ရှင်ငြိမ်း
မြန်မာပြည်မှာတော့ စာဖတ်တဲ့အလေ့အကျင့်ဟာ အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင်လွန်စွာမှနည်းလွန်းလှပါတယ်။ အထူးသဖြင့် ကျေးရွာတွေဟာဆိုရင် စာပေနဲ့ကင်းဝေးလွန်းတာကြောင့် စာဖတ်ရမှာကိုကြောက်တဲ့ အခြေအနေတွေရှိပါတယ်။
ဒါကလည်း တိုင်းပြည်ရဲ့စီးပွားရေးနိမ့်ကျတာကြောင့်ဖြစ်ပြီး ပညာရဲ့တန်ဖိုးကို နားမလည်တာ၊ စာအုပ်စာပေနဲ့ အလှမ်းဝေးတာတွေကြောင့်ဖြစ်ပါတယ်။
စာအုပ်တွေနဲ့ အလှမ်းဝေးပြီး စာဖတ်ရမှာကြောက်တဲ့သူတွေထဲမှာ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီး ကျေးရွာမှ ကလေးငယ်တွေလည်း ပါဝင်ကြပါတယ်။ သူတို့တွေဟာစာပေနဲ့ဘယ်လောက်ကင်းဝေးလဲဆိုရင် တရွာလုံးမှာ အထက်တန်းပညာထိ ကျောင်းတက်သူမရှိသလောက်ပါဘဲ။
မြို့နဲ့အလှမ်းဝေးတဲ့ကျေးရွာတွေရဲ့ထုံးစံအတိုင်း ဒေသခံတွေဟာ ကျောင်းပညာရေးမပြီးဆုံးသေးဘဲ အသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုကြပြီး မိသားစုအလုပ်တွေမှာဝင်ရောက်လုပ်ကိုင်ကြလို့ပညာရေးဆုံးခန်းတိုင်တယ်လို့မရှိပါဘူး။
အခုလိုစာပေနဲ့ ဝေးတဲ့ကလေးငယ်တွေကို စာဖတ်စွမ်းရည်တက်လာအောင် စာဖတ်ချင်လာအောင် အခမဲ့စာ ကြည့်တိုက်လေးဖွင့်ပြီး ကလေးငယ်တွေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့သူကတော့ အင်္ဂလိပ်စာဆရာမလေး မခိုင်ခိုင်ထွန်းပါ။
သူဟာ စာပေနဲ့ကင်းကွာနေတဲ့ကလေးတွေ စာဖတ်ချင်စိတ်ဖြစ်လာဖို့ သူစာသင်လို့ရတဲ့ ဝင်ငွေနဲ့ ‘ပန်တော်ဦး’ အခမဲ့စာကြည့်တိုက်လေးကို ရွာခိုင်ကြီးကျေးရွာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
“စရောက်တုန်းက ဒီက ကလေးတွေက မြန်မာစာကို တော်တော်မရတာ။ အခုဆို သူတို့မြန်မာကာတွန်း စာအုပ်ဖတ်တော့ မြန်မာစာသွက်လာတယ်။ စာလုံးပေါင်းတွေ အသံထွက်တွေလည်းမှန်လာတယ်။ အခုဆိုကလေးတွေကစာဖတ်ရမှာ မကြောက်တော့ဘူး။”လို့ မခိုင်ခိုင်ထွန်းက ပြောပါတယ်။
သုံးတန်းကျောင်းသူလေး မအင်ကြင်းကတော့ စာဖတ်ရတာလည်းပျော်တယ်။ သူငယ်ချင်းတွေနဲ့တွေ့ရလို့လည်း ပျော်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့မိခင်ဖြစ်သူ ဒေါ်ဝေမာက“အရင်က ကလေးတွေကျောင်းစာမပြီးမှာစိုးလို့ စာအုပ်တွေငှားဖတ်တာကိုမကြိုက်ဘူး။ နောက်ပိုင်းသတိထားမိတာက စာကိုကောင်းကောင်းဖတ်တတ်လာတယ်။ စာကျက်ရင်လည်းရလွယ်တယ်ပေါ့။”လို့ ရှင်းပြပါတယ်။
မန္တလေးသူဖြစ်တဲ့ မခိုင်ခိုင်ထွန်းဟာ ဂုဏ်ထူးတန်းမှာကတည်းက ကိုယ်ပိုင်ကျောင်းတွေနဲ့ တက္ကသိုလ်သင်တန်းသားတွေကို အချိန်ပိုင်းအင်္ဂလိပ်စာသင်ပေးနေသူဖြစ်ပါတယ်။
“ဒီစာသင်တဲ့အလုပ်ကို ဆယ်နှစ်ကျော်လောက်လုပ်ခဲ့တယ်။ သူများကို စာသင်နေရင်းလည်း ကိုယ့်တိုးတက်မှုအတွက် သင်ကြားရေးနဲ့ပတ်သက်တာလည်း ဒီနေ့ဒီအချိန်ထိပြန်သင်ယူနေရဆဲပဲ။ ကျောင်းသားဖြစ်လိုက်ဆရာ ဖြစ်လိုက်ပေါ့။”လို့ သူကဆက်ပြောပါတယ်။
နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်တဲ့ မိဘတွေရဲ့ကျန်းမာရေးအခြေအနေအရ အဖိုးဖွားတွေရှိတဲ့ ရွာခိုင်ကြီးကျေးရွာကို ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။
“ရွာကိုရောက်တော့ ဝင်ငွေမရှိ၊ အလုပ်မရှိဘူး။ ကိုယ်ကစာသင်တာပဲတတ်တယ်ဆိုတော့ အင်္ဂလိပ်စာသင်တန်း ကျောင်းစဖွင့်တယ်။ သင်တန်းကြေးကတော့ မြို့ပေါ်မှာသင်တာထက် သုံးပုံတပုံပဲယူပါတယ်။ အခမဲ့ဆိုရင်မလေးစားမှာစိုးလို့ပါ။”လို့ သူကဆိုပါတယ်။
ဆရာမလေး ခိုင်ခိုင်ထွန်းဟာ သူ့နေအိမ်မှာပဲ KELC English Language School (4 SKILL)ကို သင်တန်းကြေး အနည်းငယ်နဲ့ ၂၀၂၂ ခုနှစ်မှာစဖွင့်ခဲ့တာဖြစ်ပါတယ်။
“တချို့ဆို အဝေးကြီးကလာရပြီး ကလေးတွေကို ပြန်လိုက် ပို့လိုက်နဲ့ အရမ်းစရိတ်ကြီးတယ်။ အဲ့တော့ ကျနော်က ဆီဖိုးလေးတွေပြန်ပေးတာရှိတယ်။ တချို့ကျ ကြက်သွန်လေးရောင်းပြီးမှ ကျောင်းလခပေးတာလည်းရှိတယ်။”လို့ သူကပြောပါတယ်။
ဒါပေမဲ့ စာကိုတကယ်လိုချင်ပြီး ငွေကြေးမတတ်နိုင်တဲ့ကျောင်းသားတချို့ကိုတော့ မခိုင်ခိုင်ထွန်းက အခမဲ့သင်ပေးနေတာဖြစ်ပါတယ်။ သင်တန်းဖွင့်တဲ့အစပိုင်းမှာတော့ အင်္ဂလိပ်စာ 4 skill ရဲ့သဘောတရားကို မသိတဲ့ပြသာနာနဲ့ ကြုံခဲ့ရပါတယ်။
“ဒီမှာကတော့ မြို့လိုသင်ရိုးပုံစံတွေမရှိဘူး။ 4 skill တွေဘာတွေလည်း သူတို့က နားမလည်တော့ အတိုက်အခံ ပြောရ ရှင်းပြရတာတွေရှိတယ်။ သင်တန်းကလည်း ဘာစာအုပ်မှမပေးဘူးတို့ မရေးရဘူး။ စကားပဲပြောရတယ်တို့။ ဒါတွေကို သူတို့ နားလည်အောင်ရှင်းပြရတယ်။ ဒီမှာလယ်လုပ်ကြတာများတော့ မိဘတွေက ပညာရေးကို အဲ့လောက်မသိကြဘူး။”လို့ မခိုင်ခိုင်ထွန်းက ပြောပါတယ်။
သူက တပတ်မှာ လေးရက်နဲ့ တရက် သုံးချိန်သင်ပေးပါတယ်။ သင်တန်းသားစုစုပေါင်း ၆၀ ခန့်ရှိပြီး နွေကျောင်းပိတ်ရက်တွေဆိုရင် ကလေးငယ် ၁၅၀ လောက် လာရောက်သင်ကြားကြတယ်လို့ဆိုပါတယ်။
“ဒီကကလေးတွေက အင်္ဂလိပ်အသံထွက်ကြောက်ကြတယ်။ အသံထွက်တွေလည်း မှားတယ်။ အဲ့တော့ အင်္ဂလိပ်စာအုပ်ဆိုရင် မဖတ်ဘူး။ ကျွန်တော်ကအတန်းမှာ ဒါတွေ သင်ပေးတယ်။”လို့ သူက ဆိုပါတယ်။
သူဟာ စာသင်ပေးနေရင်း ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ရင်းနှီးစေဖို့ စာအုပ်တွေငှားပေးပြီး ဖတ်ခိုင်းတဲ့ အလေ့အကျင့်လုပ်ပေးတဲ့အတွက် ကလေးတွေက အခုဆိုရင်သူတို့ကိုယ်တိုင်စာအုပ်ကိုရွေးချယ်ဖတ်နိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် ကလေးတွေ အင်္ဂလိပ်စာရေးဖတ်တာ ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး စာအုပ်တစ်အုပ် ဖတ်ပြီးရင် review ပြန်ရေးခိုင်းတာလည်း လုပ်ဆောင်ပါတယ်။
“သူတို့လေးတွေရေးတာကြည့်ပြီး ကိုယ်တောင်အံ့သြတယ်။ ကိုယ်ငယ်ငယ်ကဆို စာစီစာကုံးအဲ့လောက်ထိ ချောနေအောင်မရေးတတ်ဘူး။ သူတို့ရေးထားတာလေးတွေကစာရဲ့အရှိန်လေးပါအောင် ရေးတတ်လာတယ်။”လို့သူ ကဝမ်းသာပီတိစကားဆိုပါတယ်။
အသက် ၁၃ နှစ်အရွယ် မခင်ဘုန်းပြည့်ရေးတဲ့ review က “ဆရာမ မဝင်းမြင့်” ရေးသားတဲ့ “ရေပြာအိုင်မှ ဇာတ်လမ်းများ”စာအုပ်ဖြစ်ပါတယ်။ ဒီထဲမှာ သူ့အကြိုက်ဆုံးဇာတ်လမ်းက သားလိမ္မာဆိုတဲ့ဇာတ်လမ်းပါ။
ဒီဇာတ်လမ်းလေးက မိဘနှစ်ပါးကို အလုပ်အကျွေးပြုတဲ့ သားတစ်ယောက်အကြောင်းဖြစ်ပြီး မိဘနှစ်ပါးကို လုပ်ကျွေးသူဖြစ်လို့ အများကချစ်ခင်မှုရကာဘဝကို အေးချမ်းစွာနေထိုင်ရကြောင်းရေးထားတဲ့ဇာတ်လမ်းပါ။
“ဒီဇာတ်လမ်းလေးကို ဖတ်ပြီးတဲ့အချိန်ကစပြီး သမီးလည်း သမီးအလိမ္မာတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။”လို့ မခင်ဘုန်းပြည့်က review ရေးသားထားတာဖြစ်ပါတယ်။
အသက် ၁၄ နှစ်အရွယ် မသူသူဟန်သာအောင် ရေးသားထားကတော့”ကျွန်တော်က ပန်တော်ဦးစာကြည့်တိုက်မှာ စာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ ကျွန်တော့်ရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျနော်က အချစ် ဝတ္တုတွေဖတ်ရတာထက် မှုခင်းဝတ္တုတွေ ထူးခြားအံ့ဖွယ်ပုံစံရှိတဲ့ ဝတ္တုတွေကို ပိုကြိုက်ပါတယ်။ ထူးထူးခြားခြားပုံစံကြိုက်တဲ့ ကျနော်အတွက်တော့ ဆရာရွှေဥဒေါင်းရဲ့ စာပေတွေက “ကရင်ထန်းလျက် အိုးတွေ့” ဆိုသလိုပါပဲ။ ကျွန်တော့်အကြိုက် စာအုပ်ကောင်းတွေညွှန်းပေးတတ်တဲ့ တီချယ်ခိုင်ခိုင်ထွန်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ ရေးသားထားကြတာတွေတွေ့ရတယ်လို့ဆိုပါတယ်။
ပထမတော့ ကျောင်းသားမိဘတွေက ပို့ပြီးရင် ပြန်ကြတာများပါတယ်။ ဒါပေမဲ့ တချို့ကျောင်းသားမိဘတွေကတော့ ကလေးတွေကိုစောင့်ရင်း စာအုပ်တွေဖတ်ရာကနေ စာအုပ်ဖတ်တဲ့အလေ့အကျင့်ရလာခဲ့ပါတယ်။
ဒါတွေကို ကြည့်ပြီး စာပေနဲ့ကင်းဝေးနေတဲ့ဒေသခံတွေ အသိဉာဏ်၊ ဗဟုသုတတိုးလာစေဖို့ ရည်ရွယ်ပြီး ‘ပန်တော်ဦး’ အခမဲ့စာကြည့်တိုက်ကို သူစာသင်လို့ရတဲ့ဝင်ငွေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်ကာတွန်း၊ ပုံပြင်စာအုပ်နဲ့ မြန်မာစာအုပ်အနည်းငယ်နဲ့ စာကြည့်တိုက်လေးကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ ကလေးတွေကို ရုပ်ပြတွေ၊ ပုံပြင်စာအုပ်တွေဖတ်ခိုင်းပြီး အကြီးတန်းတွေကိုတော့ အစပိုင်းမှာ အချစ်ဝတ္ထုတို့ ရုပ်ပြတို့နဲ့ ဆွဲဆောင်ပြီး ဖတ်ခိုင်းရပါတယ်။
လူငယ်တွေကိုတော့ နောက်ပိုင်း ဆရာအောင်သင်းတို့ လူထုဦးစိန်ဝင်းစတဲ့စာအုပ်တွေကို ဖတ်အောင်လုပ်ဆောင်ပေးဖြစ်ပါတယ်။ စာကြည့်တိုက်ဖွင့်စမှာ စာအုပ်တွေရေစိုတာ၊ ပြဲတာ၊ ပျောက်တာနဲ့ ပျက်စီးတာတွေ နဲ့ကြုံခဲ့ရပါသေးတယ်။
“စာအုပ်ပြဲသွားရင်လည်းကျွန်တော်က မငေါက်ဘူးလေ။ ပြဲသွားလည်း တိတ်ကပ်ပေးမယ်။ အရင်က စာအုပ်လာမအပ်လို့ သွားတောင်းရင် နင်ခဏခဏ ပျောက်နေတာပဲဆိုပြီး မိဘတွေက ရိုက်တယ်။ အဲ့တော့ ကျနော်က ပျောက်ရင်ပျောက်ပါလေ့စေ။ စာဖတ်တာက အကျိုးရှိတယ်လို့ပြောရတယ်။”လို့ သူကပြောပါတယ်။
ဥပမာ စာအုပ်တစ်အုပ်ဖတ်လိုက်တဲ့ကလေးက ဒီစာအုပ်ကောင်းတယ်။ ဖတ်ကြည့်ဆိုပြီး တခြားတယောက်ကို လက်ဆင့်ကမ်းမယ်။ တခြားတစ်ယောက်ကလည်း ဖတ်ချင်တယ်လို့တောင်းမယ်။ ဖတ်ဖို့စာအုပ်ကလည်း လက်တစ်ကမ်းမှာရှိမယ်ဆို ရင် ကလေးတွေအတွက် များစွာအဆင်ပြေနိုင်တယ်လို့ မခိုင်ခိုင်ထွန်းက ရှင်းပြပါတယ်။
ဒါ့အပြင် မိဘတွေကလည်း အစပိုင်းမှာ စာအုပ်ဌားဖတ်တာကို အပြစ်မြင်တာတွေရှိခဲ့သလို တချို့မိဘတွေဆို ငှားမလာနဲ့ ကျောင်းစာတွေမပြီးဘူးဆိုပြီး ကလေးကို အော်ငေါက်ရိုက်တာတွေနဲ့လည်း ရင်ဆိုင်ရတာဖြစ်ပါတယ်။
စာကြည့်တိုက်လေးဖွင့်တာ ၂ နှစ်ကျော်ရှိလာတဲ့အချိန်မှာတော့ ကလေးငယ်တွေဟာ မြန်မာစာကို ချောအောင် ဖတ်တတ်လာသလို အင်္ဂလိပ်ပုံပြင်တွေဖတ်လာပြီး စာဖတ်ဖို့လည်း မကြောက်တော့တဲ့ အကျိုးရလာဒ်ပေါ်မှာ သူကဝမ်းသာပီတိ ဖြစ်လို့နေပါတယ်။
“တချို့ကလေးတွေဆို စာပေါ်အာရုံစူးစိုက်မှုအားနည်းတယ်။ သူတို့လည်းအဆင်ပြေလာသလို အချင်းချင်းလည်း ပုံပြင်တွေ ပြောတတ်လာတယ်။ မိဘတွေလည်း သားသမီးတွေကို စာအုပ်တွေဖတ်ပြလာနိုင်တယ်။ ကလေးတွေလည်း ဖုန်းကိုင်တာလျော့သွားလို့ မိဘတွေက ဝမ်းသာနေကြတယ်။”လို့ သူရရှိတဲ့ပီတိကို ဝမ်းမြောက်စွာပြောပြပါတယ်။
အရင်ကဆို ATM လို့ပြောရင် မသိကြဘူး။ ကာတွန်းတွေထဲမှာ မြင်ထားတော့ အခုဆိုရင် ဘာဆိုတာကို သူတို့သိနေကြပြီ။ သူတို့က မြို့ပေါ်က ပစ္စည်းတွေဆိုရင်သိပ်မသိကြဘူး။ အခုဆိုရင် ရွာမှာမရှိတဲ့ပစ္စည်းတခုက မြို့ပေါ် မှာရှိတယ်ဆိုရင် အဲ့ဒါကဘာလဲမေးရင် သူတို့သိနေကြတယ်။ အဲဒါတော့ သူတို့ရသွားတယ်။လို့ မခိုင်ခိုင်ထွန်းက ဆိုပါတယ်။
သူ့အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ စာအုပ်ဈေးနှုန်းကြီးမြင့်နေတာဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်လို့ ရတဲ့ဝင်ငွေနဲ့ စာအုပ်သစ်တွေဖြည့်ဖို့က သူ့လစာနဲ့မဖြစ်နိုင်တော့ အွန်လိုင်းကနေ စာသင်ရင်း အပိုဝင်ငွေရှာရပြန်ပါတယ်။
“အခက်အခဲကတော့ သင်ရိုးပေါ့။ စာအုပ်တအုပ်ကို ငွေလေးသောင်းလောက်ပေးရတယ်။ ကိုယ်ကကောင်းစေချင်လို့ နိုင်ငံခြားသင်ရိုးအတိုင်းသင်ချင်တာပေါ့။ ကိုယ့်လစာနဲ့ မဝယ်နိုင်တော့ စာအုပ်ဆိုင်တွေကို အကူအညီတောင်းရတယ်။”လို့သူကပြောပါတယ်။
လိုအပ်တဲ့စာအုပ်တွေအတွက် သူကအလှူမခံဘဲ သူရဲ့ဝင်ငွေနဲ့ စာကြည့်တိုက်လေးကို ဖွံ့ဖြိုးလာစေဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အင်္ဂလိပ်စာ စာအုပ်တွေကိုတော့ စာအုပ်ရောင်းတဲ့ UK Preloved Book က မူရင်းဈေးအတိုင်းရောင်းပေးပြီး ပို့ခအခမဲ့နဲ့လုပ်ဆောင်ပေးနေတာပါ။
လိုအပ်တဲ့မြန်မာစာအုပ်တွေကိုတော့ မခိုင်ခိုင်ထွန်းကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်တာရှိသလို တခါတရံမဝယ်နိုင်တဲ့စာအုပ်တွေကိုတော့ သူငယ်ချင်းမိတ်ဆွေတွေက စာကြည့်တိုက်အတွက် ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ရွာက ကလေးငယ်တွေ ဆော့ကစားဖို့ ကစားကွင်းအသေးလေးလည်း ဖန်တီးပေးထားပြီး အေးဆေးစွာ စာဖတ်နိုင်ဖို့ အမိုးအကာနဲ့ တဲလေးလည်းလုပ်ဆောင်ပေးထားပါတယ်။
“ဒါပေမဲ့ ကလေးတွေကို စာကြည့်တိုက်နဲ့ ပတ်သက်ပြီး အကြံပြုစာရေးခိုင်းထားတော့ စာအုပ်စင်လေးတွေထပ်ဆောက်စေချင်တယ်။ စာကြည့်တိုက်နေရာကျယ်စေချင်ပြီး စာအုပ်တွေထပ်ဖြည့်ချင်တယ်။”လို့ သူက ပြောပါ တယ်။
အခုဆိုအင်္ဂလိပ်စာဆရာမလေး ခိုင်ခိုင်ထွန်းရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့တဲ့စာကြည့်တိုက်လေးဟာ ကလေးငယ်တွေရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
စာဖတ်ရမှာကြောက်ပြီး မြန်မာစာတောင် ကောင်းစွာမဖတ်နိုင်ကြတဲ့ကလေးငယ်တွေဟာ အခုဆိုရင် စာဖတ်ကောင်းရုံသာမက စာရေးကောင်းသူတွေဖြစ်နေတဲ့အပေါ်မှာတော့ သူက ဝမ်းသာပီတိဖြစ်လို့နေပါတော့တယ်။