ခင်ဘုန်းမို့
လမ်းမှာဖြတ်သွားတဲ့ဂါဝန်တိုဝတ်ထားတဲ့အမျိုးသမီးတစ်ဦးကိုကြည့်ကာအမျိုးသားတစ်ဦးကအောက်ပါအတိုင်း ပြောတယ်။
“ဝတ်ထားတာကိုက မလုံတလုံနဲ့ ယောကျာ်းတွေကို ရမ္မက်ကြွအောင်လုပ်ပြီး မုဒိမ်းမှုကိုဖိတ်ခေါ်နေသလိုပဲ”
“ခင်ဗျားရုပ်ကိုကြည့်ရတာလည်းကျမကိုဒေါသထွက်အောင်လုပ်ပြီးဆွဲထိုးချင်အောင်ဖိတ်ခေါ်နေသလိုပဲ”လို့အဲ့ဒီ အမျိုးသားနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့အမျိုးသမီးငယ်ကပြောလိုက်ပါတယ်။
“ ဟ ငါ့ဘာသာငါနေတာ ဘာရုပ်ဖြစ်နေနေ နင်ဘာသာဒေါသထွက်တိုင်း ဆွဲထိုးချင်လို့ရမလားကွ၊ ဒါအကြမ်းဖက်မှုပဲ”လို့အမျိုးသားကပြန်ပြောပါတယ်။
“အင်းလေ.. မိန်းကလေးတွေလည်း သူတို့ဘာသာနေတာ ဘာဝတ်ဝတ်ရှင်တို့ ရမ္မက်ကြွတိုင်း မုဒိန်းကျင့်စရာလား … အဲ့ဒါလည်း အကြမ်းဖက်မှု၊လိင်အကြမ်းဖက်မှုပဲ” လို့အမျိုးသမီးငယ်ကဆိုလိုက်ပါတယ်။
ဒါကတော့ချွင်တွန်းဆိုတဲ့ကာတွန်းမှာဖော်ပြထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ ကာတွန်းဇာတ်ကောင်ကနေတစ်ဆင့်ဖိုဝါဒကြီးစိုးမှုတွေ၊ အမျိုးသမီးတွေအပေါ်ခွဲခြားမှုတွေကိုထုတ်ဖော်ပြောဆိုနေတဲ့အမျိုးသမီးတစ်ဦးကတော့ ချွင်တွန်းကိုဖန်တီးသူအသက်(၂၉)နှစ်အရွယ်ရှိတဲ့မချိုယဥ်လဲ့ပါ။ သူဟာလွန်ခဲ့တဲ့(၁၀)စုနှစ်နီးပါးတည်းကအမျိုးသမီးအရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
အမျိုးသမီးအခွင့်အရေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်ရင်CSO၊ NGOအဖွဲ့အစည်းတော်တော်များများက ကမ်ပိုင်းတွေလုပ်တာ၊ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ စာတွေရေးကြတာမျိုးပြုလုပ်လေ့ရှိကြပါတယ်။ တချို့အကြောင်းအရာတွေကအတွေးအခေါ်ပိုင်းတွေအများကြီးရေးသားပြရတာ၊ သီအိုရီဆန်တာ၊ ပညာရပ်အသုံးအနှုန်းတွေ ပါတာစတာတွေကြောင့် စာတမ်းရှည်ပုံစံမျိုးတွေဖြစ်နေလေ့ရှိပါတယ်။
လူမှုကွန်ရက်အသုံးပြုသူ တချို့အနေနဲ့က စာအရှည်ကြီးတွေဖြစ်တာကြောင့် ကျော်သွားကြတာမျိုးတွေ ရှိတက်ကြပါတယ်။ ဒီလိုပညာရပ်ဆန်တဲ့ စာတမ်းရှည်တွေကအကြောင်းအရာတွေကိုနားလည်ပြီးသားလူတွေကပဲ ဖတ်တာ၊ ပြန်လည်ထောက်ပြနေကြတာကြောင့်ဒီအသိုင်းအဝိုင်းတခုထဲမှာပဲသက်ရောက်နေတဲ့သဘောရှိပါတယ်။ ဒါကြောင့်လူထုဆီကိုရောက်အောင်တခြားနည်းလမ်းကိုစဉ်းစားတဲ့အခါမှာ ကိုယ်တိုင်ကလည်း ကာတွန်းတွေကို ကြိုက်နှစ်သက်ခဲ့တဲ့အတွက် ကာတွန်းဇာတ်ကောင်တစ်ခု ဖန်တီးဖို့စိတ်ကူးရခဲ့တယ်လို့ဆိုပါတယ်။
ငယ်စဉ်ကတည်းက စာအုပ်ဆိုင် ယဥ်ကျေးမှုနဲ့ကြီးပြင်းလာသူဖြစ်တဲ့အတွက် ကာတွန်းစာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေနဲ့နီးနီးကပ်ကပ်ရှိခဲ့သလိုအသက်အရွယ်နည်းနည်းရလာတော့ Japan Anime တွေကို ကြည့်ပြီးကြိုက်နှစ် သက်ခဲ့ပါတယ်။ ငယ်ဘဝမှာကိန်းအောင်းနေခဲ့တဲ့ကာတွန်းတွေကြိုက်နှစ်သက်မှုနဲ့အတူ အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ မချိုယဥ်လဲ့အတွက် ချွင်တွန်းကိုဖန်တီးဖို့ဖြစ်လာခဲ့တယ်။ ဒါပေမယ့်သူဟာကာ တွန်းတွေဖန်တီးချင်ပေမယ့်ပုံမဆွဲတက်တဲ့အတွက်ရင်းနှီးတဲ့မိတ်ဆွေကာတွန်းဆရာတစ်ဦးရဲ့အကူအညီနဲ့ချွင်တွန်းဇာတ်ကောင်ကိုမွေးထုတ်နိုင်ခဲ့ပါတယ်။
“ကျွန်မက gender equality၊ social inclusion အဲ့အရာတွေကိုကာတွန်းဆိုတဲ့ tools ကိုအသုံးပြုပြီးတော့ အသိပညာပေးလုပ်နေတဲ့လူတယောက်အနေနဲ့ပဲယူဆပါတယ်။ ကျွန်မကအနုပညာရှင်တယောက်မဟုတ်ပါဘူး”လို့မချို ယဥ်လဲ့ကသူ့ခံယူချက်ကိုပြောပြပါတယ်။
၂၀၂၂ ခုနှစ်ဇွန်လမှာစပြီးချွင်တွန်းကိုအသက်သွင်းခဲ့ပါတယ်။ ချိုယဥ်ဆိုတဲ့နာမည်ကိုအဖျားဆွတ်တွဲခေါ်တဲ့အခါ ချွင် ဆိုတဲ့အသံထွက်နဲ့ကာတွန်းထဲက တွန်း ဆိုတဲ့စာလုံးကိုယူကာချွင်တွန်းဆိုပြီးပေးဖြစ်ခဲ့တာပါ။
“ကျွန်မကာတွန်းမဆွဲတက်ဘူး။ ကာတွန်းဆရာ ကိုစိုင်းကို ကျွန်မကကိုယ်ပြောချင်တဲ့ message ကိုပြောရုံပဲ၊ သူကနားလည်ပြီးသားခင်လာတာလည်းအရမ်းကြာလာပြီဆိုတော့ ကိုယ်ပြောချင်တဲ့ဟာကို ideology ပိုင်းနည်းနည်း ရှင်းပြလိုက်တာနဲ့သူကအဲ့ဒါကို ကာတွန်းထွက်လာအောင်လုပ်တက်တယ်”လို့ မချိုယဥ်လဲ့က ရှင်းပြပါတယ်။
ချွင်တွန်းကိုမြန်မာလိုလေးကွက်ကာတွန်းလို့ခေါ်ပြီးတခါတလေဇာတ်လမ်းကိုလိုက်ပြီးသုံးကွက်တို့ငါးကွက်တို့ လည်းရှိတတ်ပါတယ်။အမျိုးသမီးလိင်အင်္ဂါတွေနဲ့ပတ်သက်တဲ့အယူအဆအလွဲတွေ၊အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ် သက်တာ၊မုဒိမ်းမှုနဲ့ပတ်သက်တာ၊လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုနှိမ့်ချတာအမျိူးသမီးအတွင်းခံတွေ၊ထဘီတွေကို ဘုန်းနိမ့်တယ်ဆိုတဲ့အယူအဆတွေစတဲ့မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာအမြစ်တွယ်နေတဲ့အတွေးအခေါ်အယူ အဆတွေကိုတွန်းတိုက်ဖန်တီးရေးသားထားပါတယ်။
ဖိုဝါဒကြီးစိုးမှုတွေကိုထောက်ပြပြောဆိုတဲ့အခါမှာလက်မခံနိုင်တဲ့သူတွေရဲ့အကြီးအကျယ်တိုက်ခိုက်ခြင်းကိုလည်း ခံရပါတယ်။
“တချို့ကမဆိုင်တဲ့လူမျိုးရေး ၊ဘာသာရေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေနဲ့စော်ကားကြတာမျိုးတွေ၊ အပျက်မဆိုတဲ့အသုံးအနှုန်းနဲ့ဆဲဆိုကြတာမျိုးတွေလည်း ကြုံတွေ့ရပါတယ်။မကောင်းတဲ့ ကောမန့်တွေချည်း မဟုတ် ပေမယ့် ရှေးရိုးဆွဲအယူအဆတွေနဲ့ပတ်သက်ပြီး မရှိသင့်ကြောင်း နားလည်လက်ခံကြတဲ့လူတွေလည်းရှိပါတယ်။ ချွင်တွန်း ကာတွန်းအောက်မှာပဲအချင်းချင်းဟုတ်ကြောင်း၊ မဟုတ်ကြောင်းငြင်းရင်းနဲ့စကားဝိုင်းသဖွယ်ဖြစ်ပြီးတော့ မသိသေးတဲ့သူတွေလည်း အသိပညာရသွားတာမျိုးတွေလည်းတွေ့ရတယ်လို့”မချိုယဥ်လဲ့ကဆက်ပြောပါတယ်။
ဖိုဝါဒကြီးစိုးတဲ့အသိုင်းမှာကြီးပြင်းလာရသူတွေဖြစ်တဲ့အတွက် ဖိုဝါဒကြီးစိုးမှုနဲ့အသားကျသွားတဲ့အခါမှာ ဒီအရာက ဖိနှိပ်မှုဆိုတာကိုမေ့သွားတာ၊ ဖိနှိပ်မှုလို့မသိတော့တာမျိုးတွေလည်းရှိတက်ပါတယ်။
ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပညာသင်ခွင့်ရတဲ့ ဗမာလူမျိုးတစ်ယောက်အနေနဲ့ မွေးရာပါအခွင့်အရေးတွေ၊ ပညာသင်ယူခွင့်လက်လှမ်းမှီမှုတွေကြောင့် ဒီလိုအကြောင်းအရာတွေကို သိလာတာဖြစ်ပေမယ့် တခြားလက်လှမ်းမှီမှုမရှိတဲ့ သူတွေက ဒီအကြောင်းအရာတွေကိုမသိဘူးဆိုရင် တဖက်သတ်အပြစ်တင်လို့မရဘူးလို့ သူ့အတွေးကိုပြောပါတယ်။
ဖိုဝါဒကြီးစိုးမှုလို့ပြောတဲ့နေရာမှာအမျိုးသားတွေပဲမဟုတ်ဘဲ အမျိုးသမီးတချို့လည်းဖိုဝါဒကိုအဓွန့်ရှည်အောင်ပြုနေတာမျိုးတွေလည်းရှိပါတယ်။ ချွင်တွန်းကာတွန်းတွေကိုလက်မခံသူတွေထဲမှာ အမျိုးသမီးတချို့လည်းပါဝင်ပါတယ်။
“ကျွန်မကိုယ်တိုင်ကလည်း ငါကတော့ ဖိုဝါဒီလုံးလုံးကင်းပါတယ်လို့မအော်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးကဖိုဝါဒီကင်းဖို့ဖြေးဖြေးချင်းကြိုးစားနေကြပေမယ့် ကျွန်မတို့မသိစိတ်ထဲမှာကျွန်မတို့ကိုကျွန်မတို့ပြန်ပြီးသုံးသပ်တဲ့ အခါမှာတချို့သောဖိုဝါဒီလွှမ်းမိုးမှုတွေကကျန်နေသေးတယ်။ အဲ့တော့ကျွန်မတို့လိုမျိုးပညာပေးကိစ္စလုပ်နေတဲ့သူတွေတောင်ဖိုဝါဒီကြီးစိုးမှုအနည်းနဲ့အများကျန်နေရင် ဒီလိုကိစ္စတွေကိုသိရှိဖို့အတွက်လက်လှမ်းမှီဖို့ခက်တဲ့ သူတွေဆိုရင်ဖိုဝါဒီကြီးစိုးမှုတွေ ဆက်ပြီးတော့ ရှိနေမယ့် ပုံစံမျိုးတွေဖြစ်တယ်”လို့မချိုယဥ်လဲ့ကပြောပါတယ်။
ချွင်တွန်းကိုဖန်တီးတာနဲ့ပတ်သက်ပြီးစိတ်ဓာတ်ကျတာမျိုးမရှိပေမယ့် commentတွေကိုကြည့်ပြီး GenderEquality ဖြစ်ဖို့အဝေးကြီးလိုပါသေးလားဆိုတဲ့အသိနဲ့တော့စိတ်ဓာတ်ကျမိတယ်လို့ဆိုပါတယ်။
မြန်မာကာတွန်းအသိုင်းအဝိုင်းမှာလည်း အမျိုးသမီးတွေကိုလှောင်ပြောင်တဲ့ပုံစံ၊ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ပုံစံနဲ့ ရေးဆွဲတဲ့ ကာတွန်းမျိုးတွေအများကြီးတွေ့ဖူးတယ်လို့ပြောပါတယ်။
အမျိူးသမီးတွေဟာ စစ်ပွဲတွေမှာလည်း စနစ်တကျနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံကြရတယ်၊ နိုင်ငံရေးကို ကြည့်ပြန်ရင်လည်း အမျိုးသမီးနိုင်ငံရေးသမားတွေကိုဆိုရင် သူတို့ရဲ့နိုင်ငံရေးယူဆချက်ကိုဝေဖန်ရမယ့်အစားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ ဘယ်သူ့ရဲ့ရည်းစားဟောင်းဆိုတာမျိုး၊ ဘယ်သူနဲ့အိပ်တာ စတဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့တိုက်ခိုက်ကြတာအများကြီးတွေ့ရတယ်လို့ သူကပြောပါတယ်။
“ဒါဟာအမျိုးသမီးတွေအပေါ် စနစ်တကျဖိနှိပ်နေတဲ့ ဖိနှိပ်မှုတွေပဲ။ ဒီလို sexismဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဘယ်လိုတိုက်ပွဲမျိုးတွေတိုက်နေနေမလုပ်ရဘူး။ ဒီလိုမလုပ်ရဘူးဆိုတဲ့အကျင့်ကိုလဲမွေးမြူပေးရမယ်။ မသိသေးတဲ့သူတွေကိုလဲသိလာအောင်ပိုပီးပြောပြပေးရမယ်။ ညီမျှတဲ့ဖိနှိပ်မှု့တွေကင်းတဲ့လူ့အသိုင်းအဝိုင်းကိုသွားချင်ရင် ကျွန်မတို့အားလုံးကဖိနှိပ်မှု့တွေကိုကိုယ်တိုင်လဲမလုပ်ရဘူး၊ အားပေးအားမြှောက်လဲမလုပ်ဘဲနဲ့ဒီလိုအကျင့်တွေ ကိုတိုက်ထုတ်ပစ်ရမယ်”လို့မချိုယဉ်လဲ့ကဆက်ပြောပါတယ်။
တက္ကသိုလ်တက်ချိန်မှာသူဟာကွန်ပျူတာတက္ကသိုလ်ကျောင်းသူပါ။ နည်းပညာအသိုင်းအဝိုင်းနဲ့သာအဆက်အစပ်ရှိသူဖြစ်တဲ့အတွက် အမျိုးသမီးအရေး၊လူ့အခွင့်အရေးတွေနဲ့အလှမ်းဝေးနေခဲ့ပါသေးတယ်။
ကျောင်းတက်ရင်း UN Women ကနေ မြန်မာပြည်အနှံ့ကအမျိုးသမီးတွေကိုကွန်ပျူတာနဲ့ပတ်သက်တဲ့ အခြေခံသင်တန်းပေးဖို့ Volunteer ခေါ်တဲ့အခါမှာ ဝင်လုပ်ဖြစ်ခဲ့တယ်။ ဒီလိုကနေ အမျိုးသမီးတွေနဲ့ပူးတွဲအလုပ်လုပ်ရတာ၊ ဒေသအနှံ့ကအမျိုးသမီးတွေရဲ့အခက်အခဲတွေ၊ အတွေ့အကြုံတွေ၊ သူတို့ရဲ့ဘဝဖြတ်သန်းပုံတွေကိုစကားတွေပြောရင်းကြားသိရတဲ့အခါမှာ အမျိုးသမီးတွေရဲ့ဘဝကိုစိတ်ဝင်စားလာခဲ့ပါတယ်။
ဘွဲ့ရပြီးတော့ကွန်ပျူတာနဲ့ပတ်သက်တဲ့အလုပ်တခုဝင်လုပ်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအရမပျော်ခဲ့ပါဘူး။ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အလုပ်လုပ်ရမှဖြစ်မယ်ဆိုတဲ့စိတ်အားထက်သန်ခဲ့တယ်။ အဲ့ဒါနဲ့အလုပ်ထွက်ပြီးဖန်တီးအိမ်ဆိုတဲ့ အမျိုးသမီးအဖွဲ့အစည်းတခုမှာအလုပ်လုပ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီမှာတုန်းကလည်း“ဖန်တီးမေ”ဆိုတဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ character ကာတွန်းတခုနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ၊ အမျိုးသမီးတွေကိုမဲပေးဖို့၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့လုပ်ငန်းတွေအကြောင်းအသိပညာပေးမျှဝေတာပြုလုပ်ခဲ့ပါတယ်။
လုပ်ငန်းခွင်ကနေမှတစ်ဆင့်အမျိုးသမီးဦးဆောင်မှုတွေ၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျား၊မတန်းတူ ရေးစတာတွေကိုနားလည်လာခဲ့ပါတယ်။ Feminist အမြင်၊ feminist principles တွေနဲ့ထိတွေ့မိရင်းကိုယ်တိုင်လည်း Feminist တစ်ဦးဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ feminist လို့ပြောရင် စိတ်ဆိုးနေတဲ့မိန်းမကြီးလို့ထင်နေကြတာက မှားနေပြီး Feminist ဆိုတာ အရင်တုန်းက အမျိုးသမီးတွေမဲပေးခွင့်ရဖို့တွေ၊ ဖိနှိပ်ခံရမှုတွေကနေ အမျိုးသမီးလှုပ်ရှားမှုအရွေ့တွေဖြစ်လာတာလို့ဆိုပါတယ်။
“feminism ဆိုတာက justice ကိုလိုချင်တဲ့ feminist တယောက်လို့ပြောလို့ရတယ်။ကိုယ်ကမတရားတာတွေကို မကြိုက်ဘူး။ ဖိနှိပ်တာတွေကိုမကြိုက်ဘူး။ အမှန်တရားဘက်က ရပ်တည်ချင်တယ်။ အဲ့ဒါဆို feminist လို့ ပြောလို့ ရတယ်။ မိန်းမတွေကိစ္စအဲ့လိုမျိုးလုပ်မှမဟုတ်ဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးဒီမှာတော်တော်အမြင်မှားနေကြတာတွေရှိပါတယ်”လို့မချိုယဉ်လဲ့က သူ့အမြင်ကိုပြောပါတယ်။
သူဖန်တီးထားတဲ့ကာတွန်းလိုမျိုးအမျိုးသမီးအရေးကိစ္စတွေ၊ ဖိုဝါဒကြီးစိုးမှုတွေကိုအနုပညာကနေတစ်ဆင့် လူထုနားလည်လွယ်မယ့်ပုံစံမျိုးနဲ့ဖော်ပြဖို့ အရမ်းအရေးပါပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတော်တော်များများက ကျား၊မတန်းတူရေးတွေ၊ အမျိုးသမီးအရေးကိစ္စတွေကို (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်တွေ၊ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်တွေအနေနဲ့တော့ ကမ်ပိန်းတွေ၊ သီချင်းတွေလုပ်တာမျိုးရှိပေမယ့် တချို့သီချင်းတွေကပေါ်လစီတွေကိုရွတ်ပြနေတဲ့ပုံစံမျိုးသာဖြစ်တယ်လို့ မချိုယဉ်လဲ့ကထောက်ပြပါတယ်။
“ဒီကိစ္စကို တကယ်ခံစားပြီးတော့စိတ်ပါလို့ရေးတာဖြစ်စေချင်တယ်။ အပ်တဲ့လူတွေအနေနဲ့ကလည်းပေါ့နော်။ ဒါတွေပါအောင်ရေးပေးပါ။ ဒီဟာတွေပါအောင်ရေးပေးပါ။ ဒီစကားလုံးတွေပါမှကောင်းသွားတာမဟုတ်ဘူးလေ။ သီချင်းဆိုတာက စာသင်တဲ့စကားလုံးတွေ ပေါ်လစီတွေထည့်ရေးစရာမှမလိုတာ ခံစားချက်နဲ့ သံစဉ်နဲ့ပေါ်လွင်သွားအောင်ရေးရတာ သီချင်းကောင်းကောင်းလေးတွေလည်းထွက်လာစေချင်တယ်”လို့ဆိုပါတယ်။
ကိုယ်တိုင်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာကြီးပြင်းခဲ့ရတဲ့အမျိုးသမီးဖြစ်ခြင်းကြောင့် ဖိနှိပ်မှုကြုံတွေ့ခဲ့ရပါတယ်။ အစည်းအဝေးတွေမှာအမျိုးသမီးပြောတဲ့စကားဆိုနားမထောင်တာ၊ အမျိုးသမီးပြောရင်မကြားချင်ယောင်ဆောင်တာမျိုးတွေကြုံတွေ့ခဲ့ရဖူးတယ်။ သမိုင်းမှာလည်း ခေါင်းဆောင်ဆိုရင်အမျိုးသားတွေအကြောင်းကိုသာသင်ခဲ့ရတာ၊ အိမ်ထောင်ဦးစီးနေရာမှာ အမျိုးသားအမည်ပဲထည့်တာ စတာတွေကြောင့် အမျိုးသမီးခေါင်းဆောင်ဆိုရင်နေရာမပေးချင်တာမျိုးတွေကို မချိုယဉ်လဲ့တစ်ယောက်ကြုံခဲ့ရပါတယ်။
“social norms တွေကိုယ့်ပတ်ဝန်းကျင်ကိုလည်းပြန်တိုက်ရသေးတယ်။ ကိုယ့်မှာရှိနေတဲ့ ဖိုဝါဒီကြီးစိုးမှုကိုလည်း ပြန်တိုက်ရသေးတယ်။ အဲ့လိုတိုက်နေရင်းနဲ့ကိုယ်လိုချင်တဲ့ ကိုယ်သွားချင်တဲ့ဆီကို ရောက်အောင်သွားနေရတဲ့ လမ်းမှာလည်း ကျွန်မတို့ထပ်တိုက်ရသေးတယ်။ တိုက်ပွဲတွေကအရမ်းများတယ်”လို့သူက ဆိုပါတယ်။
ငယ်ဘဝမှာလည်း အမျိုးသမီးဖြစ်ခြင်းကြောင့်ဆိုတဲ့အကန့်အသတ်တချို့နဲ့လည်းကြီးပြင်းခဲ့ရပါတယ်။
ငယ်ငယ်က ဂစ်တာတီးချင်လို့အိမ်ကိုပူဆာတဲ့အခါ မိန်းကလေးဖြစ်လို့ဂစ်တာမတီးခိုင်းဘဲ၊ Piano တီးချင်ရင် ဝယ်ပေးမယ်၊ ဂစ်တာဆိုမဝယ်ပေးဘူးဆိုတာမျိုးတွေကြုံတွေ့ခဲ့ဖူးတယ်။ အကိုဝမ်းကွဲဖြစ်သူတွေ ဂိမ်းဆိုင်သွားရင်လည်း လိုက်ချင်တဲ့အခါ မသွားခိုင်းတာမျိုးတွေလည်းကြုံခဲ့ရပါတယ်။
“ကျွန်မတို့ရဲ့ စမှတ်တွေကမတူကြဘူး။ အမျိုးသားဖြစ်ခြင်းမှာ သူကအခွင့်ထူးကရနေပြီးသား ကျွန်မတို့ ခေတ်နဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့မိန်းကလေးဖြစ်ခြင်းကြောင့် ၆ နာရီမထိုးခင်အိမ်ထဲဝင်ရတာ ခြောက်နာရီ အိမ်ပြန် နေရတဲ့အချိန်မှာ၊ ကျွန်မတို့အကိုဝမ်းကွဲတွေက ဂိမ်းဆိုင်မှာသွားအိပ်နေတာတို့ ဂိမ်းဆိုင်မှာ ညလုံးပေါက်ဆော့တာတို့ အဲ့မှာတင်ဘာကွာလဲဆို သူတို့က ကွန်ပျူတာ အစောကြီးထိတွေ့ခွင့်ရှိနေပြီ ကျွန်မတို့က အိမ်ထဲမှာ နင်တို့မိန်းကလေးတွေအပြင်မထွက်ရဘူးဆိုတာနဲ့တင် ကျွန်မတို့က ကွန်ပျူတာထိတွေ့တာ နောက်ကျသွားပြီ လူတွေနဲ့ ထိတွေ့ တာပိုပြီးနောက်ကျသွားပြီအဲ့လိုအရာမျိုးတွေပေါ့နော်။ စမှတ်တွေကမတူကြဘူး။ သူတို့ကမွေးရာပါအခွင့်ထူးရပြီးသား အဲ့မှာ glass ceiling ဆိုပြီးတော့ဖြစ်လာရော”လို့မချိုယဉ်လဲ့ကသူ့အတွေ့အကြုံနဲ့ယှဥ်ပြီးပြောပြပါတယ်။
ငယ်ဘဝကိုတော့ရန်ကုန်မြို့ထဲက မြို့နယ်တခုမှာကြီးပြင်းခဲ့တယ်။ စာအုပ်အငှားဆိုင်က ဘာသာပြန်ဇာတ်လမ်းတွေ၊ သိုင်းဝတ္တုတွေ၊ ကာတွန်းစာအုပ်၊ ရုပ်ပြတွေဖတ်ရင်း ကစားနည်းပေါင်းစုံဆော့ရင်းနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့သူပါ။
ငယ်ဘဝအိပ်မက်ကတော့ အာကာသယာဥ်မှူးတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ သိပ္ပံပညာကိုလည်း ဝါသနာပါကာ ညီမဖြစ်သူအတွက် ကစားစရာတွေလုပ်ပေးပြီး အသက်ကြီးလာရင် တီထွင်သူလုပ်မယ်ဆိုတဲ့ ဝါသနာကြောင့်ပဲ ကွန်ပျူတာ တက္ကသိုလ်ကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့လူအခွင့်အရေးနဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး Master တခုတက်နေပါတယ်။ ကာတွန်းတွေကိုစိတ်ဝင်စားသူဖြစ်တဲ့အတွက်ကာတွန်းဆွဲတာနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေပါတယ်။
သူ့အနေနဲ့ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး လျှောက်လှမ်းနေရတဲ့ဘဝကိုကျေနပ်မိတယ်လို့ဆိုပါတယ်။
“ကျွန်မသက်တမ်းတလျှောက်မှာ ကျွန်မလှမ်းနိုင်သလောက်ခြေလှမ်းကို gender equality နဲ့ပတ်သက်ပြီးတော့ လှမ်းသွားမှာပဲခင်းနိုင်သလောက်လမ်းကိုခင်းသွားမယ်။ ကျွန်မနောက်ကဖြစ်လာမယ့် generation တွေနောက်ထပ်မွေးလာမယ့် သူတွေကဆက်ပြီးတော့ လုပ်သွားလို့ရမယ့် လမ်းကြောင်းကိုထားခဲ့ချင်တယ်”လို့ပြောပါတယ်။
Feminism ဆိုတာက အမျိုးသမီးတွေနဲ့ပဲဆိုင်နဲ့ကိစ္စရပ်မဟုတ်ဘဲ patriarchy ဆိုတဲ့ ဖိုဝါဒကြီးစိုးမှုဒဏ်၊ ဖိနှိပ်မှုကို ခံနေရတာကလည်း မိန်းမတွေချည်းပဲမဟုတ်ဘဲ ယောကျာ်းတွေရော မိန်းမတွေရော LGBT နဲ့ရှိသမျှလူတွေအကုန်လုံးက ဖိုဝါဒီကြီးစိုးမှုရဲ့ ဒဏ်ကိုခံနေရတာဖြစ်တယ်လို့ သူကထောက်ပြပြောဆိုပါတယ်။
“ဖိုဝါဒီကြီးစိုးမှုက မိန်းမတွေပဲနဲ့ပြသနာတက်နေတာမဟုတ်ဘူး။ ဖိုဝါဒီကြီးစိုးမှုနဲ့ လူသားအားလုံး တိုက်နေရတာဖြစ်တယ်။ ဖိနှိပ်မှုတွေကင်းစင်အောင် အတူတူတိုက်ထုတ်ကြဖို့ ဖြစ်တယ်”လို့မချိုယဉ်လဲ့ကဆိုပါတော့တယ်။