Home ဆောင်းပါး အကြမ်းမဖက်လူထုလှုပ်ရှားမှုလုပ်နေတဲ့ ရေဘဝဲအမျိုးသမီးတွေ ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်ခံနေရ 

အကြမ်းမဖက်လူထုလှုပ်ရှားမှုလုပ်နေတဲ့ ရေဘဝဲအမျိုးသမီးတွေ ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်ခံနေရ 

ရှင်ငြိမ်း 

“အမျိုးသမီးတွေကို မတရားဖမ်းပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ကျမတို့အနေနဲ့ အပြင်းအထန်ကန့် ကွက်ရှုတ်ချပါတယ်။ ဒါတွေအတွက် စစ်တပ်က တစ်နေ့နေ့၊ တချိန်ချိန်မှာတော့ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ရှိရမယ်။”လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့မိသက်နွယ်ကထောက်ပြပါတယ်။

အကြမ်းဖက်စစ်တပ်က ရန်ကုန်မြို့အခြေစိုက်ပြောက်ကျားသပိတ်နဲ့ လှုံဆော်ရေးတွေလုပ်နေတဲ့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦးဖြစ်တဲ့ စီမံရေးရာတာဝန်ခံနဲ့ မြေပြင်သပိတ် ရဲဘော် S4 တို့ကို ဖမ်းဆီးသွားပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေပြုလုပ်တာကြောင့် သူက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ရေဘဝဲအဖွဲ့တစ်ဦးရဲ့မိခင်ကို အားပေးစကားသွားပြောခဲ့တဲ့ စီမံရေးရာတာဝန်ခံအမျိုးသမီးကို စစ်တပ်က ဆေးရုံအထွက်မှာအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားတာပါ။

“သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာတွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။

စီမံရေးရာတာဝန်ခံကို မေလ ၉ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ဖမ်းဆီးပြီး စစ်ကြောရေးကို တောက်လျှောက်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင်းတွေကို အဓိကစစ်ဆေးမေးမြန်းပြီး မေးလို့မရတဲ့အဆုံး အဖွဲ့ထဲက တစ်ယောက်ကိုဖော်ဖို့ အပြင်းအထန်ဖိအားပေးခံခဲ့ရပါတယ်။

ရေဘဝဲအဖွဲ့ရဲ့လုံခြုံရေးစနစ်အရ တစ်ယောက်နဲ့ တစ်ယောက်မသိတဲ့မြေအောက်လှုပ်ရှားမှုစနစ်ကို ကျင့်သုံးတာကြောင့် တစ်ဦးနဲ့ တစ်ဦးဘယ်မှာနေတယ်။ ဘာလုပ်တယ်ဆိုတာ အများအားဖြင့် သိထားလေ့မရှိပါဘူး။

သို့သော် မြေပြင်သပိတ် ရဲဘော်အမျိုးသမီး S4 အတွက် အဆောင်ဌားရမ်းနေထိုင်ဖို့ကိစ္စတွေမှာ စီမံရေးရာက လိုက်ပါကူညီ စီစဉ်ပေးခဲ့တာဖြစ်တာကြောင့် မတတ်သာတဲ့အဆုံးမှာ ထုတ်ဖော်ပြောခဲ့ရတာဖြစ်ပါတယ်။

Photo – ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

နေ့လယ်မှာ စီမံရေးရာတာဝန်ခံ ဖမ်းဆီးခံရပြီးနောက် ည ၁၂ နာရီလောက်မှာ မြေပြင်သပိတ်ရဲဘော် S4 ရှိတဲ့ လှည်းတန်းက အဆောင်ကို စစ်အင်အားအပြည့်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

“S4 ကို ဧည့်စာရင်းဝင်စစ်တဲ့ပုံစံနဲ့ ဖမ်းဆီးတာ။ သူတို့ဖမ်းသွားပြီး စစ်ကြောရေးခေါ်သွားတယ်လို့ကြားတယ်။ ဘယ်စစ်ကြောရေးလဲမသိရဘူး။ လုံးဝအဆက်အသွယ်ပြတ်သွားတယ်။ ကျနော်တို့လည်း သူတို့အတွက် စိုးရိမ်လို့ တောက်လျှောက် စုံစမ်းမှုတွေလုပ်နေတာပါ။”လို့ ကိုရေဘဝဲမှ ပြောပါတယ်။

နောက်နေ့ မနက်ပိုင်းမှာလည်း ဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုဝင်တချို့ပါ ထပ်မံဖမ်းဆီးခံရပြီး ဖမ်းဆီးခံအဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ်မရတာကြောင့် ရေဘဝဲအဖွဲအနေနဲ့ ဖမ်းဆီးခံရသူတွေရဲ့အသက်အန္တရာယ်ကိုလွန်စွာစိုးရိမ်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးသွားပြီး တပတ်လောက်အကြာမှာတော့ သတင်းပြန်ရခဲ့ပါတယ်။ မိသားစုဝင်တချို့ ကိုလည်း ဖမ်းဆီးသွားပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးလုံး အင်းစိန်အကျဉ်းထောင်ရောက်ရှိနေပြီဆိုပေမယ့် ပြင်းထန်တဲ့စစ်ကြောရေးကိုတပတ်လောက် ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

“ဒီအကြောင်းတွေကို နောက်ပိုင်းပြန်သိရတာ။ အခုအင်းစိန်ထောင်မှာလည်း စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာတွေ ပြင်းပြင်းထန်ထန်လည်းရိုက်နှက်ခံထားရလို့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကတော့သိပ်ကောင်းပုံမရဘူး။”လို့ သူကပြောပါတယ်။

အမျိုးသမီးတွေကို ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာနဲ့ပတ်သက်ပြီး ကိုရေဘဝဲက“စစ်တပ်က သူတို့ ကို လက်နက်နဲ့ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲတော်လှန်၊ တော်လှန် အဲ့လိုလူတွေကို အကြမ်းဖက်တာ၊ အစဖျောက် ၏တာတွေအပေါ်မှာ လက်ယဉ်နေပြီးသား။ သူတို့ကို ဆန့်ကျင်သူဆိုရင် အချင်းချင်းတောင်လုပ်ဖို့ ဝန်မလေးတဲ့သူ တွေပါ။”လို့ ရှုတ်ချစကားဆိုပါတယ်။

ရေဘဝဲအဖွဲ့အစည်းဟာ ရန်ကုန်မြို့မှာ ပြောက်ကျားသပိတ်တွေ၊ လှုံဆော်ရေးကမ်ပိန်းတွေ၊ စစ်မှုထမ်းနဲ့ပတ်သတ်တဲ့ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေတာအပြင် အွန်လိုင်းကနေ လူငယ်ဖွံ့ဖြိုးရေးသင်တန်းပေးတာတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေကို ကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေဘဝဲ (ပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့အစည်း)ကို ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ဝင်တွေက ရန်ကုန်မြို့တစ်ခုထဲမဟုတ်ဘဲ အနယ်နယ်အရပ်ရပ်က အမျိုးသား၊ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူစုစုပေါင်း ၆၀ ဦးနဲ့ဖွဲ့စည်းထားတာပါ။ ဒီထဲမှာပါဝင်သူတွေကအသက် ၁၉ နှစ်ကနေ ၂၉ နှစ် ကြားရှိတဲ့လူငယ်တွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြရင်း နောက်ပိုင်းအဖမ်းအဆီးတွေများလာတော့ မေလ ၂ ရက်မှစတင်ပြီး လက်ရှိအချိန်ထိ ပြောက်ကျားသပိတ်တွေကို ဖော်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေမှာ “suu”ဆိုတဲ့စာလုံးပါပိုစတာ ကို အမျိုးသမီးတစ်ဦးကိုင်ဆောင်ကာလှုပ်ရှားမှုပြုခဲ့ပြီး ဒီအကြောင်းကို ဂျပန်သတင်းစာမှာ ဖော်ပြခံခဲ့ရပါတယ်။

  Photo – ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

အခုလိုရေးသားဖော်ပြခံရတာကလည်း ရေဘဝဲအဖွဲ့ဝင်တွေရဲ့လုပ်ဆောင်မှုကောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ- ဖမ်းဆီးခံထားရတဲ့ မြေပြင်သပိတ် ရဲဘော် S4 ဆိုလည်း နယ်ကနေလာပြီး အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေကို တကိုယ်တော်ပုံဖော်နိုင်သူဖြစ်ပါတယ်။

ကင်းစောင့်စစ်သားတွေ အများအပြားရှိနေတဲ့ကြားက ခေါင်းစည်း၊ နှာခေါင်းစည်းနဲ့ မျက်မှန်အမဲတပ်ဆင်ထားပြီး လုံချည်အဝါ၊ အကျီအဝါဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးဟာ လူအများကြားမှာ တော်လှန်သင်္ကြန်သီချင်းနဲ့ ကရင်း လူထုကို လှုံ့ဆော်မှုပြုခဲ့ပါတယ်။

သူကပြီးတာနဲ့ဘေးမှာမီးကျဉ်တခုကိုင်ထားတဲ့ခန္ဓာကိုယ်သေးသေးပိန်ပိန်ရှိတဲ့အမျိုးသမီးတစ်ဦးက“စစ်ခွေးမင်းအောင်လှိုင်ကြောင့် အိုးပစ်၊ အိမ်ပစ်၊ သေကွဲ၊ ရှင်ကွဲကွဲနေရတဲ့ ကျနော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြပါ။”လို့ ရဲဘော် S4 က နှိုးဆော်စကားဆိုခဲ့သူပါ။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့က ကင်းစောင့်စစ်သားတွေအများအပြားရှိတဲ့မြေနီကုန်းတံတားနဲ့ တော်လှန်ရေးပန်းခြံကြားက လူအများကြီးရှိတဲ့ကားမှတ်တိုင်အနီး ကားလမ်မပေါ်မှာ သူတို့တွေ မကြောက်မရွံ့နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစောင့်စစ်သားတွေကြားမှာ မကြောက်မရွံ့နဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တဲ့ ရဲဘော် S4 အပါအဝင် ရဲဘော်နှစ်ဦးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ရေဘဝဲအဖွဲ့ရဲ့ဥက္ကဋ္ဌက“သတ္တိကောင်းလွန်းတဲ့ အမျိုးသမီးလေးတွေ။”လို့ ချီးကျူး စကားဆိုပါတယ်။

လူထုကလည်း ဒီအမျိုးသမီးလေးတွေလုပ်ရပ်ကို လေးစားအားပေးကြောင်းနဲ့ လုံခြုံရေးသတိထားဖို့လည်း ရေဘဝဲအဖွဲ့ ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ရေးသားပြီး သတိပေးခဲ့ကြပါတယ်။

“ရဲဘော် S4 က လူကောင်သေးသေးလေးပါ။ ဒါပေမဲ့ မဟုတ်မခံစိတ်ရှိတယ်။ စွာတယ်။ စစ်သားတွေရှေ့လည်း ခပ်တည်တည်နဲ့ ကြောက်ရွံ့တဲ့ပုံမရှိဘူး။ တခါတလေ သူလုပ်ရပ်က အရမ်းရဲတင်းလွန်းလို့ သတိပေးနေရတယ် ။ ”လို့ ဥက္ကဋ္ဌကဆက်ပြောပါတယ်။

တကယ်တော့ ရဲဘော် S4 ရဲ့နယ်မှ မိဘတွေက တော်လှန်ရေးမှာမပါဝင်စေချင်ပါဘူး။ ဒီကန့်ကွက်မှုတွေကြားက တဦးထဲ ရန်ကုန်ကို ထွက်လာပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ရဲရဲတောက် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ရဲဘော် S4 ဟာ အသက် ၂၁ နှစ်သာရှိသေးပြီး အကြမ်းမဖက်အာဏာရှင်ဆန့်ကျင့်ရေး(CDM) လုပ်ဆောင်ထားတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လို့ မိဘတွေက ကန့်ကွက်နေတာပါ။

သူကတားဆီးတာတွေကို ဂရုမစိုက်ဘဲ သူယုံကြည်ရာလမ်းကို တစိုက်စိုက်မတ်မတ်လျှောက်နေသူဖြစ်ပါတယ်။ လက်နက်မဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်ချုပ်ငြိမ်းသိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရဲဘော် S4 က ဆောင်ရွက်နေတာပါ။

ရဲဘော် S4 ဟာ ရန်ကုန်မြို့ လူစည်ကားတဲ့ ၁၉ လမ်းမှာ အော်လံမိုက်ကိုင်ပြီး “လာမဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ဆို အကြမ်းစစ်တပ်က အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်ပါတော့မယ်ရှင့်။”လို့ အော်ကာ တကိုယ်တော်လှုပ်ရှားမှုပြုခဲ့သူလည်းဖြစ်ပါတယ်။

“၃ နှစ်တာကာလမှာ နိုင်ငံတော်တဝှမ်း ဘယ်လိုဒုက္ခမျိုးစုံကြုံတွေ့ခံစားနေရလဲဆိုတာ ကျမတို့လူထုတရပ်လုံးအနေနဲ့ ကြုံတွေ့သိရှိပြီးဖြစ်ပါတယ်။”လို့ ဆိုကာ လူထုကို ဟောပြောမှုလုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန်မြို့ပြနေလူထုအနေနဲ့ မိသားစုတစုချင်းစီကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းတက်တာ၊ မီးပျက်တာတွေကအစ လူ့အခွင့် အရေးနဲ့ အသက်တွေဆုံးရှူံးနေတာအဆုံး အခုရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့အကျိုးတရားဟာအ ကြမ်းဖက်စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်ဆိုတာကို မမေ့မလျော့ဖို့လိုကြောင်း သူက ဟောပြောခဲ့တာဖြစ်ပါတယ်။

စစ်သားတွေကလည်း သတင်းရတာနဲ့ ချက်ခြင်းရောက်လာကြပေမယ့် ရဲဘော် S4 ရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုကြောင့် ဖမ်းမမိခဲ့ပါဘူး။ ရေဘဝဲရဲ့လှုပ်ရှားမှုတိုင်းလိုလိုက အကြမ်းဖက်စစ်တပ်ရဲ့နားရွက်ကို တံတွေးစွတ်တဲ့ လှုပ်ရှားမှုတွေလို့ ဥက္ကဋ္ဌဖြစ်သူကဆိုပါတယ်။

ဒါ့အပြင်”ရန်ကုန်မှာပြန်ဆုံမယ်”စာတန်းကို လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ရွှေတိဂုံစေတီတော် အရှေ့ဘက် စောင်းတန်း မှာသွားရောက်ချိတ်ဆွဲစဉ်ကလည်း ဂေါပကအဖွဲ့ဝင်လုံခြုံရေးတွေက အော်တဲ့အတွက် အနီးမှ အရပ်ဝတ်နဲ့လူတွေက အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးလို့ ပြေးကြရပါသေးတယ်။

ဒါ့အပြင် အစောင့်အကြပ်တွေများတဲ့မြို့တော်ခန်းမရှေ့က မဟာဗန္တုလပန်းခြံ၊ တော်လှန်ရေးပန်းခြံနဲ့ လူစည်ကားတဲ့ဈေးတွေ၊ စူပါမားကတ်တွေမှာလည်း ” ရန်ကုန်မှာပြန်ဆုံ မယ် “စာတန်းပါအကျီဝတ်ဆင်ပြီး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

“ရှေ့ဆက်ပြီး ကျနော်တို့ရေဘဝဲအဖွဲ့အနေနဲ့ လက်နက်မဲ့နိုင်ငံရေးအံတုမှု ပြောက်ကြားသပိတ်တွေ၊ ပိုမိုကောင်း မွန် တဲ့နည်းတွေနဲ့ လူထုကို ထိရောက်မယ့်စည်းရုံးမှုတွေ အကြမ်းဖက်စစ်တပ်ကို ပိုအထိနာစေမယ့် နားရွက်တံတွေးစွတ်မှုတွေကို ပုံစံမျိုးစုံနဲ့ လှုပ်ရှားသွားဖို့ရှိပါတယ်။”လို့ သူကဆက် ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လည်း ရေဘဝဲအဖွဲ့အနေနဲ့ တော်လှန်ရေးနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

“ဒါကလည်း တစ်ဖွဲ့တစ်ပုဂ္ဂိုလ်တည်းနဲ့မရဘဲနဲ့ တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံး လူမျိုးစုအားလုံးပူးပေါင်း တိုက်ပွဲဝင်မှ ကျနော်တို့ပန်းတိုင်အမြန်ရောက်မှာပါ။”လို့ ရေဘဝဲအဖွဲ့ရဲ့ ဥက္ကဋ္ဌကိုရေဘဝဲကဆိုပါတော့တယ်။

Author:

Related Articles