ကေခိုင်
ရေစကြိုမြို့နယ်က အညာချည်ထည်မျိုးစုံ ထွက်ရှိရာ ဒေသရယ်လို့ နာမည်ကျော်ကြားပါတယ်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်မှာရှိတဲ့ ရေစကြိုမြို့နယ်အနီးဝန်းကျင်က ကျေးရွာတွေက ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြသလို၊ အဲ့ဒီကျေးရွာတွေကနေ ရက်လုပ်တဲ့ အညာချည်စောင်၊ သဘက်၊ ပုဝါ၊ ချည်ထည်၊ အင်္ကျီ၊ ချည်လုံချည်၊ ကချင်ချည်ထည်တို့က မြန်မာနိုင်ငံအနှံ့အပြားမှာကျော်ကြားပါတယ်။
ရေစကြိုမြို့နယ်ကအညာချည်ထည်တွေလို့ဆိုလိုက်တာနဲ့ ချည်ထည်နဲ့သဘာဝဆေးဆိုးထည်တွေလုပ်ဆောင်နေပြီး ရက်ကန်းပညာဖြန့်ဝေနေတဲ့ ရက်ကန်းပညာရှင် တူးတူးကို ချန်ထားလို့မရပါဘူး။
ရေစကြိုမြို့နယ်၊ မြေခဲတောင်ကျေးရွာကအသက် ၄၈နှစ် အရွယ်ရက်ကန်းပညာရှင်တူးတူးက ကိုယ်ပိုင်ရက်ကန်းစင်တည်ထောင်ပြီး၊ ဒေသခံအမျိုးသမီးကြီးငယ်မရွေးဝင်ငွေရအောင်ဖန်တီးပေးနေသလို၊ ဒေသအသီးသီးကအမျိုးသမီး၊ အမျိုးသားလူငယ်လူရွယ်တွေကို ရက်ကန်းပညာသင်ပေးပြီး အလုပ်အကိုင်ရရှိအောင် လုပ်ဆောင်ပေး နေသူတစ်ဦးဖြစ်ပါတယ်။
တူးတူးတို့ရွာက မိရိုးဖလာရက်ကန်းလုပ်ငန်းလုပ်တဲ့ရွာဖြစ်တော့ ငယ်စဉ်ကတည်းကရက်ကန်းနဲ့မစိမ်းခဲ့သလို ဒေသတွင်းကမိန်းကလေးတွေကအရွယ်ရောက်တာနဲ့ရက်ကန်းပညာကို အဘွားတွေအမေတွေအဒေါ်တွေဆီက လက်ဆင့်ကမ်းသင်ယူကြပါတယ်။
တူးတူးကိုယ်တိုင်လည်းရက်ကန်းပညာကိုမိခင်နဲ့အဒေါ်တွေထံကသင်ယူခဲ့ပြီး ငယ်စဉ်ကတည်းက ရက်ကန်းပညာ ကိုဝါသနာပါခဲ့တယ်။ မိသားစုက မပြည့်စုံတော့ အသက် ၁၁နှစ်အရွယ်ကတည်းက အိမ်ကရက်ကန်း အနံသေးစင် မှာလက်သုတ်ပုဝါသဘတ်တို့ကိုကိုယ်တိုင်ခတ်လေ့ရှိသလို အခြားရွာတွေကရက်ကန်းရုံတွေမှာလည်းအငှားလိုက် ခတ်ပြီးအသက်မွေးဝမ်းကြောင်း ပြုနေပါပြီ။
ငယ်စဉ်ကတည်းက ရက်ကန်းခတ်လို့ရတဲ့ ဝင်ငွေလေးနဲ့မိသားစုအတွက်လိုအပ်တာ သုံးစွဲလိုက်၊ ပိုလျှံတဲ့ ငွေလေးနဲ့ချည်ဝယ်ပြီး အထည်တွေခတ်လုပ်ဆောင်ရင်း တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ရက်ကန်း စင်တည်ထောင်နိုင်ခဲ့တယ်။
တူးတူးကတပိုင်တနိုင်ရက်ကန်းခတ်သလိုဒေသအချို့က ရက်ကန်းသင်လိုသူတွေကိုလည် သင်ကြားပေးပါတယ်။ သူသင်ကြားပေးတဲ့သူတွေကကိုယ့်ဒေသမှာရက်ကန်းစင်တည်ထောင်ပြီးလုပ်ဆောင်နေတာမြင်တဲ့အခါသူလည်း ရက်ကန်းစင်တည်ထောင်ဖို့ အကြံရခဲ့ပါတယ်။
သူတို့ရွာက အစဉ်အဆက် ရက်ကန်းနဲ့ အသက်မွေးတဲ့ ရွာဆိုတော့ ရက်ကန်းခတ်လိုသူကို ခက်ခက်ခဲခဲ ရှာစရာမလို၊ လူကြီး လူငယ် ရက်ကန်းခတ်တဲ့အလုပ်လုပ်ကြတော့ သူ့ဆီ ရက်ကန်းခတ်သူတွေများကြပေမယ့် သူက ငွေရေးကြေးရေး အခက်အခဲကြောင့် အကုန်လုံးကိုတော့ အလုပ်မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။
“ခတ်ချင်တဲ့သူတွေများတယ် တူးတူးက နိုင်အောင်မပေးနိုင်ဘူး။ အများကြီးပဲ နိုင်အောင်မလုပ်နိုင်ဘူး၊ အရင်းမရှိလို့သာအခက်အခဲရှိတာ၊ အရင်းရှိသလောက် ပခုက္ကူကို ချည်ဝယ်လိုက် ပြေးလုပ်လိုက်နဲ့” လို့တူးတူးကပြောပါတယ်။
အိမ်မှာရှိတဲ့အနံသေးနဲ့အနံကြီးရက်ကန်းစင်နှစ်စင်နဲ့စတင်ခဲ့တာကနေလက်ရှိမှာရက်ကန်းစင်ခြောက်စင်အထိ ဖြစ်လာခဲ့ပြီး၊ ရွာကအမျိုးသမီးတွေနဲ့ကလေးတွေကို အလုပ်ပေးနိုင်ခဲ့သလို၊ အချို့သူတွေကိုလည်းချည်ပေးပြီးအထည်ပြန်ကောက်တာမျိုးလုပ်ဆောင်ခဲ့ပါတယ်။
ချည်စာနင်းခ၊ ဆေးဆိုးခ၊ ရက်ကန်းခတ်ခ၊ လုပ်သားခတွက်ပြီး သင့်တင့်တဲ့စျေးနဲ့ပြန်လည်ရောင်းချတာကြောင့် ရက်လုပ်သမျှအကုန်အစင်ရောင်းချနိုင်ပေမယ့်အမြတ်ရယ်လို့များများစားစားမရှိတဲ့အတွက်ငွေကြေးလိုအပ်ချက်ကတော့ရှိတယ်လို့ဆိုပါတယ်။
တူးတူးကရက်ကန်းရက်တာဝါသနာပါသလို ရက်ကန်းထည်တွေကို ဆန်းသစ်ပြီး ရက်လုပ်ချင်တယ်။ ငယ်စဉ်ကတည်းကမိသားစုကနွမ်းပါးတာကြောင့်သူများတကာလိုအပွင့်အခက်စုံစုံလင်လင်နဲ့လှပတဲ့အဝတ်အထည်တွေမဝတ်စားနိုင်တော့ ကိုယ်တိုင်တီထွင်ပြီး ပိတ်စပေါ်မှာ ကျောက်ခဲလေးတွေဖိနှိပ်လို့ ဒီဇိုင်းထွင်ရက်လုပ်ခဲ့တာပါ။
ကိုယ်ပိုင်ရက်ကန်းစဉ် တည်ထောင်တဲ့ အခါမှာလည်း ငယ်စဉ်အရွယ်တုန်းက လုပ်ဆောင်တဲ့အတိုင်း သဘာဝဆေးဆိုးနည်းနဲ့ အပွင့်အရွက်တွေပုံဖော်ထားတဲ့ eco print ထည်တွေပါ ရက်လုပ်ခဲ့တယ်။
“စတုန်းကဆို ကိုယ်ဘာသာ ဒီဇိုင်းကောက်တယ်၊ တချို့ဒိုင်ကတွေကမကြိုက်ကြဘူး၊ မယူဘူးဘာညာနဲ့ ဒါပေမယ့် တူးတူး ကောက်တဲ့ ဒီဇိုင်းတွေကပေါက်တယ် လူ ကြိုက်ကြတယ်။”လို့ သူကဆက်ပြောပါတယ်။
သူ့ရက်ကန်းစင်ကနေ အညာချည်စောင်၊ ပုဝါ၊ ခြုံပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ပိတ်အုတ်ရက်လုပ်သလိုသဘာဝဆေးဆိုးထည် eco print နဲ့၊ ရက်ကန်းစင်ပေါ်မှာပဲ ပိတ်အပေါ် ပန်းချီ ဆွဲတာမျိုးစတဲ့ ဒီဇိုင်းအမျိုးမျိုးကို ရက်လုပ်နေပြီးရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်စတဲ့ မြို့နယ်တွေက ပုံမှန်ဝယ်ယူနေကြပါတယ်။
ဒါ့အပြင်တူးတူးကရက်ကန်းပညာသင်ယူသူတွေကိုလည်း ရက်ကန်းပညာလက်ဆင့်ကမ်းသင်ကြားပေးနေပါတယ်။ သူတို့ရွာအပြင် ရွာနီးချုပ်စပ်နဲ့ ဝေးဝေးလံလံ ဒေသတွေက ရက်ကန်းသင်လိုသူတွေက တူတူးကိုသင်ကြားပေးဖို့ ခေါ်တဲ့အခါ ငွေရေးကြေးရေး အဓိကမထားဘဲသွားရောက်သင်ကြားပေးပါတယ်။
“သင်တာကတော့ ယောကျာ်းလေးတွေကိုလည်းသင်တယ်၊ ယောကျာ်း မိန်းကလေးမခွဲဘူး။ ရက်ကန်းရက်တာ ချည်ဆေးဆိုးတာ ချည်နဲ့ပတ်သတ်တာတွေ လူမျိုးဘာသာမခွဲခြားဘဲ သင်ပေးတယ်” လို့ တူးတူးကဆိုပါတယ်။
ရက်ကန်းရက်တဲ့အလုပ်ကိုရှေးယခင်ကတည်းကနေလက်ရှိအချိန်ထိ အမျိုးသမီးတွေလုပ်ကြတာများပေမယ့် ရေစကြိုနယ်ကကျေးရွာတချို့မှာတော့အမျိုးသမီးအမျိုးသားမရွေးရက်ကန်းခတ်တက်ပြီး အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။
အထူးသဖြင့် မြေခဲတောင်ရွာက တစ်ရွာလုံးနီးပါး ရက်ကန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့နှစ်တန်းသုံးတန်းအရွယ်ကလေးငယ်တွေကအစ ရက်ကန်းရက်တာ ချည်ဆေးဆိုးတာတွေကို လုပ်ကိုင်ကြပါတယ်။
“တချို့က ဒီအလုပ်ကို ယောကျာ်းလေးမလုပ်ဘူးလို့တွေးနေတာ တူးတူးတို့ဘက်က အကုန်လုပ်တယ်။ မိသားစုတွေမှာ ယောကျာ်းလေးလည်း ဝင်ရက်လိုက်တာပဲ၊ အဖေတွေ သားတွေကလည်း ရက်ကန်းခတ်၊ ချည်ချ၊ ဆေးဆိုးအကုန်လုပ်တယ်” လို့ ပြောပါတယ်။
ရွာမှာလည်း လုပ်ငန်းရယ်လို့ပဲ၊ နှမ်း ရိပ်သိမ်းရတဲ့ နေ့စားအလုပ်လိုမျိုးလုပ်ကြပြီး ငွေကြေးအားဖြင့် ခြောက်ထောင်ဝန်းကျင်သာရပါတယ်။ နေပူစပ်ကြား မြွေကင်းမကြောက်လုပ်မှ ငွေလေးငါးခြောက်ထောင်ရတဲ့အချိန် အိမ်ထဲနေရိပ်ထဲမှာထိုင်ပြီး ရက်ကန်းခတ်ရင် ငါးထောင်ကနေရှစ်ထောင်ကြားဝင်ငွေရနေတော့ ရက်ကန်းပဲခတ်ကြ တော့တယ်လို့ဆိုပါတယ်။
ဒါ့အပြင်ပခုက္ကူမြို့ကလည်းချည်စောင်၊ ပုဝါ၊ သဘက်စသဖြင့် အညာချည်ထည်တွေမှာ နာမည်ကြီးပေမယ့် ထုတ်လုပ်နေတာက မြေခဲတောင်ရွာဖြစ်တယ်လို့ တူးတူးကဆိုပါတယ်။
“ပခုက္ကူနောက်ကွယ်မှာလက်ရက်ကန်း မှန်သမျှကတူးတူးတို့ရွာပဲ၊ ရေစကြိုရွာမှာလည်း တူးတူးတို့ပဲ မြေခဲတောင်ရွာကရက်ကန်းတအားထွက်တာ တူးတူးတို့ဆီကနေခတ်ပြီး ဒိုင်ကြီးတွေကို ပြန်သွင်းတာ” လို့တူးတူး ကဆက်ပြောပါတယ်။
တူးတူးဆီမှာ ရက်ကန်းပညာလာသင်ကြားသူတွေထဲ ယောကျာ်းလေးတွေက ပိုများပါတယ်၊ ၈တန်း၉တန်းအရွယ်တွေလည်း ပါဝင်သလို သင်ကြားပြီးတဲ့သူတွေမှာလည်း ရက်ကန်းပညာနယ်ပယ်မှာ နာမည်ရနေသူတွေလည်းရှိပြီး၊ အချို့လည်း ကိုယ်ပိုင်ရက်ကန်းလုပ်ငန်းတွေတည်ထောင်ကာ ဖြန့်ချီနေတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
သူ့ဆီမှာလူငယ်နဲ့ ကလေးတွေ သင်ယူတာတွေများပြီး၊ သင်ကြားတဲ့သူတွေကလည်း တက်ထားတဲ့ပညာနဲ့ဒေသတွင်းရက်ကန်းလုပ်ငန်းတိုးချဲ့လုပ်ဆောင်ကြသလို၊ ရက်ကန်းပညာ ပြန့်ပွားအောင် လက်ဆင့်ကမ်းပြန်လည်သင်ကြားကြတာတွေလည်း ရှိပါတယ်။
“ရက်ကန်းခတ် တက်ပြီဆို ရက်ကန်းရွာတွေကို ခေါ်တဲ့အချိန် အငှားလိုက်စားတဲ့သူတွေလည်းရှိတယ်။ သူတို့ အတွက် ဝင်ငွေရလမ်းတခုဖြစ်တယ်။ တချိူ့တွေ ရက်ကန်းကိုချစ်တဲ့သူတွေလည်းသင်ကြပါတယ်။” လို့ သူက ပြောပါတယ်။
ရက်ကန်းပညာကို ချစ်မြတ်နိုးတဲ့ တူးတူးက မိရိုးဖလာရက်ကန်းပညာကို ဒီထက်ပိုတိုးတက်စေချင်ပြီး အရွယ်ရောက်သူတိုင်း တက်ထားစေချင်တဲ့ ဆန္ဒရှိတယ်လို့ဖွင့်ဟခဲ့ပါတယ်။
“ကိုယ့်ရိုးရာတွေ ရက်ကန်းတွေကိုချစ်မြတ်နိုးပြီးတော့ စိတ်ဝင်တစားနဲ့ရှိစေချင်တယ်၊ တချို့ကျတော့လည်း ဒီရက်ကန်းကို စိတ်မဝင်စားကြဘူး၊ ပျင်းစရာကောင်းတယ်ဘာညာနဲ့ တကယ်ကျတော့အလုပ်ဟူသမျှ ဂုဏ်ရှိစွ ပေါ့၊ ကိုယ်ကာယတအားကြီး မဆင်းရဲဘူး”လို့ တူးတူးကပြောပါတယ်။
အထူးသဖြင့် ဝေးလံပြီးအလုပ်အကိုင်ရှားပါးတဲ့ဒေသတွေ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေကသူတွေကို လုပ်ကိုင်စားသောက်နိုင်အောင် ရက်ကန်းပညာ သင်ပေးချင်သလို ရက်ကန်းနဲ့အသက်မွေးတဲ့သူတွေကိုလည်းသမရိုးကျ အဆင်ဒီဇိုင်းတွေအပြင် တိုင်းရင်သားအဆင်ဒီဇိုင်းတွေလည်း သင်ပေးချင်တယ်လို့ဆိုပါတယ်။
“ဒီပညာက လက်နဲ့ရက်တဲ့ ရက်ကန်းပညာက ခေတ်မတိမ်ဘူး၊ တက်ထားရင် မိန်းကလေးတယောက် တကယ် ကြိုးစားခတ်ရင် လေးငါးသိန်းထိဝင်နိုင်တယ်၊ နွမ်းပါးတဲ့သူတွေ အလုပ်အကိုင်မရှိတဲ့သူတွေလည်း ဒီပညာတတ်ထားရင် ငွေကြေးတစ်ခုအနေနဲ့ လုပ်ကိုင်စားသောက်နိုင်မယ်လို့ဆိုတယ်” လို့ဆိုတယ်။
သူ့ကိုလည်း ချင်းမိုင်က မြန်မာလက်မှုအဖွဲ့အစည်းအချို့က လွန်းပျံရက်ကန်းစင်နဲ့ ပတ်သတ်ပြီး သင်ကြားပေးဖို့ ခေါ်ယူထားပေမယ့် ခြေထောက်ကျိုးတဲ့ဒဏ်ရာကြောင့် သွားခွင့်မသာသေးဘဲ အခွင့်ရရင်တော့ ရက်ကန်းပညာကို နေရာအနှံ့ ဖြန့်ဝေချင်တယ်လို့ ဆိုပါတယ်။
“မသေခင်လေးနီးနီးလေးလည်းသွားချင်တယ်။ အဝေးကြီးလည်းသွားချင်တယ်၊ နိုင်ငံခြားလည်း သွားသင်ပေးချင်တယ်၊ ရက်ကန်းလုပ်နေရရင်ပျော်တာ၊ ထမင်းမေ့ဟင်းမေ့ ငတ်ငတ်ပြတ်ပြတ် ဒုက္ခရောက်ရောက်ပဲ။”လို့ တူးတူးကပြောပါတယ်။