Home ဆောင်းပါး လွှတ်တော်ထဲရောက်ဖို့ကြိုးစားနေတဲ့ ပအိုဝ်းအမျိုးသမီးလူငယ်အမတ်လောင်း

လွှတ်တော်ထဲရောက်ဖို့ကြိုးစားနေတဲ့ ပအိုဝ်းအမျိုးသမီးလူငယ်အမတ်လောင်း

ကြည်ဖြူ။ ။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က အသက် ၂၇ နှစ်အရွယ် ပအိုဝ်းအမျိုးသမီး နန်းခံချို တယောက် မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဆီသွားနိုင်ဖို့အရေး ပြင်ဆင်နေပါတယ်။

နန်းခံချိုဟာ ဆီဆိုင်မြို့ကနေ ကားနဲ့သွားရင် ခြောက်နာရီလောက်သာကြာတဲ့ နေပြည်တော်ဆီကို သာမန်ခရီးသွား တယောက်အနေနဲ့ သွားမှာမဟုတ်ဘဲ တိုင်းပြည်ရဲ့ အမြင့်ဆုံးလွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဆီ လွှတ်တော် အမတ်တယောက်အနေနဲ့ သွားနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

လပိုင်းအတွင်း ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲမှာ သူဟာ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ၊အ၊မ၊ဖ) ပါတီကနေ ပြည်သူ့လွှတ်တော်ဆီဆိုင်မြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာပါ။

သူ့အတွက်တော့ နေပြည်တော်ဆီသွားရာလမ်းတလျှောက် စိန်ခေါ်မှုတွေကတော့ ရှေ့မှာစောင့်ကြိုနေပါတယ်။ အသက်ကြီးတဲ့ အမျိုးသားတွေသာ အစဉ်အမြဲ နေရာရလေ့ရှိတဲ့ ပအိုဝ်းနိုင်ငံရေးလောကမှာ ငယ်ရွယ်တဲ့ ခေတ်ပညာတတ်အမျိုးသမီးတယောက်အနေနဲ့ ရွေးကောက်ပွဲဝင်ရတာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

သူ့ဘဝမှာ ပထမဆုံးဝင်ပြိုင်တဲ့ ရွေးကောက်ပွဲဟာ အကြိုကာလမှာတင် ခက်ခက်ခဲခဲ ကြိုးစားနေရတယ်လို့ သူကဆိုပါတယ်။ သူ့အတွက် အဓိကစိန်ခေါ်မှုက ငယ်ရွယ်တဲ့ အမျိုးသမီး နိုင်ငံရေးသမားဆိုတာဟာ ဒေသတွင်းက မဲပေးမယ့်သူတွေအတွက် အထူးအဆန်းသဖွယ် ဖြစ်နေတာလို့လည်း သူကဆိုပါတယ်။

ရွေးကောက်ပွဲအကြိုအနေနဲ့ ကျေးရွာတွေဆီ သွားရောက်လေ့လာတဲ့အခါမှာ “အမျိုးသမီးနဲ့ အမျိုးသားဆိုရင် အမျိုးသားကို မဲပေးမယ်”“လူကြီးနဲ့လူငယ်ဆိုရင် လူကြီးကိုမဲပေးမယ်”ဆိုတဲ့ သဘောထားအများအပြား ကြားခဲ့ရတယ်လို့လည်း လို့ နန်းကြယ်စင်လို့လည်း အခြားအမည်တမျိုးရှိတဲ့ နန်းခံချိုကပြောပါတယ်။

“အခုခေတ်လူငယ်တွေက တော်တယ်ဆိုတာက မှန်တယ်တဲ့ လူငယ်တွေကို အားပေးတယ် သို့ပေမယ့် အတွေ့အကြုံက လူကြီးကို မမှီဘူးလိုဆိုပြီးတော့။ အစ်မတို့ ရွာတိုင်းလိုလိုမေးလို့ ထွက်လာတဲ့ စကားဖြစ်တယ်”

“အမျိုးသမီးကို အမျိုးသမီးဖြစ်လို့ ငယ်ရွယ်နေလို့ဆိုပြီး အမြင်နဲ့ မဆုံးဖြတ်စေချင်ဘူး တကယ်ခိုင်းကြည့်ပါ တကယ်ယုံကြည့်ပါ” လို့ ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ သူမက ဆိုပါတယ်။

နန်းခံချိုအတွက် နောက်ထပ်စိန်ခေါ်မှုက ပြိုင်ဘက်တွေက အင်အားကြီးပါတီတွေဖြစ်နေတာပါ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုန်း၊ ဆီဆိုင် နဲ့ ပင်လောင်းမြို့နယ် တွေမှာ ၂၀၁၀ ကစလို့ ရွေးကောက်ပွဲကျင်းပတိုင်း အနိုင်ရလေ့ရှိတာက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဖြစ်ပါတယ်။

အခက်အခဲတွေရင်ဆိုင်ရမှာ ကြိုသိထားပေမယ့် လွှတ်တော်ထဲကို ရောက်သွားရင် သူလုပ်ဖို့ ရည်ရွယ် ထားတာတွေ ထဲကတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖိုလည်း ပါတယ်လို့ နန်းခံချိုက ဆိုပါတယ်။

“ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မချင်းက တိုင်းရင်းသား လိုလားတဲ့ ဖက်ဒရယ်ကို ဘယ်လိုမှ သွားလို့ရမှာ မဟုတ်ဘူး” လို့သူကဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်သားကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်ထဲမှာ အလိုအလျောက် ရောက်နေတာဟာ သဘာဝမကျဘူးလို့ သူကဆိုပါတယ်။ နိုင်ငံရေးမှာ အခွင့်ထူးခံအဖြစ်ရှိနေမယ့်အစား အားလုံးနဲ့တန်းတူ ရွေးကောက်ပွဲ ဝင်စေချင်တယ်လို့လည်း သူကဆိုပါတယ်။

နန်းခံချိုဟာ ရွေးကောက်ပွဲမဝင်ခင် ပအိုဝ်းဒေသမှာ ပညာရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ဒေသတွင်းက လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသမီးလူငယ်အမတ်လောင်း နန်းခံချို

ဆယ်တန်းအောင်ပြီး ၂၀၁၀ မှာပအိုဝ်းအမျိုးသမီးသမဂ္ဂက ဖွင့်တဲ့ပအိုဝ်းအမျိုးသမီး စွမ်းရည်မြှင့် သင်တန်းကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့မှာ သွားရောက်သင်ယူခဲ့ပါတယ်။

ပအိုဝ်းအမျိုးသမီးစွမ်းရည်မြှင့်သင်တန်းဆိုတာ တခါမှမကြားဖူးသေးတဲ့ သူ့အတွက် အလွန်ထူးဆန်းကြောင်း ထိုသင်တန်းက သူ့အတွက် အသစ်အဆန်းဖြစ်စေရုံသာမက နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမူကို စိတ်အားထက်သန်လာစေခဲ့တယ်လို့လည်း သူကဆိုပါတယ်။

နောက်ပိုင်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနရဲ့ ဝန်ထမ်းအဖြစ် တနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ မှာ ပအိုဝ်းအမျိုးသမီးသမဂ္ဂ အမျိုးသမီးနိုင်ငံရေး စွမ်းရည်မြှင့် သင်တန်းကျောင်း ရဲ့ သင်တန်းဆရာမဖြစ်လာခဲ့ပါတယ်။

၂၀၁၅ မှ ၂၀၁၇ အတွင် ပအိုဝ်းအမျိုးသမီးသမဂ္ဂ ကဖွင့်တဲ့ အမျိုးသမီးနိုင်ငံရေးစွမ်းရည်မြှင့်သင်တန်းကျောင်း တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ရင်း လူမျိုးအလိုက် ပအိုဝ်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှာ ဦးဆောင်ကော်မတီအဖြစ်ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ထင်ရှားတဲ့ လှုပ်ရှားမှုအဖြစ် ပအိုဝ်းဒေသမှာ တပ်မ‌တော်နဲ့ ဒေသခံတွေအကြား မြေယာအငြင်းပွားမှု ပြဿနာတွေ၊ ပဋိပက္ခဒေသတွင်း မတရားသတ်ဖြတ်ခံရသည့် ဒေသခံအပြစ်မဲ့ပအိုဝ်းပြည်သူများအတွက် တရားမျှတမှုရှာဖွေသည့် လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

လူထုအကြားလှုပ်ရှားမှုတွေက အမြဲတမ်းလွယ်ကူနေခဲ့တာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဒေသတွင်းက လူထုအပေါ် ဘာသာရေးခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုကအဓိကကျနေပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု လိုမျိုး ပညာပေးရာမှာလည်း အခက်အခဲတချို့ရှိခဲ့ဖူးတယ်လို့ သူကပြောပါတယ်။

“အမျိုးသမီးအခွင့်အရေးဆိုတာ အနောက်တိုင်းအယူအဆဘဲ ငါတို့ အယူအဆနဲ့ မတူဘူး ငါတို့ ဘာသာရေးနဲ့ ကိုက်ညီမူမရှိဘူး လို့ ပြောလာတဲ့ ဟာကကလည်း အတိတ်ဆိုးတစ်ခုဖြစ်တယ်” လို့နန်းခံချိုကဆိုပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာ မလိုလားတဲ့သူတွေက ပုံဖျက်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

“ဥပမာလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုတဲ့ဟာကို ရပ်ရွာထဲမှာ ပြောချင်တာပြော ဆဲချင်တာဆဲဆိုတဲ့ဟာမျိုးကို တစ်ဖက်က ဝါဒဖြန့်နေတယ် ဝါဒဖြန့်တာကလည်း ကောင်းကောင်းနားလည်လို့ ဝါဒဖြန့်တာမျိုးမဟုတ်ဘူး လူထုကိုနားရှုပ်အောင် လုပ်လိုက်တဲ့ သဘောဘဲ” လို့သူကဆိုပါတယ်။

ရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်း ဒီလိုတိုက်ခိုက်မှုမျိုးတွေ ဆက်လက်ကြုံနေရဆဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“ရွေးကောက်ပွဲတော့ မလာသေးဘူး။ အခုကဆိုရင် ကိုယ့်ပါတီကိုလည်း တိုက်တယ်၊ ကိုယ့်ကိုလည်း တိုက်တယ်ပေါ မျိုးစုံတိုက်နေကြတာကိုလည်း တွေ့ရတယ် ခံရတယ်” လို့နန်းခံချိုကပြောပါတယ်။

လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကိုကျော်လွှားပြီး လွှတ်တော်အမတ်အဖြစ်အရွေးခံရရင် မြေယာပြဿနာလို ဒေသတွင်းမှာ ပအိုဝ်းလူမျိုးတွေကြုံနေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အဆင်သင့်ဘဲလို့ သူက ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ကတိကဝတ်ကိုပြောပါတယ်။

“ကျမတိုက်ပွဲဝင်ဖို့ဆိုရင် အဆင်အသင့်ပဲ။ လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူတို့နဲ့အတူအတူ တိုက်ပွဲဝင်မယ်” လို့ နန်းခံချိုကဆိုပါတယ်။

Author: Kyi Phyu

Related Articles