Home ဆောင်းပါး ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး သမ္မတရုံးက ဘယ်လောက်တွန်းအားပေးနိုင်မလဲ

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး သမ္မတရုံးက ဘယ်လောက်တွန်းအားပေးနိုင်မလဲ

မိုးမိုး။ ။

“ကျွန်တော်တို့ တမိသားစုလုံးနာမည်ကို ထုတ်ပြောလိုက်တဲ့ အရာအရှိကြီးတွေကို ပေးလိုက်တဲ့ အပြစ်က ရာထူးတိုးမြှင့်တာ ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်တဲ့လား။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ဒါလားလို့ မေးလိုက်ချင်တယ်”

ဒီလို ခံပြင်းစွာ ပြောလိုက်သူကတော့ ဗစ်တိုးရီးယားရဲ့ ဖခင်ပဲ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားမိသားစုနာမည်တွေ ထုတ်ဖော်ခဲ့တဲ့ အဆင့်မြင့် ရဲအရာရှိကြီး ၃ ဦးကို ရာထူးတိုးဆိုင်းငံ့တဲ့ပြစ်ဒဏ်ပေးထားကြောင်း ပြီးခဲ့တဲ့ မေလ ၃၀ ရက်က အွန်လိုင်းကတဆင့်ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖြေကြားခဲ့တဲ့အပေါ် တုံ့ပြန်ပြောဆိုလိုက်တာပါ။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် စောင့်ကြည့်နေတယ်လို့ သမ္မတ အိမ်တော်ရှင်းလင်းပွဲမှာ ပြောကြားပြီးကတည်းက အမှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုကို သမ္မတရုံးကနေ ပထမဆုံး ကြားခဲ့ရခြင်းဖြစ်ပါတယ်။

အပြစ်ပေးခံရတဲ့ ရဲအရာရှိ ၃ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြုလုပ်တဲ့ အမှုနဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ နစ်နာသူ ဗစ်တိုးရီးယားရဲ့ အမည်အရင်းနဲ့ မိဘတွေရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် ရဲဇာနည် လူမှုကွန်ယက်စာမျက်နှာမှာလည်း မိသားစုအားလုံးရဲ့ ကိုယ်ရေးအချက်အလက်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလို ကာယကံရှင်မိသားစုအပေါ် ကြီးမားတဲ့ လူမှုရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုကို ကျူးလွန်ခဲ့မှုအတွက် ပေးလိုက်တဲ့ အပြစ်ဒဏ်ဟာ သက်ညှာလွန်းတယ်ဆိုပြီး ကာယကံရှင်မိသားစုအပါအဝင် အမှုစောင့်ကြည့်နေသူတွေကြား အစိုးရရဲ့ တုံ့ပြန်မှုအပေါ် စိတ်ပျက်ခဲ့ကြပါတယ်။

“တာဝန်ယူမှု တာဝန်ခံမှုက ဒီလို ဖြစ်ကြေးဆိုရင် နောက်ထပ် ဗစ်တိုးရီးယားတွေ အများကြီး ထပ်ပေါ်ဦးမယ်။ ဒီလိုတာဝန်ပေါ့လျော့တဲ့သူတွေ ရှိနေဦးမယ်။ တရားဥပဒေ စိုးမိုးရေးကလည်း ရီချင်စရာကြီး ဖြစ်နေမှာပေါ့” လို့ ဗစ်တိုးရီးယား ဖခင် ဖြစ်သူက ဆိုပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်စဉ်မျိုးတွေမှာ ကလေးငယ်တွေရဲ့ နာမည်တွေကို မီဒီယာကနေတဆင့် ထုတ်ဖော်ပြောမယ်ဆိုရင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ပဲ အရေးယူသင့်ပါတယ်လို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ ခင်စိုးစိုးကြည်ကပြောပါတယ်။

“ကျမတို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ဆိုရင် အခု မျက်မြင်ပါဘဲ။ ဘာမှ တိတိကျကျ ပြတ်ပြတ်သားသား ဆုံး ဖြတ် ပေးလို့မရတဲ့ ဟာမျိုး ဖြစ်နေပါတယ်။ တရားရေး မဏ္ဍိုင်နဲ့ ကြည့်မယ်ဆိုရင် ဆိုးနေပါသေးတယ်” လို့ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကလည်း အကယ်၍ အဆင့်မြင့်ရဲအရာရှိကြီးတွေအနေနဲ့ ဥပဒေ ချိုးဖောက်ထားရင် ဥပဒေကြောင်းအရ တရားဝင်တရားရုံးတွေက စွဲတင်အပြစ်ပေးတာ ဖြစ်ရမယ်လို့ ရှင်းပြပါတယ်။

“ဥပဒေ အမြင်နဲ့ဆိုရင် ဒါက အပြစ်ပေးတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ ဆောင်ရွက်မှု ဖြစ်တယ်။ ဒီဆောင်ရွက်မှုမှာ သူ့ကို ဘယ်လို အရေးယူ ဆောင်ရွက်သလဲ ဆိုတာ အနိမ့်ဆုံးဆောင်ရွက်ချက်က သတိပေးတယ်။ ဒုတိယက နှစ်တိုးရပ်တာတို့ ဌာနကနေ ပြစ်တင်ရှုံ့ချပြီး ပယ်တာက အမြင့်ဆုံးပဲ။ သူ့မှာက ထောင်ဒဏ်တို့ သေဒဏ်တို့ မရှိဘူး” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

အမှန်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ သမ္မတအိမ်တော်ရှင်းလင်းပွဲမှာ သမ္မတရုံးက ပြောကြားချက်တွေထဲမှာ အမှုနဲ့ပတ်သက်ပြီး လွဲချော်မှုတွေအပေါ် တာဝန်ယူမှုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ညွှန်ကြားထားပြီးဖြစ်သလို တရားဥပဒေစိုးမိုးရေးအတွက် တောက်လျှောက် စောင့်ကြည့်နေတယ်လို့ အတိအလင်း ပြောခဲ့တာပါ။

အခုဆိုရင် ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့မှာ နေပြည်တော်က Wisdom Hill ပုဂ္ဂလိကကျောင်းမှာ မူကြိုတက်နေရင်း လိင်အကြမ်းဖက်ခံရမှုနဲ့ မိခင်ကိုယ်တိုင် အမှုဖွင့်တိုင်ကြာခဲ့တဲ့ ဗစ်တိုးရီးယားရဲ့အမှုဟာ ခုချိန်မှာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် လှုပ်ရှားမှု (၂၂ ဖေဖော်ဝါရီလ ၂၀၂၀) /Photo – မိုးမိုး

ဒီအမှုဟာ တနိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသလို နိုင်ငံတော်သမ္မတရုံးအဆင့်ထိပါ စောင့်ကြည့်ခံထားရပေမယ့် ဒီလို ရဲအရာရှိတွေကို ရာထူးတိုးဆိုင်းငံ့ပြစ်ဒဏ်ပေးတာကလွဲရင် ခုချိန်ထိ အမှုမှန်ပေါ်ပေါက်ရေးအတွက် သိသာတဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

အမှုစတင်စဉ်ကတည်းက သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ ကိုအောင်ကြီးကို တရားခွင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချလွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တရားခံလည်း ဆက်လက်ရှာဖွေနိုင်ခြင်းမရှိသလို Wisdom Hill ကျောင်းကလည်း ကျောင်းဝင်းအတွင်း အမှုဖြစ်ပွားခြင်း လုံး၀ မရှိခဲ့ကြောင်း ငြင်းဆိုနေဆဲဖြစ်လို့ ဗစ်တိုးရီးယားရဲ့ မိသားစုဟာ တရားမျှတရေးအတွက် လမ်းစပျောက်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ ခုလို သမ္မတရုံးရဲ့ ရဲအရာရှိ ၃ ဦးအပေါ် ပေးလိုက်တဲ့ အပြစ်ဒဏ်ဟာ တရားမျှတရေးအတွက် အစိုးရကူညီမှုအပေါ် ကြီးမားစွာ မျှော်လင့်ခဲ့ကြတဲ့ ကာယကံရှင် မိသားစုရဲ့အတွက် မျှော်လင့်ချက် ပြိုလဲစေခဲ့ပါတယ်။

“နောက်နောင်မှာ အမှန်တရားနဲ့တရားမျှတမှုကိုတော့ လာမရှာနဲ့နောက်ဆုံး ရလာဒ်က နာမည်တွေဖော်ပြပြီး အရှက်ခွဲခံရမယ်။ အချိန်တွေကုန် ဘဝတွေပဲပျက်သွားမယ်။ ငါတို့က ဘာမှမဖြစ်ဘူး။ လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတာကို သက်သေပြသွားတာပဲ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

သမ္မတရုံးက ကတိပေးခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ အမှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဘယ်လောက်အတိုင်းအတာထိ ဘာတွေလုပ်ဆောင်နေလဲဆိုတာတော့ အခုချိန်ထိ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးသလို အမှုပိုင်းဆိုင်ရာ ထူးခြားမှုလည်း တစုံတရာ မတွေ့ရပါဘူး။

ဗစ်တိုးရီးယားဘက်မှ လိုက်ပါ ကူညီပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကတော့ အခုလို အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ကို လိင်အကြမ်းဖက်မှုပြုသူ တရားခံကိုတောင် တနှစ်ကျော်တဲ့အထိ ရှာဖွေမပေးနိုင်တာဟာ တရားဥပဒေစိုးမိုးရေးအရ ထိတ်လန့်စရာကောင်းတဲ့အခြေအနေတခုဖြစ်သလို သမ္မတရုံးရဲ့ တာဝန်ယူမှုအပေါ်ကိုလည်း လူတိုင်းက ဆက်ပြီး စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

သမီးငယ်ရဲ့ တရားမျှတမှုရဖို့အတွက် မိသားစုအနေနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အင်တိုက်အားတိုက် ကူညီလုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ အမှုစောင့်ကြည့်သူအများစုက ဝေဖန်သုံးသပ်ကြပါတယ်။

မိသားစုဝင်တွေအနေနဲ့ CCTV Hardisk ဖော်ထုတ်ဖို့အတွက် နည်းပညာရှင်တွေဆီ အကူအညီတောင်းမှုတွေ ပြုလုပ်ခဲ့သလို ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး သမီးငယ်ရဲ့ DNA စစ်ဖို့အတွက် လျှောက်လွှာတင်ဖို့ကြိုးစားမှုတွေရှိခဲ့ပေမယ့် အခွင့်မသာခဲ့ပါဘူး။ ဒါ့အပြင် တရားခွင်အတွင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ သက်မဲ့သက်သေ၊ ဆေးပညာရှုထောင့်အရ တွေ့ရှိတဲ့ သက်သေနဲ့ CCTV နည်းပညာရှင်တွေ ဖော်ထုတ်ချက်အရ တွေ့ရှိချက်တွေအပေါ် အမှုဆက်လက်ဆောင်ရွက်မှု အားနည်းတယ်လို့ ကာယကံရှင် မိသားစုက ဆိုပါတယ်။

“တရားခွင်မှာ ဒါတွေ ထွက်လာတယ်။ ဒါဆိုရင်တော့ ဘယ်သူတွေ လိမ်ထားတယ်။ ဘယ်သူတွေ မှားနေတယ်။ ဒါဆိုရင်တော့ ဘာကြောင့် ဒီလိုဖြစ်နေရလဲဆိုတာကို ဆက်ပြီးတော့အရေးယူမှုတွေ လုပ်ရမှာ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အမှုတစ်နှစ်ကျော်သွားပြီဖြစ်တဲ့အတွက် အမှုကာလ တနှစ်အတွင်းသာ တိုင်တန်းနိုင်တဲ့ တရားမအမှုနဲ့ ကလေးရဲ့လူမှုရေးဆိုင်ရာနစ်နာမှုတွေကို တရားစွဲဆိုဖို့အတွက် အခွင့်အရေးဆုံးရှုံးခဲ့ပေမယ့် ရာဇဝတ်ကြောင်းအရတော့ တရားခံမတွေ့မချင်း ဆက်လုပ်သွားမယ်လို့ အမှုကူညီပေးသူ သက္ကမိုးညို (ခေါ်) ဒေါက်တာ ဝင်းကိုကိုသိန်းက ဆိုပါတယ်။

သမီးငယ်ရဲ့ အမှုအပေါ် ရဲတပ်ဖွဲ့ရဲ့ စုံးစမ်းစစ်ဆေးမှု၊ အစိုးရရဲ့ တာဝန်ယူမှု၊ သက်ဆိုင်ရာကျောင်းရဲ့ ငြင်းဆိုမှုတွေနဲ့ပတ်သက်ပြီး စိတ်ဓာတ်အကြိမ်ကြိမ်ကျခဲ့ရပေမယ့် မိဘတွေကတော့ တရားခံမပေါ်သေးသရွေ့ အမှုမှန်ဖော်ထုတ်ဖို့ မရရတဲ့နည်းလမ်းကနေ ကြိုးပမ်းနေကြဆဲပါ။

“ဘာဆက်လုပ်မယ်ဆိုတာ တိုင်ပင်နေတယ်။ လောလောဆယ် ကိုဗစ်လည်း ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ကို ကူညီပေးမယ့် သူတွေနဲ့ မတွေ့ရသေးဘူး။ ဖုန်းနဲ့ပဲ တိုင်ပင်ဖြစ်သေးတယ်ပေါ့။ တိတိကျကျ ပြောလို့ မရသေးဘူး။” လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

သမီးငယ် ဗစ်တိုးရီးယားရဲ့ အမှုအတွက် တရားဥပဒေလမ်းကြောင်းအရလည်း အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်သလို တရားမျှတရေးဖော်ဆောင်ပေးဖို့အတွက် သမ္မတကိုလည်း စာပေးပို့အကူအညီတောင်းခဲ့ပြီဖြစ်လို့ အစိုးရကို ထပ်တောင်းဆိုဖို့တွက်တော့ လမ်းဆုံးသွားပြီလို့ ကာယကံရှင် မိသားစုက ပြောပါတယ်။

“သမ္မတပြောတဲ့ စကားကို ဘယ်လောက် အလေးအနက်ထားပြီး ဘယ်လိုအကောင်အထည်ဖော်လဲဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့မှာလေ။ နိုင်ငံမှာလည်း ဒီထက်ကြီးတဲ့နေရာမရှိတော့ဘူးလေ။”

Author: Moe Moe

Related Articles