖွားစဉ်တုန်းကတော့ ဘယ်လိုမွေးဖွား ခဲ့လဲဆိုတာ ဘယ်သူမှမသိကြပါဘူး။

Source – မြေလတ်အသံ

လုပ်အားခ ဘတ် ၁၅ သိန်းကျော်မရလို့ ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမားတွေက အမှုဖွင့်

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွန်းဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ် သမား ၂၅ ဦးဟာ လုပ်အားခ ဘတ် ၁၅ သိန်းကျော်မရတဲ့အတွက် ထိုင်းအလုပ်ရှင်ကို ဩဂုတ်လ ၆ ရက်မှာ  အမှုဖွင့်တိုင်ကြား ခဲ့တယ်လို့ အလုပ်သမားများနှင့် ကူညီဖြေရှင်းပေးနေသော WAG အဖွဲ့ထံမှ သိရပါတယ်။

CJA Construction ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေစဉ် ပြီးခဲ့သောနှစ် စက်တင်ဘာလမှစလို့ လုပ်အားခကို ရက်ပိုင်းအတွက်သာပေးရှင်းခဲ့ပြီး ယခုနှစ် ဇန်နဝါရီလကစလို့ လုပ်အားခများ လုံးဝရှင်းမပေးခဲ့ပါဘူး။

လုပ်အားခမရှင်းပေးသော ရက်တွေကို အလုပ်သမားတွေက တွက်မှတ်ထားရာ ၅လအတွင်း လုပ်အားခမရသောရက်ပေါင်း ၁၂၀ ကျော်ရှိပြီး လုပ်အားခအားလုံးစုစုပေါင်း ဘတ် ၁၅ သိန်းကျော်ကိုရှင်းပေးဖို့ရှိနေတာဖြစ်ပါတယ်။အမျိုးသားတွေက လုပ်အားခ ဘတ် ၅၀၀၀၀ မှ ၈၀၀၀၀ အထိရရန်ရှိပြီး အမျိုးသမီးတွေကတော့ ဘတ် ၃၀၀၀၀ ကျော်အထိ ရဖို့ရှိနေတာပါ။

အလုပ်သမားတွေရဲ့လုပ်ခလစာတွေကို အလုပ်ရှင်က ၆ လကျော်အထိ မရှင်ပေးပဲ နေ့ရွှေ့လရွှေ့ ရွှေ့နေခဲ့လို့ ကူညီ ဖြေရှင်းပေးရန် WAG အဖွဲ့ကို အကူအညီတောင်းခံခဲ့ပါတယ်။

Source – Dawei Watch

ဇူလိုင်လအတွင်း အမျိုးသမီး ၆၃ ဦး သတ်ဖြတ်ခံရကြောင်း BWU ပြော

၂၀၂၄ ခုနှစ် ဇူလိုင်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၃ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်သေဆုံးသူက ၄၂ ဦးနဲ့ အများဆုံးပါဝင်ပြီး တိုက်ပွဲအတွင်း ကျည်ထိမှန်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ မီးရှို့သတ်ဖြတ်ခံရတာစတဲ့ အကြောင်းအရာတွေနဲ့ သေဆုံးခဲ့ရသူတွေလည်း ပါဝင်ပါတယ်။

ဇူလိုင်လအတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်က ၂၂ ဦးနဲ့ အများဆုံး ပါဝင်ပြီး မန္တလေးတိုင်းက ၁၇ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ဒီအချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နဲ့ တိကျခိုင်လုံတဲ့ သတင်း မီဒီယာတွေကရတဲ့ အချက်လက်တွေကို စုစည်းကောက်ယူထားတာလို့ BWU က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

Source – RFA

ဂွမြို့ကို ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရ 

တိုက်ပွဲမဖြစ်သေးတဲ့ ရခိုင်တောင်ဖက်အစွန်ဆုံး ဂွမြို့နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေရွာထဲ ကျရောက်ပေါက်ကွဲကာ စစ်ရှောင်အမျိုးသမီးတဦး အပါအဝင် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဒဩဂုတ်လ ၈ ရက် မနက်အစောပိုင်း နှစ်နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ဂွမြို့နယ် ကျောက်ခေါင်းကွင်းနဲ့ စေတီကွင်းရွာတို့ကို ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဒါဟာ ဂွမြို့နယ်အတွင်း ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲတာလည်း ဖြစ်ပါ တယ်။

ဒဏ်ရာရသူထဲမှာလည်း စစ်ဘေးရှောင်တွေ ပါဝင်ပြီး ဗုံးကြဲမှုကြောင့်  ဘုန်းတော်ကြီးကျောင်းဆောင်နဲ့ လူနေအိမ်အချို့ပါ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဂွမြို့နယ်အတွင်း စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေဆုံး၊ ဒဏ်ရာရသွားတဲ့ အရပ်သား ၁၀ ဦးဝန်းကျင် ရှိပြီး အာရက္ခတပ်တော်(AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံထားရသူဟာလည်း ၂၀ ဝန်းကျင်ထိရှိပြီလို့ သိရပါတယ်။

Source – DNA

ဆီဆိုင်မှာ လက်နက်ကြီးကျလို့ စစ်ရှောင်အမျိုးသမီး နှစ်ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အရှေ့ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က ဩဂုတ်လ ၆ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့ရာမှာ မီးရယ်ရွာထဲကို ကျရောက်ပေါက်ကွဲ ပြီး ဒီရွာထဲ ထီရီးရွာမှစစ်လာရှောင်တဲ့ အသက် ၂၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦးထိခိုက်သေဆုံးခဲ့ရတာဖြစ်ပါ တယ်။

ဩဂုတ်လ ၆ ရက်နေ့က တစ်ရက်တည်းမှာပဲ ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ဆယ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

Source – RFA

မတ္တရာမြို့မှာ လေကြောင်းကနေ ဗုံးသီး ၈၀ ကျော်ကြဲချလို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရှင်လှကျေးရွာကို ဩဂုတ် ၆ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံထံမှ သိရပါတယ်။

စစ်လေတပ်သုံး Y 12 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်ကနေ ဗုံးသီး ၈၃ လုံးကို နာရီဝက်လောက်ကြာတဲ့အထိ လှည့် ပတ်ကြဲချသွားခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရှင်လှကျေးရွာက အသက် ၇၀ အရွယ်အမျိုးသမီးကြီး ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး တို့ ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။

မတ္တရာနယ်အတွင်း စစ်တပ်ရဲ့လေကြောင်းထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်ပြီး ဒေသခံအများအပြား ကျေးရွာထဲကနေ ရှောင်တိမ်းနေကြတာဖြစ်ပါတယ်။

Source – မြေလတ်အသံ                

Author:

Related Articles